သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိမ်မြုပ်နေတဲ့ တရားမျှတမှု


ICTJ Myanmar Report, Photo credit: ICTJ
ICTJ Myanmar Report, Photo credit: ICTJ

မြန်မာပြည်မှာ အရပ်သားတပိုင်းအစိုးရ သက်တမ်းသုံးနှစ်ကျော်လာပေမယ့် ဖြစ်ပျက်နေတဲ့ ပြဿနာနဲ့ ပဋိပက္ခတွေကိုကြည့်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ အမြစ်မတွယ်နိုင်သေးဘူးလို့ နယူးရောက် အခြေစိုက် ICTJ (International Center for Transitional Justice) အဖွဲ့ရဲ့ ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ အသွင်ကူးပြောင်းနေတုန်း တရားမျှတရေးကိစ္စ ဆွေးနွေးတာဟာ ပြဿနာ ရှာသလို ဖြစ်နေတယ်လို့ မြင်သူတွေလည်း ရှိပါတယ်တဲ့။ စစ်အာဏာပိုင်တွေ မတရားလုပ်ခဲ့တာကို ထုတ်ဖော်ပြီး တရားမျှတရေးကို တောင်းဆိုရင် ချက်ချင်းလက်တုံ့ပြန်လာနိုင်တယ်လို့လည်း မြင်ကြပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးကို တကယ်တမ်း တည်ဆောက်နိုင်ဖို့နဲ့ ရေရှည်တိုးတက်ဖွံ့ဖြိုးဖို့အတွက် အတိတ်က ပြဿနာတွေကို ကိုင်တွယ်ဖို့လိုတယ်လို့ ဆိုပါတယ်။ အသွင်ကူးပြောင်းရေးဟာ တဖက်စောင်းနင်း ဖြစ်နေပါတယ်တဲ့။ အရပ်သားအဖွဲ့အစည်းတွေ ပိုမိုလွတ်လပ်လာမှု၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်မှု၊ NLD အဖွဲ့ချုပ် လှုပ်ရှားနိုင်မှု စတာတွေရှိပေမဲ့ ကချင်ပြည်နယ်လိုနေရာမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲနိုင်တဲ့ ဒေသမှာ ကုမ္ပဏိကြီးတွေက မြေယာအများအပြား သိမ်းယူနေလို့ ဒေသခံတွေ နစ်နာဆုံးရှုံးနေတာကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေပါတယ်။

မြေယာသိမ်းပိုက်မှုကို နေရာအနံှအပြားမှာ ကန့်ကွက်ဆန္ဒပြနေပေမဲ့ ထိရောက်စွာ အရေးယူဖို့ ပျက်ကွက်နေပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ဒေသမှာ မတရားလုပ်နေတာကို အရေးမယူနိုင်တာဟာ စစ်အစိုးရဓလေ့ထုံးစံကို အမွေဆက်ခံသလို ဖြစ်နေပါတယ်။ ပြဿနာရဲ့ အခြေခံဇာစ်မြစ်ကို လေ့လာရာမှာ အတိတ်ကာလက တာဝန်မဲ့ခဲ့တာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဖိနှိပ်ညှဉ်းပမ်းမှုမှာ အပြစ်ရှိကြောင်း တာဝန်ရှိသူတွေက ဝန်ခံမယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ပိုပြီးအဆင်ပြေသွားမယ်လို့ ကိုမင်းကိုနိုင် က ပြောပါတယ်။ မတရားဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစောင့်ရှောက်ဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ကွယ်လွန်သူ ဦးဝင်းတင် က ပြောဖူးပါတယ်။ စစ်အစိုးရခေတ်မှာ နှိပ်စက်ညှဉ်းပမ်းခံရသူတွေရဲ့ ဒီမိုကရေစီ တိုက်ပွဲအသိအမှတ်ပြုဖို့ တောင်းဆိုနေကြပါတယ်။

လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးဖိနှိပ်မှု မြန်မာပြည်မှာ ဖြစ်ပွားနေတာ အနှစ် (၆၀) ကျော်ပါပြီ။ ဒါကြောင့် ဘာသာရေးနဲ့ လူမျိုးရေးအုပ်စုတွေအချင်းချင်း မယုံသင်္ကာဖြစ်တာတွေ များလာပါတယ်။ မြေယာသိမ်းပိုက်မှုကို မှန်ကန်စွာ ဥပဒေအရ အရေးယူနိုင်ဖို့အတွက် တရားစီရင်ရေးကို ထိရောက်စွာ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ လောလောဆယ်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေးဟာ မဖြစ်နိုင်တဲ့ကိစ္စပါ။ အုပ်ချုပ်ရေးဌာနနဲ့ ကင်းလွတ်တဲ့ တရားရေးဌာနပေါ်ထွက်လာရေး သိသာမြင်သာတဲ့ တရားစီရင်ရေး၊ အာဏာပိုင်က စိတ်ကြိုက်သုံးစွဲနေတဲ့ ဖိနှိပ်တဲ့ ဥပဒေတွေကို ရုတ်သိမ်းရေး စတာတွေဟာ ဦးသိန်းစိန်အစိုးရ ဦးစားပေးရမယ့် လုပ်ငန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့ ပျက်ကွက်တာဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။

