သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလီမန်လွှတ်တော် သုံးသပ်ချက်


ပါလီမန်လွှတ်တော် သုံးသပ်ချက်
please wait

No media source currently available

0:00 0:05:18 0:00
တိုက်ရိုက် လင့်ခ်

မြန်မာပြည်မှာ စစ်အာဏာရှစ်စနစ် အနှစ် (၂၀) ကျော် ကြီးစိုးပြီးတဲ့အခါမှာ စစ်တပ်ကိုယ်စားလှယ်နဲ့ အရပ်သားကိုယ်စားလှယ် ပူးတွဲထားတဲ့ လွှတ်တော်စနစ်ကို ကျင့်သုံးနေပါတယ်။ အရပ်သားကိုယ်စားလှယ် တင်မြှောက်ဖို့အတွက် ၂၀၁၀ နဲ့ ၂၀၁၅ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ၂၀၁၂ နဲ့ ၂၀၁၇ မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပါတယ်။ ပထမအကြိမ် လွှတ်တော်ကို ကြံ့ဖွံ့ပါတီ ခေါင်းဆောင်ပြီး၊ ဒုတိယအကြိမ် လွှတ်တော်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပါတယ်။ ပထမအကြိမ် လွှတ်တော်ကို လေ့လာတဲ့စာတမ်းကို ပြင်သစ်ပညာရှင် ဒေါက်တာရေးနော့အီဂါတူ (Dr. Renaud Egreteau) က ၂၀၁၄ မှာ ထုတ်ဝေခဲ့ပါတယ်။ ကိုယ်စားလှယ်တွေရဲ့ ပညာအဆင့်အတန်းကို အဓိက လေ့လာထားတာပါ။

မြန်မာပြည်မှာ ပါလီမန်လွှတ်တော်စနစ် တိုးတက်လာပုံကို ရေးနော့အီဂါတူ,ကပဲ လွန်ခဲ့တဲ့မေလမှာ စာတမ်းတစောင် ထုတ်ဝေပြန်ပါတယ်။ Asia Foundation ထောက်ပံ့မှုရယူပြီး ရေးတဲ့စာတမ်း ဖြစ်ပါတယ်။ စစ်ဗိုလ်ဟောင်းအများဆုံး ပါဝင်တဲ့ ကြံ့ဖွံ့ပါတီ ကြီးစိုးတဲ့ ပထမအကြိမ် လွှတ်တော်မှာရော NLD ပါတီ ကြီးစိုးတဲ့ ဒုတိယအကြိမ် လွှတ်တော်မှာရော ဥပဒေပြုရုံတင်မကဘဲ အုပ်ချုပ်ရေးဌာနရဲ့ လုပ်ပုံကိုင်ပုံကို စစ်ဆေးပြီး ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်အသုံးစရိတ်ကို ဖြတ်တောက်တာတွေပါ လုပ်လာပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်လာရုံနဲ့ လွှတ်တော်ဟာ အရေးပါလာပြီလို့ မပြောနိုင်သေးပါဘူး။ လမ်းမှန်ကို သွားနေပေမယ့် ဥပဒေပြုလွှတ်တော်ရဲ့ အခန်းကဏ္ဍကို အပြည့်အဝသုံးနိုင်ဖို့ အများကြီး လိုပါသေးတယ်။ နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ် ကြီးစိုးပြီး အမိန့်နာခံတဲ့ စစ်ဗိုလ်တွေ နိုင်ငံရေးလုပ်နေတာကြောင့် လွှတ်တော်နှစ်ခုစလုံးမှာ အားနည်းချက်တွေ ရှိပါတယ်။ အစိုးရအုပ်ချုပ်ရေး ယန္တရားနဲ့ စစ်တပ်နဲ့ သီးခြားကင်းလွတ်တဲ့ လွှတ်တော်ဝန်ထမ်းစနစ်ကို အခုထက်ထိ မတည်ဆောက်နိုင်သေးပါဘူး။ ပထမအကြိမ်လွှတ်တော်မှာ ဥပဒေတွေ အများကြီး ပြဌာန်းနိုင်ပေမယ့် အရည်အသွေးမရှိလို့ ပြန်ပြင်ရတာတွေလည်း ရှိပါတယ်။ NLD အဖွဲ့ချုပ် ကြီးစိုးတဲ့ ဒုတိယအကြိမ် လွှတ်တော်ကို ၂၀၁၆ ဖေဖေါ်ဝါရီလမှာ ကျင်းပတော့ ပြည်သူ့ဆက်ဆံရေးကို ဦးစားပေးလာပေမယ့် လွှတ်တော်မှာ မဆွေးနွေးတာတွေလည်း ရှိလာပါတယ်။

