သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး အနည်းငယ်ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်ခန့်မှန်း


ရန်ကုန်မြင်ကွင်း
ရန်ကုန်မြင်ကွင်း

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၂ နှစ်ဆက်တိုက် အားကောင်းခဲ့ရာကနေ ဒီနှစ်မှာတော့ အနည်းငယ် ပြန်လည် ကျဆင်းသွားတဲ့အကြောင်း ကမ္ဘာ့ဘဏ်က ဒီကနေ့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာတွေကို လေ့လာစောင့်ကြည့်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၆ ခုနှစ် မေလ အစီရင်ခံစာ ဒီကနေ့ထုတ်ပြန်တာမှာ ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၈.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာတော့ ၇ ရာခိုင်နှုန်းပဲ ရှိတဲ့အကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတာပါ။ မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်း မိုးများပြီး ရေကြီးရေလျှံမှုတွေ ကြောင့် ကုန်ထုတ်လုပ်မှုတွေနဲ့ ပြည်ပ တင်ပို့ကုန်တွေ ထိခိုက်ခဲ့ရသလို၊ ရွေးကောက်ပွဲနဲ့အတူ နိုင်ငံရေးအပြောင်းအလဲကာလ စိုးရိမ်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ နှေးကွေးသွားတာတွေဟာ စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းစေတဲ့ အကြောင်းရင်းတွေ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ပါတယ်။

အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ အကန့်အသတ်တွေ ဆက်ပြီးရှိနေသေးတာ၊ ငွေလဲနှုန်း မတည်ငြိမ်တာနဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မား တာတွေကလည်း စီးပွားရေး တိုးတက်မှုကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းတယ်ဆိုပေမဲ့လည်း ကမ္ဘာပေါ်က စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားတဲ့နိုင်ငံတွေထဲ မှာတော့ မြန်မာနိုင်ငံ ပါဝင်နေဆဲဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်က သုံးသပ်ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ စတင်ရှိလာခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ မြန်မာအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျော့ပါးသွားခဲ့သလို၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း အရင်ထက် ပိုပြီးများလာခဲ့ပါတယ်။ ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရ ငြိမ်းငြိမ်းချမ်းချမ်း တာဝန်လွှဲပြောင်း ယူနိုင်ခဲ့တာကြောင့် လည်း မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာအပေါ် မျှော်လင့်ချက်တွေ တိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG