သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု


Myanmar Investment Outreach
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု
please wait

No media source currently available

0:00 0:05:38 0:00
တိုက်ရိုက် လင့်ခ်

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို အခြေခံပြီး ပို့ကုန်ထုတ်လုပ်နိုင်ရင် ကမ္ဘာ့ကုန်ထုတ်လုပ်ငန်းမှာ ပါဝင်လာနိုင်မှာမို့ မြန်မာ့စီးပွားရေး တိုးတက်လာမယ်လို့ ဦးသိန်းစိန်အစိုးရက ယူဆပါတယ်။ လက်ရှိ အစိုးရကလည်း ဒီလမ်းစဉ်အရ နိုင်ငံခြားအရင်းအနှီးကို လက်ခံပါတယ်။ ရှေ့ လကုန်မှာ ပြီးဆုံးမယ့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဇန်နဝါရီလလယ်အထိ အတည်ပြုထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၁၈၅) ခုရှိပြီး အမေရိကန်ဒေါ်လာသန်း (၅၂၃၆) ဖိုး ရှိတယ်လို့ မကြာမီကထုတ်ပြန်တဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ စင်္ကာပူက ဒေါ်လာသန်း (၁၇၂၆) အများဆုံးမြုပ်နှံပြီး၊ တရုတ်က သန်း (၁၂၉၀) နဲ့ ဒုတိယ လိုက်နေပါတယ်။ အမေရိကန်နဲ့ ဗြိတိန်ဟာ ဒေါ်လာသန်း တစ်ရာကျော်သာ ရင်းနှီးကြပါတယ်။

ထူးခြားတာကတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ကဏ္ဍခွဲကြည့်လိုက်ရင် ကုန်ထုတ်လုပ်ငန်းဟာ ဒေါ်လာသန်း (၁၅၅၄) ကျော်နဲ့ အများဆုံး ဖြစ်နေပါတယ်။ အိမ်ခြံမြေမှာ ဒေါ်လာသန်း (၁၀၆၂)၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးမှာ ဒေါ်လာသန်း (၆၅၃)၊ စွမ်းအင်မှာ ဒေါ်လာသန်း (၃၆၂)၊ ဟိုတယ်နဲ့ ခရီးသွားမှာ ဒေါ်လာသန်း (၁၅၄)၊ စိုက်ပျိုးရေးမှာ (၁၃၁) သန်းတို့ ရင်းနှီးမြုပ်နှံထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကုန်ထုတ်လုပ်ငန်းကဏ္ဍဟာ နိုင်ငံခြားရင်းနှီးမှု စုစုပေါင်းရဲ့  (၁၂) ရာခိုင်နှုန်းသာ ရှိပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏမှာ (၃၁) ရာခိုင်နှုန်းကို ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထုတ်ယူရေးမှာ သုံးစွဲထားပါတယ်။ ဒုတိယအများဆုံးက စွမ်းအင်ကဏ္ဍဖြစ်ပြီး (၂၄) ရာခိုင်နှုန်း ရှိပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးက (၁၄) ရာခိုင်နှုန်းဖြစ်ပြီး တတိယအများဆုံး ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူးရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံတာဟာ (၁) ရာခိုင်နှုန်းတောင် မရှိပါဘူး။ တရုတ်ပြည်မှာ ဈေးကွက်စနစ် စတင်ကျင့်သုံးစဉ်က အလုပ်သမားအင်အားသုံးပြီး၊ ပို့ကုန်ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်ခဲ့တာကြောင့် ပြည်သူတွေ အလုပ်အကိုင်ရကြပါတယ်။ မြန်မာပြည်မှာတော့ သယံဇာတနဲ့ စွမ်းအင်ထုတ်ယူမှုမှာသာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု များနေတာမို့ အလုပ်အကိုင် ဖန်တီးပေးတဲ့ အခွင့်အလမ်း နည်းပါးနေရပါတယ်။ ဥပမာ ဒေါ်လာသန်းတစ်ထောင်ကျော် ရင်းနှီးထားတဲ့ ရတနာဓါတ်ငွေ့စီမံကိန်းဟာ အလုပ်သမား (၈၀၀) လောက်ကိုသာ အလုပ်ပေးနိုင်တာ တွေ့ရပါတယ်။

