သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခကြားက အသွင်ကူးပြောင်းမှု


World Bank said Myanmar economy is navigating significant uncertainty and forecast drop in GDP.
World Bank said Myanmar economy is navigating significant uncertainty and forecast drop in GDP.
ပဋိပက္ခကြားက အသွင်ကူးပြောင်းမှု
please wait

No media source currently available

0:00 0:05:34 0:00
တိုက်ရိုက် လင့်ခ်







===ZawGyi===

အနှစ် (၅၀) ကျော်ကြာ အာဏာရှင်စနစ် ကြီးစိုးခဲ့တဲ့ နိုင်ငံကို အသွင်ကူးပြောင်းဖို့ ကြိုးပမ်းလာတာ (၁၀) နှစ်နီးပါး ရှိလာခဲ့ပြီဖြစ်ပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာသေးတာကို တွေ့ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခရှိနေတဲ့ကြားက စီးပွားရေး၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးစတဲ့ နယ်ပယ် (၃) ခုမှာ တပြိုင်နက်တည်း အသွင်ပြောင်းဖို့ ရွေးကောက်ပွဲ အစိုးရတွေ ကြိုးပမ်းကြပုံကို သုံးသပ်ထားတဲ့ Economic Transition Amid Conflict ဆိုတဲ့ စာမျက်နှာ (၁၅၂) မျက်နှာ အစီရင်ခံစာကို ကမ္ဘာ့ဘဏ်အုပ်စုက မကြာမီက ထုတ်ဝေပါတယ်။ အစီရင်ခံစာမှာ ပါဝင်ရေးသားကြသူ ပညာရှင် (၅၈) ဦးထဲမှာ မြန်မာပညာရှင် (၇) ပါဝင်တာကို တွေ့ရပါတယ်။

ရွေးကောက်ပွဲအစိုးရစနစ် စတင်ကျင့်သုံးလာတဲ့ ၂၀၁၁ ကစပြီး စီးပွားရေးဟာ ပျမ်မျှနှုန်း (၇) ရာခိုင်နှုန်းလောက်နဲ့ တိုးတက်လာတဲ့အတွက် လူနေမှုအဆင့်အတန်း တိုးတက်လာပြီး၊ ဆင်းရဲနွမ်းပါးသူဦးရေ ကျဆင်းလာပါတယ်။ နေပြည်တော်ကို အစိုးရရွေ့ပြောင်းခဲ့တဲ့ (၂၀၀၅) ခုနှစ်မှာ မြန်မာပြည်သား တဝက်နီးပါးဟာ ဆင်းရဲကြပေမယ့် (၂၀၁၇) ရောက်တဲ့အခါမှာ ဆင်းရဲသားဦးရေဟာ (၂၀၀၅) မှာ (၅၀) ရာခိုင်နှုန်းရှိရာက (၂၀၁၇) မှာ (၇) ရာခိုင်နှုန်းသာ ရှိတော့တာမို့ ရွေးကောက်ပွဲအစိုးရလက်ထက်မှာ ကောင်းမွန်လာတာ ထင်ရှားပါတယ်။

ဒါပေမဲ့ အားလုံးအကျိုးခံစားရရေးနဲ့ ဆင်းရဲမှုနည်းပါးရေး စတာတွေမှာတော့ မျှော်လင့်ထားသလို ဖြစ်မလာဘူးလို့ ကမ္ဘာ့ဘဏ်အုပ်စုက ဆိုပါတယ်။ ရွေးကောက်ပွဲအစိုးရခေတ်မှာ စီးပွားရေးတိုးတက်လာတယ်ဆိုပေမယ့် ဒေသအတွင်း အခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ မြန်မာနိုင်ငံအခြေအနေဟာ အားရစရာမရှိဘူးလို့ ဖော်ပြထားပါတယ်။ တိုင်းပြည်တိုးတက်တဲ့နှုန်းကို လူဦးရေ (၄၀) ရာခိုင်နှုန်းက မီအောင်မလိုက်နိုင်ဘဲ ဖြစ်နေတာဟာ ထင်ရှားတဲ့ မြန်မာနိုင်ငံရဲ့ အားနည်းချက်တခု ဖြစ်ပါတယ်။ စီးပွားရေးအသွင်ကူးပြောင်းနေစဉ် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာပါတယ်။ အရင်းအနှီး၊ အတတ်ပညာနဲ့ အသိအကျွမ်းရှိသူတွေဟာ ကြီးပွားချမ်းသာလာကြပါတယ်။ ကျေးလက်ဒေသနဲ့ ပဋိပက္ခဖြစ်ရာဒေသကတော့ မြို့ပြဒေသကို မမီနိုင်ဘဲဖြစ်နေပါတယ်။ NLD အစိုးရလက်ထက်မှာ အသွင်ကူးပြောင်းမှု အရှိန်အဟုန် ကျဆင်းလာပါတယ်။

