သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် စွမ်းဆောင်မှု နှင့် ရှေ့အလားအလာ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အခုအခါ NLD နဲ့ တပ်မတော်တို့ဟာ တစုံတခုသော အတိုင်းအတာရှိ အပြန်အလှန် နားလည်မှုရှိပြီး လက်တွဲဆောင်ရွက်နေကြတယ်လို့ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Christina Fink က ဆိုပါတယ်။ NLD အစိုးရရဲ့ ရရှိထားတဲ့ စွမ်းဆောင်မှုတွေ (၅) နှစ်တာအတွင်း အောင်မြင်နိုင်မှုအလားအလာတွေကို ဒီရက်ပိုင်းအတွင်း မြန်မာပြည်လည်ရောက်ရှိလာတဲ့ ပါမောက္ခ Fink နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


ဦးကျော်ဇံသာ ။ ။ Professor Ms. Fink … အခု မြန်မာပြည်မှာ NLD အစိုးရ အခုအချိန်အထိ လုပ်ဆောင်ခဲ့သမျှ အကောင်းဘက်ကို ဘယ်လောက် ရွေ့လျားလာပြီသလဲဆိုတာကို အရင်ဆုံး ပြောပြချင်ပါတယ်။

Dr. Fink ။ ။ NLD အစိုးရဟာ အတော်လေး တည်ငြိမ်တဲ့ အခြေအနေတရပ်ကို ဖန်တီးထားနိုင်ပါတယ်။ ဒါဟာ အပြုသဘောဆောင်ပါတယ်။ စစ်တပ်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးကို ယုတ်စွအဆုံး အခိုက်အတန့်အားဖြင့် ဖော်ဆောင်ထားပါတယ်။ ဒီလို လုပ်ဆောင်နိုင်တာဟာလဲ NLD က ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို လောလောဆယ် ရပ်ဆိုင်းထားလို့ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ပြင်တဲ့ကိစ္စဟာ စစ်တပ်က အထူးစိုးရိမ်တဲ့ကိစ္စပါ။ အခုတော့လဲ စစ်တပ်ကလည်း NLD အစိုးရနဲ့ လက်တွဲလုပ်ဆောင်နိုင်တယ်လို့ ယုံကြည်လာပါတယ်။ တနည်းပြောရရင်တော့ နိုင်ငံရေးဖိအားတွေ လျော့နည်းသွားတယ်လို့ ပြောချင်တာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို စိန်ခေါ်မှုရှိမှာ မဟုတ်တော့ဘူးလို့ စစ်တပ်က လက်ခံယုံကြည်သွားအောင် NLD အစိုးရက ဆက်လက်လုပ်ဆောင်သွားနိုင်လိမ့်မယ် ထင်ပါသလား။

Dr. Fink ။ ။ ဒီဆက်ဆံရေးမှာ အကြောင်းအချက် အများအပြား ပါဝင်နေတယ်လို့ ထင်ပါတယ်။ NLD နဲ့ စစ်တပ် တစ်သဘောတည်းကျတဲ့ ကိစ္စတွေလည်း ရှိသလို။ သဘောမတိုက်ဆိုင်တဲ့ ကိစ္စတွေလည်း ရှိမှာပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ NLD က စစ်တပ်နဲ့ သဘောတူနိုင်တဲ့ နယ်ပယ်တွေကို ရှာဖွေတွေ့ရှိထားနိုင်ပါတယ်။ စစ်တပ်ဘက်ကလည်း ဒီအတိုင်း ဖြစ်ပါတယ်။ တချိန်ချိန်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ ပြန်ပေါ်လာမှာပါ။ နောက်တခုက တိုင်းရင်းသားအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးယူမယ့်ကိစ္စမှာ စစ်တပ် နဲ့ NLD တို့အကြား ဘယ်လို သဘောတူညီမှု ရရှိထားတယ်ဆိုတာတော့ ကျမတို့ မသိနိုင်သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတဲ့ကိစ္စ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ နောက်ဆုံးရည်မှန်းချက်ကတော့ စစ်တပ် စစ်တန်းလျားကိုပြန်ဖို့၊ နိုင်ငံရေးမှာ နေရာယူထားတာ၊ လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်း နေရာယူထားတာတွေကို ပြန်လည်ရုတ်သိမ်းနိုင်ဖို့ ဖြစ်ပါတယ်။ ဆိုတော့ (၅) နှစ် သက်တမ်းအတွင်းမှာ ဒါတွေကို လုပ်ပေးနိုင်မယ်လို့ ထင်ပါသလား။