သယံဇာတက ရတဲ့ငွေကို အာဏာပိုင်အသိုင်းအဝိုင်းက အလွဲသုံးစားလုပ်ပြီး အခွင့်ထူးခံယူတာကြောင့် တိုင်းပြည်စီးပွားရေး မတိုးတက်တာကို ‘သယံဇာတကျိန်စာ’ လို့လည်း အမည်ပေးကြပါတယ်။ ဘောဂါပညာရှင် Laura Alfrao က သဘာဝသယံဇာတ ထုတ်ယူမှုမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်တာဟာ တိုင်းပြည်စီးပွားရေးကို ထိခိုက်စေပြီး ကုန်ထုတ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံတာဟာ နိုင်ငံရဲ့  စီးပွားရေးကို တိုးတက်စေတယ်လို့ ယူဆပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး ကုန်ထုတ်လုပ်မှုမှာ ဒေါ်လာသန်းပေါင်းထောင်ချီပြီး နိုင်ငံခြားက ရင်းနှီးမြုပ်နှံလာပါတယ်။ လွန်ခဲ့တဲ့နှစ်ကဆိုရင် အထည်ချုပ်လုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏ သုံးဆတိုးပွားလာပါတယ်။

လုပ်ငန်းကျွမ်းကျင်ပြီး အိမ်နီးချင်းနိုင်ငံတွေထက် အလုပ်သမားခ သက်သာနေတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်း ကြီးထွားလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်ရာမှာ လွယ်လွယ်ကူကူ စီးပွားရေးလုပ်နိုင်သလားဆိုတာကို အရင်ဆုံးလေ့လာကြပါတယ်။ စီးပွားရေး လုပ်ကိုင်ရတာ လွယ်ကူမှုကို ကမ္ဘာ့ဘဏ်အုပ်စုက နိုင်ငံ (၁၉၀) မှာ လေ့လာတဲ့အခါ မြန်မာ့အဆင့်ဟာ (၁၇၁) မှာ ရှိနေတာ တွေ့ရပါတယ်။ မြန်မာထက် လွယ်ကူတဲ့ နိုင်ငံပေါင်း (၁၇၀) ရှိပြီး မြန်မာနိုင်ငံထက်ခက်တာ (၁၉) နိုင်ငံသာ ရှိနေပါတယ်။ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံရတာ အန္တရာယ်ရှိနေတယ်လို့ ယူဆနေတဲ့ ကုမ္ပဏီတွေ ရှိနေပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ဒေါ်လာသန်းငါးထောင်ကျော် ရင်းနှီးမြုပ်နှံချိန်မှာ အန္တရာယ်ကင်းတယ်လို့ ယူဆကြတဲ့ စင်္ကာပူမှာ ဒေါ်လာသန်း ငါးသောင်းကျော် ရင်းနှီးမြုပ်နှံကြတာ တွေ့ရပါတယ်။

စီးပွားရေးလုပ်ငန်းကန်ထရိုက်ကို သဘောတူတဲ့အတိုင်း လုပ်ကိုင်ဖို့ တိုက်တွန်းရတဲ့အခါမှာ မြန်မာဟာ အခက်ခဲဆုံးလို ဖြစ်နေပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုရဲ့  Doing Business 2018 မှာ နိုင်ငံ (၁၉၀) ကို နှိုင်းယှဉ်ကြည့်တဲ့အခါ မြန်မာဟာအဆင့် (၁၈၈) အညံ့ဆုံးအဆင့်မှာ ရောက်နေပါတယ်။ မြန်မာထက်ဆိုးတာ နှစ်နိုင်ငံပဲ ရှိပါတော့တယ်။ တရားဥပဒေကို ရိုသေလေးစားခြင်းမရှိတာဟာ စီးပွားရေးနယ်ပယ်အထိ ပြန့်နှံ့နေကြောင်း မြန်မာက ပြသနေတာ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးလောကမှာ တရားဥပဒေ စိုးမိုးမှု ရှိရဲ့ လားဆိုတာ နိုင်ငံခြားကုမ္ပဏီတွေ သံသယရှိနေကြပုံ ရပါတယ်။

အစိုးရကတော့ ၂၀၁၆ မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ် ပြဌာန်းထားတာကြောင့် ပြည်ပအရင်းအနှီးတွေ တိုးပွားလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ မြန်မာပြည်မှာ အလားအလာ ရှိတာတွေ များနေပေမယ့် လက်တွေ့မှာ ထင်သလို ဖြစ်မလာတာတွေကလည်း များနေပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၇-၁၈ ပထမ (၆) လပတ်မှာ နိုင်ငံခြားအရင်းအနှီး ဒေါ်လာသန်း ငါးထောင်ကျော် ခွင့်ပြုထားပေမယ့် လက်တွေ့ရင်းနှီးမြုပ်နှံမှုက သန်း လေးထောင်နီးပါးပဲ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကုန်ထုတ်လုပ်ငန်း အထူးသဖြင့် အထည်ချုပ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှု သုံးဆတိုးလာတာကို ကောင်းတဲ့လက္ခဏာလို မြင်ကြပါတယ်။

XS
SM
MD
LG