ပြည်သူ့ယုံကြည်မှုကို ရယူလိုတဲ့အစိုးရဟာ အတိတ်ကာလ က ဖိနှိပ်ညှဉ်းပမ်းခဲ့တာတွေကို နည်းမျိုးစုံနဲ့ ဖြေရှင်းဖို့ လိုပါတယ်။ လူ့အခွင့်အရေး ချိုးဖျက်ခဲ့တာကို အတိအလင်း အသိအမှတ်ပြုနိုင်ပါတယ်။ ဒါမှမဟုတ်လဲ အမှန်တရားကို ထုတ်ဖော်ပြောဆိုဖို့ တောင်းပန်တာတွေ၊ လျော်ကြေးပေးတာတွေ လုပ်နိုင်ပါတယ်။ လောလောဆယ် ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို မှတ်တမ်းတင်ပြီး အရေးယူနိုင်ရင် အစိုးရရဲ့ ပြည်သူ့အကျိုးဆောင်မှုနဲ့ လေးနက်မှုကို ပြသရာရောက်တဲ့အတွက် စစ်အစိုးရပေးခဲ့တဲ့ အမွေဆိုးကို ကျော်လွှားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အတိတ်ကကျူးလွန်ခဲ့တဲ့ပြစ်မှုကို လျစ်လျူရှုပြီး လောလောဆယ် ကျူးလွန်တဲ့ ပြစ်မှုကို အရေးမယူနိုင်တဲ့ အစိုးရကို ပြည်သူက ယုံကြည်မှာ မဟုတ်ပါဘူး။ မတရားမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မှ လုံခြုံရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေး ရှိနိုင်မယ်လို့ ကုလသမဂ္ဂက ယုံကြည်ပါတယ်။

မြန်မာပြည်မှာ အခုအထိ အကျိုးခံစားနေရသူတွေဟာ စစ်အုပ်စုပိုင်လုပ်ငန်းနဲ့ ခရိုနီတွေသာ ဖြစ်ပါတယ်။ ဒီလူတွေသာ ပြုပြင်ရေးကြောင့် အထူးအခွင့်အရေး ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။ ပြည်သူကတော့ နစ်နာဆုံးရှုံးခဲ့ရတာတွေကို အသိအမှတ်ပြုပြီး အကူအညီ ပေးစေလိုပါတယ်။ အတိတ်ကို အတိတ်မှာထားခဲ့ရုံနဲ့ စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရ ကွဲပြားခြားနားတယ်လို့ မပြောနိုင်ပါဘူး။ ဗိုလ်ချုပ်ကြီးသိန်းစိန် ပါဝင်ခဲ့တဲ့ စစ်အစိုးရလုပ်ရပ်ကြောင့် ဘဝပျက်သွားခဲ့ရသူတွေကို ကူညီစောင့်ရှောက်တဲ့ ဦးသိန်းစိန်အစိုးရကိုသာ ဒီလူတွေက ယုံကြည်အားထားလာကြမှာ ဖြစ်ပါတယ်။

စစ်အစိုးရနဲ့ ကွဲပြားကြောင်းပြနိုင်တဲ့ အခွင့်အလမ်းတွေ ဦးသိန်းစိန်အစိုးရမှာ ရှိပါတယ်။ တရားမျှတအောင် လုပ်ပေးတာဟာ ငြိမ်းချမ်းရေးနဲ့ ပြုပြင်ရေးကို မထိခိုက်ပါဘူး။ ဖိနှိပ်ညှဉ်းပမ်း သတ်ဖြတ်တာကို ရပ်ဆိုင်းရုံနဲ့ ကိစ္စမပြီးပါဘူး။ ဖိနှိပ်ညှဉ်းပမ်း သတ်ဖြတ်တဲ့ဒဏ်ကို ခံခဲ့ရသူတွေအတွက် တရားမျှတစွာ ဖြေရှင်းပေးနိုင်ဖို့ လိုပါတယ်။ တရားမျှတမှု မရှိဘူးလို့ ပြည်သူ့ဘက်က ယူဆရင် ပြန်လည်သင့်မြတ်ရေးလုပ်နိုင်ဖို့ အလွန်ခက်ခဲကြောင်း နယူးရောက်အခြေစိုက် International Center for Transitional Justice အဖွဲ့ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

XS
SM
MD
LG