စရိတ်အကုန်အကျများလွန်တဲ့အတွက် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ စီးပွားရေးမှာ ပါဝင်လာနိုင်မှု နှေးကွေးနေပါတယ်။ အစိုးရစာရင်းအရ (၂၀၁၂) မှာ မှတ်ပုံတင်ထားတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းပေါင်း (၃၀၄၀၇) ရှိရာက (၂၀၁၅) မှာ (၅၈၈၇၈၉) ရှိလာပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကဏ္ဍကို နိုင်ငံခြားကုမ္ပဏီအပါအဝင် စီးပွားရေးကော်ပိုရေးရှင်းတွေက ကြီးစိုးထားဆဲ ဖြစ်ပါတယ်။ အာဆီယံအသင်းဝင် ဖြစ်လာတာ အနှစ် (၂၀) ကျော်လာပေမယ့် ဒေသဆိုင်ရာဈေးကွက်နဲ့ အဆက်အဆံနည်းတာကြောင့် ကမ္ဘာ့ကုန်သွယ်ရေးမှာ ဝင်ဆံ့ဖို့ ခက်ခဲနေပါတယ်။ ကမ္ဘာနဲ့ ရင်ဘောင်တန်နိုင်အောင် ကြံဆနိုင်တဲ့ လုပ်ငန်းဦးရေ အလွန်နည်းပါတယ်။ ဆင်းရဲမှုလျှော့ချရေးမှာ အဓိကဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍဟာ အပြည့်အဝဖွံ့ဖြိုးဖို့ အလားအလာ နည်းပါးနေတယ်လို့ ဆိုပါတယ်။

ကျေးလက်ဆင်းရဲသား (၇၀) ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးမှာ လုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးမှာ ဝင်ငွေကောင်းရင် ဆင်းရဲမှု လျော့ကျလာနိုင်ပါတယ်။ ပြည်ပမှာ ဈေးကွက်ပွင့်လာတာကို ကောင်းစွာတုံ့ပြန်နိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြုပ်နံှဖို့ အားနည်းနေတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးရဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ဆည်မြောင်း၊ စိုက်ပျိုးရေးပညာပေးနဲ့ ဈေးကွက်ဝန်ဆောင်မှုဘက်မှာ အားနည်းနေပါတယ်။ အခြေခံအဆောက်အအုံ အရည်အသွေးနိမ့်နေရင် ထုတ်လုပ်မှုကို ထိခိုက်လာတာမို့ ဝင်ငွေလည်းနည်းပါးလာနိုင်ပါတယ်။ စီးပွားရေးတိုးတက်လာသလို အခြေခံအဆောက်အအုံမှာ ရင်းနှီးမြုပ်နံှမှု မတိုးပွားနိုင်ဘဲ ဖြစ်နေပါတယ်။ ဒီအခြေအနေဟာ ရေရှည်ဆက်တိုက် ဖွံ့ဖြိုးတိုးတက်နိုင်ရေးကို အထောက်အကူ မပြုနိုင်ဘူးလို့ ဆိုပါတယ်။

အနာဂတ်အတွက် လူသားရင်းမြစ်တိုးတက်အောင် ရင်းနှီးမြုပ်နံှရာမှာလည်း မလုံမလောက် ဖြစ်နေပါတယ်။ ဒီကနေ့ မွေးဖွားတဲ့ကလေးတွေ အရွယ်ရောက်လာရင် (၄၇) ရာခိုင်နှုန်းလောက်ကပဲ ကုန်ထုတ်နိုင်စွမ်း ရှိလိမ့်မယ်လို့ ဆိုပါတယ်။ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲနေတာဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။ ပြန်လည်ပြည့်ဖြိုးလာမှာမဟုတ်တဲ့ သဘာဝသယံဇာတကို လက်ဝါးကြီးအုပ်နေတာဟာ လက်တစုပ်စာလူတစုရဲ့ အကျိုးစီးပွားကိုသာ မြှင့်တင်ရာရောက်ပြီး ပြည်သူလူထုကို အကျိုးမပြုဘူးလို့ သုံးသပ်ထားပါတယ်။ ပြုပြင်ရေးအသီးအပွင့်ကို ပြည်သူတွေခံစားနိုင်ဖို့ လိုပါတယ်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင် ဖန်တီးပေးဖို့အတွက် စီးပွားရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ စီမံအုပ်ချုပ်မှုကို အားကောင်းအောင်လုပ်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ဖို့နဲ့ သာယာဝပြောမှုကို မျှဝေပေးနိုင်ဖို့အတွက် အားလုံးပါဝင်နိုင်တဲ့ အဖွဲ့အစည်းတွေ တည်ဆောက်ဖို့ လိုပါတယ်။ သဘာဝကပေးတဲ့ အဖိုးတန်အရင်းအမြစ်တွေကို ရေရှည်တည်တန့်ခိုင်မြဲအောင် စီမံအုပ်ချုပ်နိုင်မှသာလျှင် ရေရှည်မှာ သာယာဝပြောမှာ ဖြစ်ပါတယ်။ ဒီလိုကဏ္ဍစုံကို အကောင်အထည်ဖော်နိုင်ရေးအတွက် ခိုင်မာတဲ့အဖွဲ့အစည်းရှိဖို့ လိုအပ်တာမို့ အစိုးရအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG