သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချမ်းသာဆုံး စစ်ခေါင်းဆောင်မိသားစု


တိုက်ရိုက် လင့်ခ်


စစ်အာဏာသိမ်းမှု ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နင်းနေတဲ့ စစ်ကောင်စီခေါင်းဆောင် တပ်ချုပ်မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးပိုင် စီးပွားရေးလုပ်ငန်း (၆) ခုကို ဒဏ်ခတ်အရေးယူကြောင်း မတ်လ (၁၀) ရက်နေ့မှာ အမေရိကန်အစိုးရက ကြေညာပါတယ်။ တပ်ချုပ်ရဲ့သား အောင်ပြည့်စုံပိုင်တဲ့ ရွှေတိဂုံစေတီအနီး ပြည်သူ့ဥယျာဉ်က ရန်ကုန်စားသောက်ဆိုင်နဲ့ ပန်းချီပြခန်းကို လူသိများပါတယ်။ ချောင်းသာပင်လယ်ကမ်းခြေမှာ အကြီးဆုံးဖြစ်တဲ့ Azura Beach Resort နဲ့ Sky One ဆောက်လုပ်ရေးကိုလည်း အောင်ပြည့်စုံက ပိုင်ပါတယ်။ ဒီလုပ်ငန်းတွေကိုလည်း ပြည်သူလူထုက သပိတ်မှောက်နိုင်ပါတယ်။

A & M Mahar ဆိုတဲ့ ဆေးဝါးကုမ္ပဏီ တည်ထောင်ပြီး နိုင်ငံခြားဆေးဝါးကုမ္ပဏီတွေအတွက် ခွင့်ပြုချက်ရအောင် အောင်ပြည့်စုံက ကြားပွဲစားလုပ်ပါတယ်။ မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ ခွင့်ပြုချက်တွေကို A & M Mahar က ရောင်းစားနေတာပါ။ ဇနီးသည် မျိုးရတနာထိုက်နဲ့အတူ ငြိမ်းချမ်းပြည့်စုံ ကုမ္ပဏီကို တည်ထောင်ထားပါတယ်။ ဇနီးသည်ဟာ မင်္ဂလာဒုံမြို့နယ်က အောင်မြင်သူ အိမ်ခြံမြေကုမ္ပဏီကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။

တပ်ချုပ်မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့ ချွေးမဖြစ်သူ မျိုးရတနာထိုက်တို့ဟာ ရုပ်ရှင်နဲ့ အနုပညာဖျော်ဖြေရေးကဏ္ဍမှာ ကျပ်သိန်းပေါင်းသောင်းချီပြီး နှစ်စဉ်ရင်းနှီးမြုပ်နံှနေပါတယ်။ မြန်မာနိုင်ငံသတင်းစာအသင်းက ကျင်းပတဲ့ ရုပ်ရှင်နဲ့ ရုပ်သံဆုပေးပွဲကို မျိုးရတနာထိုက်ပိုင်တဲ့ စတယ်လာဆဲဗင်း က ကျပ်သိန်း (၄၀၀၀) ဖိုး ကူညီဖူးပါတယ်။ သမီးဖြစ်သူ ထုတ်လုပ်တဲ့ မုန်းစွဲဇာတ်ကားကို နေပြည်တော်က ရုပ်ရှင်ရုံမှာ တပ်ချုပ်ကြီး သွားရောက်ကြည့်ရှုကြောင်း သိရပါတယ်။ ကုမ္ပဏီသက်တမ်း (၂) နှစ်အတွင်း ရုပ်ရှင်ဇာတ်ကား (၈) ကား ထုတ်နိုင်ပါတယ်။ တပ်ချုပ်ရဲ့ သမီးနဲ့ ချွေးမတို့ဟာ ရုပ်ရှင်အနုပညာနဲ့ ဖျော်ဖြေရေးကဏ္ဍကို သြဇာညောင်းဖို့ ရည်ရွယ်ပုံရပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ ထူးအောင်၊ ရွှေထူး၊ ဝတ်မှုန်ရွှေရည်၊ နေခြည်ဦးတို့နဲ့ သီးသန့်စာချုပ်ချုပ်ပြီး ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်နေတဲ့ ခင်သီရိသက်မွန်ကို CDM လုပ်သူတွေ သတိထားသင့်ပါတယ်။

ETC စင်္ကာပူ ဦးဆောင်ပြီး တရုတ်ကုမ္ပဏီတစု ရင်းနှီးတဲ့ ရန်ကင်းမြို့နယ် Golden City ဟာလည်း တပ်ချုပ်မင်းအောင်လှိုင်ရဲ့ သမီးနဲ့ချွေးမတို့ရဲ့ စားကျက် ဖြစ်ပါတယ်။ Golden City နဲ့ လမ်းမတော်က City Mall မှာ ခင်သီရိသက်မွန်ပိုင်တဲ့ Everfit Gym လုပ်ငန်း ရှိပါတယ်။ မန္တလေးမှာလည်း ရှိပါတယ်။ အခုသံလွင်မြို့နယ် Star City မှာ ဖွင့်မယ့် Everfit Gym အတွက် ဝန်ထမ်းခေါ်ယူနေပါတယ်။ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး Gym ရဲ့ စံနှုန်းအတိုင်း တည်ဆောက်ထားတာမို့ လူကြိုက်များပုံ ရပါတယ်။ Everfit Gym ရဲ့ Facebook မှာ Follower (၄၂၂၂၄) ရှိနေတာကို တွေ့ရပါတယ်။ လူငယ်တွေကြိုက်တဲ့ ဖျော်ဖြေရေးနဲ့ ကျန်းမာရေးမှာ တပ်ချုပ်ကြီးမိသားစု စီးပွားရှာနေတာကို သပိတ်မှောက်ဖို့ ခက်ခဲနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး Golden City ဟာ စစ်တပ်ကို မြေငှားခ ပေးရပါတယ်။ ၂၀၁၉ အထိ ဒေါ်လာ (၃၂) သန်း ပေးပြီးပါပြီ။ မြေငှားခ စုစုပေါင်း ဒေါ်လာသန်း (၂၀၀) လောက် စစ်တပ်က ရမှာဖြစ်ပါတယ်။ ဒီငွေဟာ အစိုးရဘတ်ဂျက်မှာ မပါဝင်တဲ့အတွက် ဘယ်ရောက်သွားတယ်ဆိုတာကို တပ်ချုပ်ကြီးပဲ သိနိုင်ပါလိမ့်မယ်။ ရန်ကုန်မြို့တော်မှာ နိုင်ငံခြားသား တသိန်းကျော် နေထိုင်ပြီး နှစ်စဉ်ငှားရမ်းမယ့် ကွန်ဒိုတိုက်ခိုက်က (၆၀၀၀) လောက်သာ ရှိတယ်လို့ ခန့်မှန်းတာမို့ ဒေါ်လာများများရနိုင်မယ့် ကွန်ဒိုဈေးကွက်ကို တပ်ချုပ်ကြီး အာရုံစိုက်နေပုံ ရပါတယ်။ ဥပမာ Golden City မှာ ခေတ်မီကွန်ဒို (၂၂၁) ခု ရှိတဲ့အနက် ဟွာဝေး တရုတ်ကုမ္ပဏီကို (၁၄၇) ခု ငှားထားကြောင်း ETC အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ETC ကုမ္ပဏီဟာ စင်္ကာပူအစုရှယ်ယာဈေးကွက်မှာ ငွေရင်းရအောင် ကြိုးပမ်းတဲ့အပြင် ရန်ကုန်အခြေစိုက် ကမ္ဘောဇ၊ ရိုးမ၊ ဧရာဝတီ စတဲ့ဘဏ်လုပ်ငန်းတွေနဲ့လည်း ပူးတွဲလုပ်ကိုင်နေကြောင်း သိရှိရပါတယ်။

အချမ်းသားဆုံးပုဂ္ဂိုလ်စာရင်းမှာ ထူးကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဦးတေဇက ပထမလို့ မှတ်တမ်းတင်ကြပါတယ်။ Forbes Asia စာစောင်မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ပထမဆုံးသော မြန်မာလုပ်ငန်းရှင်ပါ။ အမေရိကန်ဒေါ်လာ သန်း (၇၀၀၀) လောက် ချမ်းသာတယ်လို့ ဆိုပါတယ်။ သူ့နေရာကို တပ်ချုပ်ကြီး မင်အောင်လှိုင် မကြာမီ ရလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒုတိယအချမ်းသာဆုံးကတော့ ကွယ်လွန်သူ ဘိန်းမှောင်ခို လောစစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင် ဖြစ်ပါတယ်။ ဒေါ်လာသန်း (၆၀၀၀) လောက် ချမ်းသာတယ်လို့ သိရပါတယ်။ ကွယ်လွန်သူဝန်ကြီး ဦးအောင်သောင်းရဲ့သားတွေက တတိယ အချမ်းသာဆုံးပါ။

ဦးနေအောင်နဲ့ ဦးပြည့်အောင် နှစ်ယောက်ပေါင်း ဒေါ်လာသန်း (၅၀၀၀) ချမ်းသာတယ်လို့ ဆိုပါတယ်။ ဦးဇော်ဇော်ကလည်း တတိယ အချမ်းသာဆုံး ဖြစ်ပါတယ်။ ဦးရွှေမန်းရဲ့သား ဦးအောင်သက်မန်းကတော့ ဒေါ်လာသန်း (၄၀၀၀) နဲ့ စတုတ္ထအဆင့်က လိုက်နေပါတယ်။ ဦးတေဇဟာ ဦးသန်းရွှေကောင်မှုကြောင့် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတာပါ။ စစ်အာဏာရှင် ဖြစ်လာတဲ့ တပ်ချုပ်မင်းအောင်လှိုင်နဲ့ မိသားစုဟာ ဒေါ်လာသန်း (၅၀၀၀) လောက် ချမ်းသာနေပြီလို့ ခန့်မှန်းကြပါတယ်။ အာဏာဆက်ရနေမယ်ဆိုရင်တော့ မြန်မာပြည်မှာ အချမ်းသာဆုံးမိသားစု ဖြစ်လာမှာ သေချာပါတယ်။

==Unicode==









XS
SM
MD
LG