Dr. Fink ။ ။ ဒါ ပြောရခက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်မှာ တမျိုးသားလုံး ငြိမ်းချမ်းရေးရပြီဆိုရင် စစ်တပ်က စဉ်းစားမယ်။ ဒါကို ဆွေးနွေးမယ်လို့ ဆိုထားပါတယ်။ နောက် (၅) နှစ်အတွင်း ငြိမ်းချမ်းရေးရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီ (၅) နှစ်အတွင်း ငြိမ်းချမ်းရေး ရနိုင်မလား။ စစ်တပ်က သူတို့အခန်းကဏ္ဍကို လျှော့သွားမလားဆိုတာ အာမခံချက် မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ဆိုတာက စစ်တပ်ပေါ်မှာ အဓိက မူတည်နေပါတယ်။ တပ်သည် ငြိမ်းချမ်းရေးအတွက် အဓိက အဟန့်အတားဆိုတော့ စစ်တပ် နောက်ဆုတ်မှ ငြိမ်းချမ်းရေး ရနိုင်မယ်။

Dr. Fink ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အခုအခါ အဓိက စိုးရိမ်မှုက သူတို့ဒေသတွေမှာ စစ်တပ်ရဲ့ ထိုးစစ်တွေကို အဆုံးသတ်ဖို့။ ပြီးတော့ စစ်တပ်က နေရာအနံှ တပ်စွဲထားမှုတွေကို လျှော့ချပေးရမယ့်ကိစ္စတွေပါ။ ဒီအချက်တွေဟာ လောလောဆယ် ငြိမ်းချမ်းရေးဖြစ်စဉ်ကို တားဆီးနေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ နောက်တခုကတော့ တိုင်းရင်းသားတွေဘက်က လက်နက်ကိုင်အင်အားစုအားလုံးကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်စေချင်ပါတယ်။ ဒါကို စစ်တပ်က အခုထိ လက်မခံသေးပါဘူး။ ဒီကိစ္စမှာ အလျှော့အတင်းတခုတော့ ရှိကောင်းရှိလာနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်ပသုံးသပ်သူတချို့က ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးလုပ်ငန်းဟာ လုံးဝရပ်ဆိုင်းဖို့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အကျိုးစီးပွားနဲ့ ဒီလုပ်ငန်းနဲ့ ပတ်သက်နေတယ်၊ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဆိုတော့ လုံးဝမျက်ကွယ်မပြုထားတောင်မှ မူးယစ်ဆေးလုပ်တဲ့ကိစ္စကိုတော့ နည်းနည်းအလျှော့အတင်း လုပ်ရမယ့်သဘောရှိတယ်ဆိုပြီးတော့ သုံးသပ်ကြပါတယ်။

Dr. Fink ။ ။ ကျမအမြင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့ တပ်ဖွဲ့တွေကို ဆက်ထားချင်တယ်။ သူတို့ အခွင့်အရေးတွေကို အာမခံပေးစေချင်တယ်။ ဒီလို သူတို့တပ်တွေကို ဆက်လက်တည်တန့်အောင်အတွက် သူတို့မှာ ဝင်ငွေ လိုအပ်တယ်။ သူတို့အဖွဲ့အစည်းတချို့က မူးယစ်ဆေးဝါး ကုန်သွယ်ရေးနဲ့ မလွတ်ကင်းကြဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထည့်သွင်းစဉ်းစားရမှာ တချက်က ဒီပဋိပက္ခတွေနဲ့ ပတ်သက်နေတဲ့ စီးပွားရေးကိစ္စတွေကို ဘယ်လို ကိုင်တွယ်ကြမယ်ဆိုတာနဲ့ ယုံကြည်မှု ပြဿနာ ဖြစ်ပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ သူတို့ အခွင့်အရေးတွေအတွက် အာမခံချက်ရှိတယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုရှိဖို့ လိုအပ်ပါတယ်။ အဲဒီနောက် သူတို့တွေ တရားမဝင် စီးပွားရေးလုပ်ငန်းတွေအပေါ် မှီခိုနေမှု လျှော့ချဖို့ ဖြစ်စဉ်ကို စတင်နိုင်မှာပါ။ တကယ်တော့ မူးယစ်ဆေးဝါးအပါအဝင် တခြားသော ဥပဒေအပ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်နေတာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကြီးပဲ မဟုတ်ပါဘူး။ ဆိုတော့ ဒါတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ရမယ့် ကိစ္စပါပဲ။

