မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးမလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ်ထားတဲ့ကြားက မြောက်ကိုရီးယားအစိုးရဟာ လွန်ခဲ့တဲ့နှစ်က ဒေါ်လာသန်း (၂၀၀) ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ရေးသားထားကြောင်း သတင်းအေဂျင်စီတွေက မကြာမီက ဖော်ပြပါတယ်။ ဆီးရီးယားကို ဓါတုလက်နက်ဆိုင်ရာ ပစ္စည်းများ တင်ပို့ပြီး မြန်မာကိုတော့ ဒုံးကျည် အတတ်ပညာနဲ့ အပိုပစ္စည်း တင်ပို့တယ်လို့ (၂၁၃) စာမျက်နှာ အစီရင်ခံစာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ကတော့ မြောက်ကိုရီးယားနဲ့ စစ်ရေး အဆက်အသွယ် မရှိဘူးလို့ ငြင်းဆိုပါတယ်။
စာရွက်စာတမ်းအတုတွေသုံးပြီး ဗိယက်နမ်၊ မလေးရှား နဲ့ တောင်ကိုရီးယားတို့ကို မြောက်ကိုရီးယားက ကျောက်မီးသွေးတွေ တင်ပို့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်ပစ္စည်း အရောင်းအဝယ်မလုပ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက (၂၀၀၆) မှာ ပိတ်ပင်ပါတယ်။ အဲဒီလို ပိတ်ပင်ပြီး (၂) နှစ်အကြာ (၂၀၀၈) နိုဝင်ဘာလမှာ ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဦးဆောင်တဲ့ စစ်မစ်ရှင်အဖွဲ့ မြောက်ကိုရီးယားကိုသွားပြီး လက်နက်ပစ္စည်းဝယ်ယူဖို့ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးပါတယ်။ ဒီသတင်းကို ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်နဲ့ အပေါင်းပါတစုက ဖြန့်ဝေပါတယ်။
ခေတ်မီတပ်မတော်တည်ဆောက်ရေးဟာ အစိုးရတပ်ရဲ့ ကြွေးကြော်သံတခု ဖြစ်ပါတယ်။ ခေတ်မီစစ်တပ်မှာ ခေတ်မီလက်နက်ရှိဖို့ လိုပါတယ်။ ဒါပေမဲ့ အနောက်တိုင်းရဲ့ အရေးယူဒဏ်ခတ်မှုကို ခံနေရတဲ့ မြန်မာစစ်တပ်ဟာ လိုချင်တဲ့ အတတ်ပညာနဲ့ လက်နက်ပစ္စည်းကို ရုရှား၊ တရုတ် နဲ့ မြောက်ကိုရီးယားတို့က တင်သွင်းပါတယ်။ မြောက်ကိုရီးယား ဥမင်လှိုဏ်ခေါင်းခံတပ်စနစ်၊ IGLA ဒုံးကျည်နဲ့ Scud ဒုံးကျည်တို့ကို မြန်မာက စိတ်ဝင်စားပါတယ်။ အရေးကြီးတဲ့ စစ်ဌာနတွေကို ဥမင်လှိုဏ်ခေါင်းထဲမှာထားဖို့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့အဖွဲ့က တင်ပြခဲ့ကြောင်း သိရပါတယ်။ ဒုံးလက်နက်ကို မြန်မာပြည်မှာ ထုတ်လုပ်နိုင်အောင် ကူညီဖို့ ဒုဗိုလ်မှူးကြီးမောင်အေး က ၂၀၀၆ ရုရှားခရီးစဉ်မှာ တင်ပြခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်ဦးစီးချုပ် ဖြစ်လာချိန်ကစပြီး ဒုံးလက်နက် အသုံးပြုရေး စီမံကိန်းကို စတင်အကောင်အထည်ဖော်ကြောင်း သိရှိရပါတယ်။ ဒီ စီမံကိန်းဟာ သက်ဝင်လှုပ်ရှားနေဆဲ ဖြစ်တယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။
ဒီနှစ်တပ်မတော်နေ့ရဲ့ ထူးခြားချက်တခုကတော့ စစ်ရေးပြအခမ်းအနားမှာ ဒုံးလက်နက်တွေကို ကားပေါ်တင်ပြတာမျိုး မလုပ်တော့တာပါ။ အရင်ကတော့ ဒုံးလက်နက်ကို တပ်မတော်နေ့မှာ ပြသပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်အသွယ်မရှိကြောင်း ဇွတ်မှိတ်ငြင်းဆန်ခဲ့ပါတယ်။ အမေရိကန်က မယုံကြည်တဲ့အတွက် ကကထုတ် (ခေါ်) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ညွှန်ကြားရေးမှူးရုံးရဲ့ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးသိန်းဌေးကို ၂၀၁၃ ဇူလိုင်လမှာ အရေးယူဒဏ်ခတ်လိုက်ပါတယ်။ မြောက်ကိုရီးယားသွား စစ်မစ်ရှင်အဖွဲ့မှာ ဒုဗိုလ်မှူးကြီးသိန်းဌေးလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရကို အရေးယူဖို့ မရည်ရွယ်ဘူးလို့ အမေရိကန်အစိုးရက ကြေညာတာကို ပျော့ကွက်လို့ မြင်ကြပါတယ်။
တရုတ်၊ ရုရှား နဲ့ အခြားနိုင်ငံတွေက စစ်ပစ္စည်းလိုချင်ရင် ငွေပေးရပေမယ့် အလားတူပစ္စည်းကို မြောက်ကိုရီးယားဘက်က တင်သွင်းရင် ဆန်နဲ့ကောက်ပဲသီးနံှတို့ကို ပေးနိုင်တာကြောင့် မြန်မာစစ်တပ်အတွက် အကျိုးအမြတ်တခု ဖြစ်ပါတယ်။ မြန်မာကို စစ်ပစ္စည်းမရောင်းဖို့ အမေရိကန်နဲ့ ဥပဒေတို့က ပိတ်ပင်ထားတာ ကြာလှပါပြီ။ ဒါကြောင့် ရုရှား၊ တရုတ်၊ ယူခရိန်း၊ ဆားဗီးယား၊ အစ္စရေးနဲ့ အိန္ဒိယတို့ဆီက စစ်ပစ္စည်းတို့ကိုသာ မြန်မာက တင်သွင်းပါတယ်။ တရုတ်နဲ့ ရုရှား စစ်ပစ္စည်း ကိုင်တွယ်ရာမှာ ကျွမ်းကျင်တဲ့ မြောက်ကိုရီးယားဟာ မြန်မာစစ်တပ်အတွက် အရေးပါလာတယ်လို့ ယုံကြည်သူတွေ ရှိပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအရေးယူထားတဲ့ ကိုရီးယားသတ္တုကုမ္ပဏီ အမှုထမ်း ကင်ချိုနမ် ရန်ကုန်-မြောက်ကိုရီးယား သံရုံးမှာ ဒုအတွင်းဝန်အဖြစ် လှုပ်ရှားနေတာကို NLD အစိုးရက အရေးယူပြီး လွန်ခဲ့တဲ့နှစ်က နှင်ထုတ်လိုက်ပါတယ်။
ရန်ကုန် မြောက်ကိုရီးယားသံရုံးမှာ သံတမန်အဖြစ် အမှုထမ်းခဲ့တဲ့ ကင်ချိုနမ် ကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းထားတဲ့ နောက်ပိုင်းမှာ NLD အစိုးရက နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်ကတော့ ကျေနပ်ပုံမရပါဘူး။ NLD အစိုးရ တက်လာလို့ သမ္မတအိုဘားမားက ဒဏ်ခတ်အရေးယူမှု ရုတ်သိမ်းလိုက်တာကို စစ်တပ်က အခွင့်ကောင်းယူပြီး မြောက်ကိုရီးယားနဲ့ ဆက်သွယ်တာ ထင်ရှားတယ်လို့ အမေရိကန်ဘက်က မြင်ပါတယ်။ NLD အစိုးရ အောင်မြင်တာကို မြင်ချင်ပေမယ့် စစ်တပ်နဲ့ မြောက်ကိုရီးယားတို့ ဆက်သွယ်တာကို ရပ်မကြည့်နိုင်ဘူးလို့ ရီပတ်ဘလင်ကန် ဆီနိတ်လွှတ်တော်အမတ် Cory Gardner က ပြောကြောင်း မတ်လ (၂၇) ရက်နေ့ထုတ် AP သတင်းမှာ ဖော်ပြထားပါတယ်။
အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ ရီပတ်ဘလင်ကန် ကိုယ်စားလှယ် Ed Royce ကလည်း မြောက်ကိုရီးယားဆီက လက်နက်ပစ္စည်းဝယ်တဲ့ အမှုထမ်းအရာထမ်းတွေကို ဒဏ်ခတ်အရေးယူရမယ်လို့ ဆိုပါတယ်။ NLD အရပ်သားအစိုးရက စစ်ရေးအဆက်အသွယ် ဖြတ်လိုပေမယ့် စစ်တပ်က ဆက်သွယ်နေတဲ့ သဘောရှိတယ်လို့ အမေရိကန်ဘက်က မြင်ပါတယ်။ အပယ်ခံဘဝမှာ တည်ဆောက်ခဲ့တဲ့ နှစ်နိုင်ငံ စစ်ရေးဆက်သွယ်မှုကို အမျှင်ဖြတ်ဖို့ ခက်ခဲနေပုံရပါတယ်။ ရှိနေတဲ့ ဒုံးလက်နက်တွေအတွက် အတတ်ပညာနဲ့ အပိုပစ္စည်းရဖို့ ပြဿနာ ရှိနိုင်ပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်နဲ့ မြောက်ကိုရီးယား ဆက်သွယ်မှု ရှိမရှိကို စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။