သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲများနဲ့ မြန်မာနိုင်ငံ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်နေရာ ဒီမိုကရေစီ အစားထိုးဝင်ရောက်မှု ဘယ်အထိ အရှိန်ရနေပြီလဲ။ အတားအဆီးတွေဘာတွေရှိနေသလဲ။ တကယ့် အပြောင်းအလဲကာလ မြန်မာနိုင်ငံမှာ VOA ဗျူရိုအကြီးအကဲအဖြစ်(၂) နှစ်တာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်ခင်စိုးဝင်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

အပြောင်းအလဲများနဲ့ မြန်မာနိုင်ငံ
please wait

No media source currently available

0:00 0:12:03 0:00
တိုက်ရိုက် လင့်ခ်


ဦးကျော်ဇံသာ ။ ။ ဒေါ်ခင်စိုးဝင်း မြန်မာပြည်မှာ တာဝန်ကျခဲ့တဲ့ အချိန်မှာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ကျင်းပတာကို ကိုယ်တိုင်မြင်ခဲ့ရတယ်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ ကူးပြောင်းတာ ကိုယ်တိုင်သတင်းထောက်အနေနဲ့ သိခွင့်မြင်ခွင့် ရခဲ့တယ်ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောစရာတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ ပထမဦးဆုံး ပြောစေချင်တာကတော့ ဒေါ်ခင်စိုးဝင်း ရောက်သွားတဲ့ လွန်ခဲ့တဲ့ (၂) နှစ်ကျော်အချိန်နဲ့ အခု ပြန်ထွက်လာခါနီးအချိန်ဆို (၂) နှစ်ကျော် ခြားခဲ့ပြီပေါ့။ အဓိက ပြောင်းလဲမှု ဘာလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ အဓိက ပြောင်းလဲမှုကတော့ အများပြည်သူ မျှော်လင့်တောင့်တနေတဲ့ ပြည်သူ့အစိုးရ ပေါ်ထွန်းလာတယ်လို့ပဲ ပြောရမှာပေါ့။ ပြည်သူ့အစိုးရ ပေါ်ထွန်းလာတယ်ဆိုပေမယ့်လဲ အများပြည်သူ မျှော်လင့်ချက်က သိပ်ကို ကြီးမားပါတယ်။ ဒီလို ကြီးမားတဲ့အခါမှာ အခု လက်ရှိ အစိုးရအနေနဲ့လဲ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတာပါ။ နိုင်ငံရေးအရ ပြောင်းလဲတယ်လို့ ပြောနိုင်ပေမယ့် အုပ်ချုပ်ရေးပိုင်းမှာတော့ သိပ်အပြောင်းအလဲ မမြင်ခဲ့ရဘူးရှင့်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေး ပြောင်းတယ်ဆိုပေမယ့် လွှတ်တော်ထဲမှာ လူထုကိုယ်စားလှယ်စစ်စစ် သုံးကြတာပေါ့ - ပါလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားတို့ ကိုယ်စားပြုပြီးတော့။ ဒါပေမဲ့ စစ်တပ်က လုံးဝနောက်မဆုတ်သေးဘူး။ အုပ်ချုပ်ရေး မဟုတ်ဘဲနဲ့၊ ဥပဒေပြုတဲ့အပိုင်းမှာ တွေ့ရတယ်။ ဆိုတော့ လွှတ်တော်အနေနဲ့ ဘယ်လောက် ရှေ့ကို တိုးသွားပြီ ထင်ပါလဲ။ လူထုဆန္ဒကို ဘယ်လောက် အကောင်အထည် ဖော်နိုင်လဲ။ လူတွေ ဖြစ်စေချင်တာကို စစ်တပ်ရဲ့ အတားအဆီး၊ အဟန့်အတား၊ လုံးဝမရှိဘဲနဲ့ ဖော်ဆောင်နိုင်တဲ့ လွှတ်တော် ဖြစ်နေပြီလား။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီလိုပါ … လွှတ်တော်ဆိုတာ ဥပဒေပြုရေးမဏ္ဍိုင်ပါ။ မဏ္ဍိုင်ကြီး (၃) ရပ်မှာ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေကတော့ တစုံတခုသော အတိုင်းအတာအထိ အောင်မြင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်မှာ အဆိုတရပ်တင်လိုက်တယ်ဆိုရင် ပြည်သူ့ဘက်တော်သားခေါ်တဲ့ ပြည်သူ့လွှတ်တော်အမတ်တွေရဲ့ မဲဆန္ဒက များတဲ့အခါကြတော့ ဥပဒေ ပြုပြင်ပြောင်းလဲချင်တဲ့ ဥပဒေတရပ်ကို အသစ် ပြဌာန်းချင်တယ်ဆိုရင် အတော်လေးကို ခရီးပေါက်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်မှာကြတော့ ဘယ်လို ဖြစ်သလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ အစိုးရလို့ပဲပြောပြော၊ သမ္မတကြီးဦးထင်ကျော် အစိုးရလို့ပဲပြောပြော ပြဿနာက တကယ့်အောက်ခြေပိုင်းမှာက ထွေအုပ်လို့ခေါ်တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနလက်အောက်က ရပ်ကျေးအဆင့်ဆင့်၊ မြို့နယ်အဆင့်ဆင့် အားလုံးက သူတို့ လက်ထဲမှာပဲ အာဏာက ရှိနေပါသေးတယ်။ အဲဒီတော့ ပြည်သူလူထုက ဒီကိစ္စကို မမြင်ရသေးဘူး။ အဲဒီ Process က သွားနေတုန်းပဲ ရှိနေသေးတယ်။ အဲဒီ အပြောင်းအလဲ မဖြစ်ပေါ်သေးသ၍တော့ ပြည်သူလူထု၊ အောက်ခြေလူတန်းစားတွေအတွက်က သိပ်ပြီးတော့ ထိထိရောက်ရောက် အုပ်ချုပ်ရေးပိုင်းမှာ အပြောင်းအလဲ မြင်ရတယ်လို့ ကျမ သုံးသပ်လို့ မရသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ အဓိက မပြောင်းလဲနိုင်သေးတာ တပ်မတော်က ရွေးချယ်တဲ့ ဝန်ကြီးဌာန ဖြစ်နေလို့လား။ သို့တည်းမဟုတ် ထွေအုပ်အောက်ခြေကအစ လူတွေ မပြောင်းနိုင်လို့လား။ ဘယ်လိုကြောင့်လဲ။

ဒေါ်ခင်စိုးဝင်း ။ ။ လူတွေ လောလောဆယ် အစားထိုးတာတော့ ကျမ မတွေ့ခဲ့ရသေးဘူး။ တချို့နေရာတွေမှာဆို ဥပမာ ရုံးတွေမှာ သမ္မတပုံ ချိတ်ထားတာကအစ ပြီးခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်ပုံ ချိတ်ထားလျှက် ရှိတယ်လို့ ဦးထင်ကျော် ပုံကို မတင်သေးဘူးလို့ အဲဒီ ဝေဖန်သံတွေကို ကြားခဲ့ရတယ်။ တချို့ကျောင်းတွေမှာတောင် ဓါတ်ပုံပြောင်းချိတ်တာ မရှိသေးတဲ့ ကျောင်းတွေလည်း ရှိတယ်လို့ ကြားသိရပါတယ်။ အဲဒီတော့ အောက်ခြေလူတန်းစားက နှစ်ပေါင်း (၅၀) ကျော် ခေါက်ရိုးကျိုးလာတဲ့ အစိုးရဝန်ထမ်းတွေရဲ့ စိတ်ဓါတ်တွေကလည်း ရုတ်ချည်းပြောင်းဖို့ဆိုတာ မလွယ်သေးဘူး။ အဲဒီအခါကြတော့ အပြောင်းအလဲကို မျှော်လင့်တောင့်တနေတဲ့ ပြည်သူလူထုက အားမလိုအားမရ ဖြစ်နေကြတာတော့ အမှန်ပဲ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လွှတ်တော်ကနေ ဥပဒေတခု စောစောက ဒေါ်ခင်စိုးဝင်း ပြောသလို လူထုရဲ့ ဆန္ဒနဲ့ ကိုက်ညီမယ့်ဟာကို ပြဌာန်းနိုင်ပြီ ဆိုပါစို့။ ဒါပေမဲ့ အဲဒီဥပဒေကို အကောင်အထည်ဖော်ရမယ့် အဖွဲ့အစည်းက များသောအားဖြင့် ဒီနေရာမှာ ထွေအုပ်လို့ ထင်ပါတယ်။ ဆိုတော့ အဲဒီ ဥပဒေဟာ ဟိုမရောက်ဒီမရောက် ဖြစ်နေတာပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ပါတယ်။ ဥပမာဆိုလို့ရှိရင် ဧည့်စာရင်းတိုင်းတဲ့ကိစ္စမျိုးကိုတော့ အားလုံးက မကြိုက်နှစ်သက်တဲ့ အတွက်ကြောင့်မို့ ဒါကတော့ အောင်မြင်သွားတယ်လို့ ခေါ်ရမှာပေါ့။ ဒီကိစ္စမှာတော့ ပြဿနာ မရှိတော့ဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့ တခြားလိုအပ်ချက်တွေကတော့ တရားစီရင်ရေးဆိုရင်လဲ အဂတိလိုက်စားမှု အများဆုံးလို့ သုံးသပ်ချက် ချထားတာ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ပြောထားတာ ရှိပါတယ်။ တရားစီရင်ရေးပိုင်းမှာလဲ ဒီကနေ့အထိ ဘယ်လိုမှ ကိုင်တွယ်လို့ မရသေးတဲ့ အကျင့်ပျက် ခြစားမှုတွေ ရှိနေသေးတယ်လို့ ကျမ သုံးသပ်မိပါတယ်ရှင့်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အကြမ်းမျဉ်း ပြောရမယ်ဆိုရင် ဥပဒေ ပြုနိုင်တာကလွဲလို့ အုပ်ချုပ်ရေးမဏ္ဍိုင်ကလဲ သိပ်ပြီးတော့ အားမရစရာ ဖြစ်နေသေးတယ်။ တရားစီရင်ရေးမဏ္ဍိုင်ကလဲ လစ်ဟနေသေးတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ အဓိကအားဖြင့် တပ်မတော်ရဲ့ လက်အောက်မှာ ရှိနေသေးတယ်လို့ ပြောနိုင်ပေမယ့်၊ တရားစီရင်ရေးဆိုတာက တကယ်တော့ ဘယ်လက်အောက်မှာမှ မရှိရဘူးပေါ့။ တရားသူကြီးကိုလဲ တကယ်တော့ စစ်တပ်က ခန့်တာမဟုတ်ဘူး။ ဘာကြောင့် တရားသူကြီးတွေ၊ တရားစီရင်ရေးလောက က လူတွေက အဓိက ပြဿနာ ဖြစ်နေတာ ဘာလဲ။ အကျင့်ပျက်တာလား။ ပိုက်ဆံလိုချင်လို့လား။ ဘယ်လိုလို့ ထင်ပါလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ဘာကြောင့် အဂတိလိုက်စားနေလဲဆိုတဲ့ ဇစ်မြစ်ကို ရှာဖွေတဲ့အခါမှာ စားဝတ်နေရေး မဖူလုံလို့ ပြောကြမယ်။ နောက်ပြီးတော့ အစစအရာရာ လိုအပ်ချက်တွေ လောဘတွေ တက်ကြတယ်။ အဲဒီလို ဖြစ်ကြတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကနေ ကဲ လက်ဆောင် ယူတာကအစ အတိုင်းအတာတခုအထိ ကန့်သတ်လိုက်တယ်။ ပြီးတော့ ကြပ်မတ်ခဲ့တယ်။ ဒါပေမဲ့လို့ စစချင်းမှာပဲ ဖြစ်သွားတဲ့ကိစ္စကြီးတခု ရှိပါတယ်။ မီဒီယာဌာနကြီးတခုကနေ ဝန်ကြီးအသစ်ရဲ့ ကိုယ်ရေးအရာရှိကို ဘယ်လောက်ဘယ်လောက် ပေးတဲ့ဆိုတဲ့ကိစ္စ တက်လာတယ်။ ဒီလိုမျိုးပဲ တရားစီရင်ရေး နယ်ပယ်မှာ အောက်ခြေမှာ မြို့နယ်၊ ခရိုင်အဆင့်တွေမှာ အဂတိ လိုက်စားမှုတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် လက်လှမ်းမီမလဲ။ အဂတိ လိုက်စားမှုကို ဘယ်လို ထိန်းချုပ်မလဲဆိုတာ အခု NLD အစိုးရ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လောက် လက်လှမ်းမီမလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားစီရင်ရေးမှာ ခြစားပျက်ဆီးတဲ့ လူတွေကို ဥပမာအားဖြင့် စံနမူနာအဖြစ်နဲ့ အရေးယူပြတာမျိုး လုပ်မယ်ဆိုရင် ဘယ်သူက ဟန့်တားနိုင်မလဲ။ သူတို့ကို စစ်တပ်က ခန့်ထားတဲ့ တရားသူကြီး မဟုတ်ပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒါတော့ ကျမ မပြောတတ်ဘူးရှင့်။ နည်းနည်း နမူနာအနေနဲ့ စံနမူနာအနေနဲ့ အရေးယူပြလိုက်မယ် ဆိုရင်တော့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဒီနေ့အထိ ကျမ ပြန်လာတဲ့အချိန်အထိ ကျမနဲ့ သိတဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ သူတို့ ရင်ဆိုင်နေရတဲ့ အမှုတွေကို သုံးသပ်တဲ့အခါမှာ တရားသူကြီးတွေ လာဘ်စားနေတဲ့ကိစ္စတွေက မပြီးပျောက်သေးပါဘူး။ မပျောက်သွားသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒေသန္တရ အုပ်ချုပ်ရေး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့ရဲ့ အခြေအနေကိုလည်း နည်းနည်းပြောစေချင်ပါတယ်။ အဲဒီ ဒေသတွေမှာကော အခုန မဏ္ဍိုင် (၃) ရပ်ကိုပဲ အဓိကထား ပြောကြပါစို့။ ဘယ်လောက် တိုးတက်မှု၊ ပြောင်းလဲမှု ရှိပါလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမ လေ့လာမိသလောက်တော့ NLD အစိုးရကနေ ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်တွေကို ဥပမာ ရခိုင်ပြည်နယ်မှာဆိုရင် ANP က အများစုရတယ်။ NLD က သဘောကျတဲ့ ဝန်ကြီးချုပ်ကို ခန့်ထားတယ်။ အဲဒီအခါမှာ ရခိုင်ပြည်နယ်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင် နဲ့ အုပ်ချုပ်ရေးအပိုင်းမှာ နည်းနည်းလေး အဖုအကျိတ်လေးတွေ ဘဝင်မကျတာတွေ ရှိပါတယ်။ အလားတူပဲ ရှမ်းပြည်နယ်မှာလည်း ဒီလိုပဲ။ မွန်ပြည်နယ်မှာလည်း ဒီလိုမျိုး ရှိပါတယ်။ နောက် မကွေးတိုင်းမှာဆိုရင်လည်း ဝန်ကြီးချုပ်ကိုယ်တိုင်ကို နည်းနည်းခြိမ်းခြောက်တာတွေ၊ ပြဿနာလေးတွေ ရှိတယ်လို့ ကြားဖူးပါတယ်။ အဲဒီလို ပြည်နယ်တိုင်း ဒေသအသီးသီးမှာလည်း အကုန်လုံး မဟုတ်ရင်တောင်၊ တချို့ဒေသတွေမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက အများကြီး ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက စီးပွားရေး ဘယ်လောက် တိုးတက်လာတယ်လို့ မြင်ရပါလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ပြည်သူလူထုကတော့ ကြံ့ကြံ့ခံတယ်လို့ပဲ ပြောရမလား မသိဘူး … အင်္ဂလိပ်လို့တော့ Perseverance ပြောရမလား မသိဘူး။ တော်တော်လေးကို ဒူပေနာပေ ခံကြပါတယ်။ သူတို့က ငါတို့ အစိုးရ တက်လာပြီ … မီးပျက်လည်း သည်းခံကြမယ်အပိုင်း ရှိသလိုမျိုး၊ NLD အစိုးရ တက်လာပြီ မီးတွေကလဲ ပျက်တုန်းပဲ … ပိုတောင်မှ ပျက်လာသေးတယ် … ဘာထူးလို့လဲလို့ ဝေဖန်တဲ့ သူတွေလည်း ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ခံနိုင်ရေးက ဘယ်လောက် ကြာကြာခံမလဲ။ မကြာခင် ငြီးငွေ့လာမှာပေါ့။ အခုနပြောတဲ့ မီး၊ ရေ အခြေခံလေးတွေ ပြေလည်နိုင်မယ့် အလားအလာကော နီးနီးကပ်ကပ် ရှိပါရဲ့လား။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံခြား အကူအညီတွေကလည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာတဲ့အခါမှာ အလုံးနဲ့အရင်းနဲ့ ဝင်လာပြီးတော့ ကမ်းလှမ်းတာတွေ အများကြီး ရှိပါတယ်။ အဲဒီတော့ အခု ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအားလုံးကို ချက်ချင်းကြီး မပြေပျောက်ရင်တောင်မှ မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပြေလည်သွားဖို့ ရှိတယ်လို့ ကျမ ခန့်မှန်းပါတယ်။ နိုင်ငံတကာ ဧည့်သည်တွေကလည်း အများကြီး တန်းစီးနေတော့ နေ့စဉ်သတင်းစာတွေမှာ ကူညီပေးမယ်ဆိုတာတွေ အများကြီး တွေ့နေရတော့ ဘာပဲပြောပြော အပြုသဘောဆောင်တယ်လို့ ပြောရမှာပါ။

ဦးကျော်ဇံသာ ။ ။ အခု ဒေါ်ခင်စိုးဝင်း အခု ရှင်းပြတာနဲ့ ပတ်သက်ပြီးတော့ တခု မေးစရာ ရှိတာက ယနေ့ပဲ အမေရိကန်ပြည်ထောင်စုက သူတို့ရဲ့ လူကုန်ကူးမှု အစီရင်ခံစာ ထွက်တဲ့ထဲမှာ မြန်မာနိုင်ငံကို အဆင့် (၂) ကနေ အဆင့် (၃) ကို လျှော့ချလိုက်မယ်ဆိုပြီး ဆုံးဖြတ်ပါတယ်။ အခုပဲ အတည်ပြုတဲ့သတင်း ထွက်လာပါပြီ။ ဘာကြောင့်လဲဆိုတော့ လူကုန်ကူးမှု ခံရတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်စောင့်ရှောက်ဖို့အတွက် အလုံအလောက် အားထုတ်မှု မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်ပါတယ်။ ဆိုတော့ ဒီသတင်းဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ စီးပွားရေးအတွက် နမိတ်မကောင်းဘူးလို့ သုံးသပ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Sanction တွေ ထိနိုင်တယ်။ IMF, World Bank တို့ ကမ္ဘာ့အကူအညီတွေကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဆိုတော့ အဲဒီအခြေအနေကို နည်းနည်းပြောပါ။ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက ဆုံးဖြတ်အရေးယူခံရလောက်အောင် မြန်မာနိုင်ငံက ဆိုးနေသေးတယ် ထင်ပါလား။ သတင်းသမားတဦးအနေနဲ့ ပြောပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမအမြင် ပြောရရင်တော့ အခြေအနေက အဲဒီလောက်တော့ မဆိုးပါဘူးရှင့်။ ဒါပေမဲ့ စီးပွားရေး အခြေအနေအရ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိဘူး။ လုပ်စားကိုင်စားစရာ အခွင့်အလမ်းတွေ မရှိဘူးဆိုပြီးတော့ နိုင်ငံခြားကို ထွက်ဖို့ကြိုးစားကြတယ်။ အဲဒီအခါမှာ လူကုန်ကူးတဲ့ လူပွဲစားတွေနဲ့တွေ့ပြီးတော့ လူကုန်ကူးခံရတဲ့ ပြဿနာတွေ အများကြီးပါပဲ။ အရွယ်မရောက်သေးတဲ့ ကလေးတွေ အပါအဝင်၊ အမျိုးသမီးငယ်လေးတွေ အဲဒါတွေ ရှိပါတယ်။ အဲဒီတော့ လူကုန်ကူးမှု ပြဿနာဆိုတာက နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး မဖူလုံတာကြောင့် ထွက်သွားတာကြောင့် အခုလောလောဆယ် မြန်မာနိုင်ငံရဲ့ အခြေအနေက အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေထဲမှာ အဆင်းရဲဆုံးနိုင်ငံ တနိုင်ငံ ဖြစ်နေတော့ လူကုန်ကူးမှုပြဿနာ မဖြေရှင်းနိုင်သေးဘူးဆိုတာ အဆန်းမဟုတ်ပါဘူး။ မသမာတဲ့လူတွေ ရှိနေသေးသရွေ့တော့ လူကုန်ကူးမှု ပြဿနာ ဖြစ်နေမှာပါ။ ဒါပေမဲ့ အာဏာပိုင်တွေအနေနဲ့ လူကုန်ကူးမှု ပြဿနာကို ဖြေရှင်းဖို့နေရာမှာ လုပ်နေတဲ့လို့၊ အတိုင်းအတာတခု ပါဝင်နေတယ်လို့ ထင်ပေမယ့်လို့ တကယ်တမ်း သတ်မှတ်ထားတဲ့ သူတို့ရဲ့ Criteria မပြည့်မီတဲ့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုက အဆင့်နိမ့်ချလိုက်တာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး သိပ်မေးချင်တဲ့ မေးခွန်းလေးတခုကို မေးချင်ပါတယ်။ အဲဒါက တလောက Twilight Over Burma ဆိုတဲ့ ရုပ်ရှင်ကားကို မပြရဘူးလို့ ပိတ်လိုက်တော့ တော်တော်အံ့အားသင့်သွားကြတယ်။ ဒီကိစ္စမှာ ပြန်ကြားရေးဝန်ကြီးရဲ့ အဆုံးအဖြတ် ဘယ်လောက်ပါလဲ။ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလေသလား။ စစ်တပ်က ကန့်ကွက်တာ မဟုတ်ဘူးလို့တော့ ရုပ်ရှင်ပြဖို့လုပ်တဲ့ အဖွဲ့အစည်းတွေက ဆိုကြပါတယ်။ ဒေါ်ခင်စိုးဝင်း ဒီကိစ္စကို ဘယ်လို သုံးသပ်လိုပါလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီ ရုပ်ရှင်ဆင်ဆာအဖွဲ့ထဲမှာ ကျမကိုယ်တိုင် ပါပါတယ်။ အကဲဖြတ်ဒိုင်လူကြီးအဖြစ် ပါပါတယ်။ ကျမ ကြည့်ရတဲ့ ကားပေါင်း (၂၁) ကားမှာ အဲဒီ Twilight Over Burma မှာ ပါတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍထက် ပိုဆိုးတဲ့ အဖြစ်အပျက်တွေကို တကယ်ရိုက်ထားတာ။ ဥပမာ ကလေးစစ်သားကိစ္စဆိုလို့ရှိရင် တပ်မတော်တပ်ကြပ်ကြီးတယောက်ကနေ (၇) တန်းကျောင်းသားလေးကို ခေါ်အသုံးချပြီးတော့ စစ်သားစုဆောင်းသွားတဲ့ကိစ္စဆိုရင် ယနေ့လက်ရှိ တပ်မတော်ရဲ့ လွန်ခဲ့တဲ့ နှစ် (၅၀) က တပ်မတော် မဟုတ်ဘူး။ ယနေ့ လက်ရှိ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို လုံးဝမှေးမှိန်စေတာပါ။ နောက်တခုဆိုရင် လယ်ယာမြေ သိမ်းတဲ့ကိစ္စမှာဆိုရင် လယ်ယာမြေ ရာနဲ့ချီ သိမ်းခံရတဲ့ လယ်သမား။ သိမ်းသွားတာက တပ်မတော်က သိမ်းသွားပါတယ်။ တစ်ဧကကို (၁၂) ကျပ်နှုန်းနဲ့ ပေးတယ်ဆိုပြီး ဒီကနေ့ တပ်မတော်ကို ပြောတာပါ။ လွန်ခဲ့တဲ့ အနှစ် (၅၀) က တပ်မတော်ကို ပြောတာမဟုတ်ဘူး။ အဲဒီတော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ ပြောတဲ့အခါမှာ အဲဒီ ရုပ်ရှင်ကားတွေကို ပြသခွင့်ပေးပြီးတော့ လွန်ခဲ့တဲ့ အနှစ် (၅၀) က ရုပ်ရှင်ကားကို တပ်မတော် ဂုဏ်သိက္ခာ မှေးမှိန်မှာဆိုလို့ မပြသခိုင်းဘူးဆိုတာတော့ ကျမ စဉ်းစားလို့ မရဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒါ ဘယ်သူတွေက အစိုးရိမ်လွန်သလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမထင်တာ ဆင်ဆာဘုတ်အဖွဲ့ ရှိတယ်လို့ ပြောလို့ရှိရင် ဆင်ဆာဘုတ်အဖွဲ့ကနေ ဒါကတော့ ပြီးခဲ့တဲ့ သူတို့ရဲ့ အဖေကြီးတပ်မတော်ကနေ လုပ်ခဲ့တဲ့ကိစ္စဆိုတော့ ဒါ ဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ဆိုပြီး ပိတ်ပင်လိုက်တယ်လို့ သုံးသပ်ပါတယ်။

XS
SM
MD
LG