ဦးကျော်ဇံသာ ။ ။ နောက်ပြဿနာတရပ်ကတော့ ဘာသာရေးကို အခြေခံပြီးတော့ အယူသီးတဲ့ အမျိုးသားရေး၊ ဘာသာရေးအစွဲပြင်းထန်တဲ့ လူတချို့က ခွဲခြားဆက်ဆံလာတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒီကိစ္စကို နိုင်ငံတကာက အများကြီး ဝေဖန်ကြပါတယ်။ အမေရိကန်အစိုးရဆိုရင် ဒီကိစ္စတွေကို အခြေခံပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ထားရှိလာတဲ့ ပိတ်စို့အရေးယူမှုတွေကိုတောင် ရုတ်သိမ်းဖို့ လက်တွန့်နေတာကို တွေ့ရပါတယ်။

Dr. Fink ။ ။ ဟုတ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် သိပ်ကိုပြင်းထန်တဲ့ စိန်ခေါ်မှုတရပ်ပါ။ ဒါပေမဲ့ မကြာသေးခင်ကတော့ ဒီကိစ္စမှာ အစိုးရဘက်က အပြောင်းအလဲ တွေ့လာရပါတယ်။ သံဃာနာယကအဖွဲ့ ကြေညာချက်မှာဆိုရင် မဘသ ဟာ သံဃာအဖွဲ့အစည်း အခြေခံစည်းမျဉ်းတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ဘာသာရေး ခွဲခြားပုတ်ခတ်၊ ရန်ဆောင်မှုတွေကို သည်းခံလိမ့်မည် မဟုတ်ဘူးလို့ အစိုးရက ဆိုပါတယ်။ ဒီလို အပြုအမှုကို ဆက်လက်ပြီး လက်ပိုက်ကြည့်နေမယ် မဟုတ်ဘူးဆိုတာ ပြသလိုက်တာဟာ အပြောင်းအလဲတစ်ရပ် ဖြစ်ပြီးတော့ ပြဿနာ ဖြေရှင်းနိုင်မယ့် လမ်းစလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု NLD အစိုးရ ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ ပြဿနာတခုကတော့ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရား အရည်အချင်း မပြည့်မီတဲ့ကိစ္စ ဖြစ်ပါတယ်။ အတွေ့အကြုံ မရှိဘူး။ အရည်အချင်း မရှိဘူးဆိုတော့ အစိုးရ မူဝါဒကောင်းတွေကို ချမှတ်လိုက်သည့်တိုင်အောင် ဒီမိုကရေစီ အုပ်ချုပ်ရေးယန္တရားက လက်တွေ့ အကောင်အထည် မဖော်နိုင်ဘူးဆိုတာကို တွေ့ရပါတယ်။ ဒီကိစ္စကို NLD အစိုးရအနေနဲ့ မကြာခင် ကျော်လွှားနိုင်မယ့် အလားအလာ တွေ့မိပါသလား။

Dr. Fink ။ ။ အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သက်ပြီးတော့ ပြဿနာ နှစ်ရပ် ရှိတယ်လို့ ကျမ ထင်ပါတယ်။ တစ်ခုက ခြစားပျက်ဆီးမှု။ နောက်တစ်ခုက မူဝါဒတစ်ရပ်ကို လူထုအတွက် အကျိုးရှိအောင် ဖော်ဆောင်နိုင်တဲ့ အရည်အချင်း မရှိတာ ဖြစ်ပါတယ်။ အခု တွေ့မြင်နေရတာကတော့ အစိုးရအနေနဲ့ အဂတိလိုက်စားမှု၊ ခြစားပျက်ဆီးမှု၊ လျှော့ချရေးကို ဂရုစိုက် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးယန္တရားအနေနဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ကြတော့ ပေါ်လစီတွေကို လူထုအကျိုးအတွက် လက်တွေ့လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ အရည်အချင်းတွေက ပိုပြီးအရေးကြီးပါတယ်။ ဒီအတွက် အချိန်တွေ အများကြီး ယူရပါမယ်။ ဒီလို အရည်အချင်း လိုအပ်မှု ရှိနေတာဟာ ဗျုရိုကရေစီမှာသာမကပါဘူး NLD အတွင်းမှာလည်း တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလို စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကြည့်မယ်ဆိုရင် နောင်လာမယ့် (၅) နှစ် အကုန်မှာ မြန်မာပြည်အခြေအနေဟာ ဘယ်လောက်အထိ တိုးတက်နေမယ်လို့ ကျနော်တို့ မျှော်မှန်းနိုင်မလဲ။