အစိုးရကို အသေအချာ စောင့်ကြည့်ရမယ့် တာဝန်ရှိတယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေ နားမလည်ကြတာများတယ်လို့ ရေနော့အီဂါတူ က ဆိုပါတယ်။ အစိုးရကို အတိုက်အခံလုပ်ရမယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ လွှတ်တော်မှာ ဘယ်လို ပေါ်လစီတွေ ချမှတ်တယ်ဆိုတာကို အပြင်လူ မသိတာ များပါတယ်။ ဒါပေမဲ့ သက်တမ်း (၆) နှစ်ကျော်အတွင်းမှာ လွှတ်တော်စနစ် ပီပီပြင်ပြင် ဖြစ်လာအောင် ကြိုးစားတာကိုတော့ ချီးကျူးထားပါတယ်။ စစ်အာဏာရှစ်စနစ်က မွေးထုတ်လိုက်တဲ့ လွှတ်တော်စနစ်ဖြစ်တာမို့ သူများနဲ့မတူ တမူထူးခြားနေတာဟာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ပြည်ထောင်စုလွှတ်တော် လွတ်လပ်စွာ ရှင်သန်တိုးတက်ရေးဟာ ဒီမိုကရေစီ ထွန်းကားရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် လွှတ်တော်စနစ် အားကောင်းလာအောင် ဆောင်ရွက်ဖို့ အကြံပေးထားပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဥပဒေပြု အာဏာအညီအမျှရှိပြီး စိတ်ကြိုက်ဥပဒေ ပြုနိုင်တဲ့သဘောကို တွေ့ရပါတယ်။ ဒါကြောင့် ဥပဒေပြုရမယ့် နယ်ပယ်နဲ့တာဝန်ကို ခွဲခြားဖို့ အကြံပေးထားပါတယ်။ တိုင်းရင်းသားကိစ္စ၊ ဖယ်ဒရယ်ကိစ္စနဲ့ ဗဟိုချုပ်ကိုင်မှု လျော့ပေါ့ရေးကိစ္စမျိုးကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးသင့်ပြီး၊ စီးပွားရေး၊ လူမှုရေးနဲ့ လုံခြုံရေးကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။ လွှတ်တော်ကျင်းပမယ့် နေ့ရက်ကို သိနိုင်ဖို့အတွက် လွှတ်တော်ပြက္ခဒိန်ရှိဖို့ လိုပါတယ်။ ဒါမှ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မိမိတို့လုပ်ငန်းတာဝန်တွေကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အခုတော့ လွှတ်တော်ပြက္ခဒိန် မရှိတဲ့အတွက် လွှတ်တော်ကျင်းပမယ့်အချိန်ဇယားနဲ့ အစီအစဉ်ကို ထိပ်ပိုင်းခေါင်းဆောင်တွေက စိတ်ကြိုက်ရေးဆွဲသလို ဖြစ်နေပါတယ်။

အရပ်သားအသင်းအဖွဲ့၊ နိုင်ငံရေးပါတီ၊ တက္ကသိုလ်ပညာရှင် စတာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။ ကုလသမဂ္ဂအေဂျင်စီ၊ နိုင်ငံခြားအစိုးရ၊ နိုင်ငံခြားပါလီမန် နဲ့ အဖွဲ့အစည်းတွေပေးတဲ့ အကူအညီတွေကို ထိရောက်စွာ အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ လွှတ်တော်စွမ်းအားကောင်းဖို့ ရေရှည်စီမံကိန်းနဲ့ အကောင်အထည် ဖော်ရပါလိမ့်မယ်။ ကိုယ်စားလှယ်ပညာပေး အစီအစဉ်ကို ပြည်နယ်နဲ့တိုင်းအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖို့လိုပါတယ်။ လွှတ်တော်ဟာ ကိုယ်ထူကိုယ်ထနည်းနဲ့ ရှင်သန်လာရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာအောင် အရပ်သားအသင်းအဖွဲ့၊ နိုင်ငံရေးပါတီတို့နဲ့ ပူးတွဲဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ရခိုင်မြောက်ပိုင်းပြဿနာကို ပြည်သူ့ကိုယ်စားလှယ်တွေ လွှတ်တော်မှာ ဆွေးနွေးဖို့ ပျက်ကွက်တာ တာဝန်မဲ့သလို ဖြစ်နေပုံကိုလည်း ပြင်သစ်ပညာရှင် ဒေါက်တာရေးနော့အီဂါတူ က လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၈) ရက်နေ့ထုတ် DVB သတင်းဆောင်းပါးမှာ ရေးထားပါတယ်။ စစ်တပ် လုပ်ပုံကိုင်ပုံကို ပြည်ထောင်စုလွှတ်တော်မှာရော ရခိုင်ပြည်နယ်လွှတ်တော်မှာရော မေးမြန်းဖို့ ပျက်ကွက်တာကို အားနည်းချက်အဖြစ် သတ်မှတ်ထားပါတယ်။ အစိုးရကို အကြည်ညိုပျက်စေမယ့် မေးခွန်းမျိုးကို အာဏာရပါတီက ကိုယ်စားလှယ်တွေ ရှောင်ရှားနေရတာဟာ ပြည်သူ့ကိုယ်စားလှယ်တာဝန် ပျက်ကွက်သလို ဖြစ်နေတယ်လို့လည်း ရေးနော့အီဂါတူ က DVB ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

XS
SM
MD
LG