Dr. Fink ။ ။ ဒါကတော့ နောက် (၅) နှစ်ကြာရင်ပေါ့၊ ဘယ်လို ဖြစ်လာမလဲဆိုတာကို ပြောရ ခက်ပါလိမ့်မယ်။ အပေါင်းလက္ခဏာ တရပ်အနေနဲ့တော့ တိုင်းပြည်အတွင်းက လူတွေက ယုံကြည်မှုတွေ အားကောင်းပြီးတော့ သူတို့စိတ်ကြိုက် ရွေးကောက်ထားတဲ့ အစိုးရတရပ် ရှိနေပြီ။ တိုးတက်အောင်လုပ်ဖို့ အချိန်လိုအပ်တယ်ဆိုတာကို သိနေကြပါတယ်။ နောက်တဘက်မှာလည်း ပြည်သူလူထု ကြုံတွေ့လာရတဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေ၊ တချို့ဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြစ်ထွန်းလာတဲ့ အာဏာအလွဲသုံးစွဲမှုတွေကို အခုအခါ ဖော်ထုတ်လာနိုင်ကြတယ်။ ပြီးတော့ မြေယာသိမ်းပိုက်ခံရတာတွေ၊ ကျူးကျော်ပြဿနာတွေနဲ့ တခြားပြဿနာတွေကလည်း အစိုးရအနေနဲ့ ရှေ့တိုးနိုင်ဖို့အရေးမှာ စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ စိတ်ဆန္ဒရှိနေတဲ့အတွက် အောင်မြင်ကျော်လွှာနိုင်လိမ့်မယ်လို့ ကျမ ထင်ပါတယ်။ (၅) နှစ်အကြာမှာ ပြေလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ Christina က ပြီးခဲ့တဲ့ သောကြာနေ့ကမှ မြန်မာပြည်က ပြန်လာတယ်ဆိုတော့ မြန်မာပြည်ရဲ့ နေ့စဉ်ဘဝကို မြင်တွေ့ခဲ့ရတာကို ပြောပါအုံး။ ဘယ်လောက် တိုးတက်ပြောင်းလဲလာလဲ။

Dr. Fink ။ ။ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကတော့ သိပ်ထူးခြားလာတယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ လူတွေ စိတ်ထဲမှာတော့ ပိုပြီးတော့ လွတ်လွတ်လပ်လပ် ဖော်ပြခွင့် ရလာတယ်။ အစိုးရပိုင်းက လူတွေကို၊ အရပ်ဖက်အဖွဲ့အစည်းက လူတွေကို သူတို့ရဲ့ ပြဿနာတွေကို ပိုပြီးတော့ ပြောဆိုတင်ပြခွင့် ရလာတယ်လို့ ခံစားလာကြတယ်။ ဒါကြောင့် သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးလာလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝကို အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ထိုင်း၊ မလေးရှားတို့လို နိုင်ငံမျိုးနဲ့ ယှဉ်မယ်ဆိုရင်ကော။

Dr. Fink ။ ။ မြန်မာပြည်သူ အများစုကတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ လုပ်ကိုင်နေကြဆဲပါ။ မြို့တော်မှာလည်း တနေ့လုပ်မှ တနေ့စားရတဲ့ဘဝ။ လစာနည်းပါးပြီးတော့ ခက်ခက်ခဲခဲနဲ့ ဘဝကို ရုန်းကန်နေကြပါတယ်။ လုပ်စရာကိစ္စတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကျမတို့ဟာ လက်တွေ့ကျကျ စဉ်းစားကြရပါလိမ့်မယ်။ သုညကနေ တစ်ရာရာခိုင်နှုန်းကို ရောက်ဖို့က (၃) လအတွင်း (၁) နှစ်အတွင်း (၅) နှစ်အတွင်း ရောက်လာနိုင်လိမ့်မယ်လို့တော့ မဟုတ်ဘူး။ လူထုက လမ်းတွေ့နေပြီ။ ပြီးတော့ လိုအပ်တဲ့ အခြေခံတွေကို အစိုးရက ချမှတ်ပေးနေပြီ ဖြစ်ပါတယ်။ ဆိုတော့ NLD အစိုးရဟာ ပြည်သူအတွက် အများကြီး ဆောင်ရွက်နိုင်မယ်လို့ ဆိုလိုချင်တာပါ။

XS
SM
MD
LG