သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်သာ


Army officers intervene during a protest against the military coup in Yangon, Myanmar, March 2, 2021. Picture taken from behind a window. REUTERS/Stringer
Army officers intervene during a protest against the military coup in Yangon, Myanmar, March 2, 2021. Picture taken from behind a window. REUTERS/Stringer
ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်သာ
please wait

No media source currently available

0:00 0:05:46 0:00
တိုက်ရိုက် လင့်ခ်

စစ်တပ်ဟာ သူလိုလားတဲ့ပါတီ အနိုင်ရတဲ့ ရွေးကောက်ပွဲကိုသာ အသိအမှတ်ပြုတဲ့ အစဉ်အလာ ရှိပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်တာကို စစ်တပ်က အသိအမှတ် မပြုပါဘူး။ နေပြည်တော် တည်ဆောက်ပြီး ၂၀၁၀ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေပါတယ်။ ကြံ့ဖွံ့နိုင်အောင် ကြီးကြပ်ကျင်းပတဲ့ မလွတ်လပ်တဲ့ ရွေးကောက်ပွဲအဖြစ် မြင်ကြရပေမယ့် ရလဒ်ကို စစ်တပ်က လက်ခံတဲ့အတွက် ဦးသိန်းစိန်အစိုးရ ပေါ်ထွက်လာပါတယ်။ ၂၀၁၂ မှာ ဒေါ်စု လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာအောင် ဦးသိန်းစိန်က လမ်းဖွင့်ပေးပါတယ်။

ဒေါ်စုရဲ့ကောင်းမှုနဲ့ ဦးသိန်းစိန်ရဲ့ ပြုပြင်မှုကြောင့် စီးပွားရေးဒဏ်ခတ်မှု ရုတ်သိမ်းသွားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်နိုင်တော့ စစ်အုပ်စုရဲ့ အခြေခံဥပဒေအတိုင်းလုပ်ဖို့ ဒေါ်စုက ဆုံးဖြတ်လိုက်ပါတယ်။ ဥပဒေပညာရှင် ဦးကိုနီ အကြံပေးတဲ့အတိုင်း နိုင်ငံတော်အတိုင်ပင်ခံ ရာထူးကို အခြေခံဥပဒေနဲ့အညီ လွှတ်တော်က ဒေါ်စုအတွက် ဖန်တီးပေးနိုင်ပါတယ်။ စစ်တပ်နဲ့ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်တွေ ကန့်ကွက်ပေမယ့် NLD ကိုယ်စားလှယ် အများစုမဲနဲ့ အတည်ပြုနိုင်ပါတယ်။ အခြေခံဥပဒေနဲ့အညီ ဒေါ်စုကို လုပ်ပိုင်ခွင့် အပ်နှင်းနိုင်တာဟာ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ သဘောလို ဖြစ်နေပါတယ်။

ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေ အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ၂၀၁၆ မတ်လမှာ (၇) ရက်အတွင်း လွှတ်တော်နှစ်ရပ်စလုံးက အများစုထောက်ခံမဲနဲ့ အတည်ပြုနိုင်တာဟာ စစ်အုပ်စုအတွက် မခံချင်စရာပါပဲ။ ဒီဥပဒေအသက်ဝင်ပြီး တနှစ်မပြည့်ခင် ၂၀၁၇ ဇန်နဝါရီလ (၂၉) ရက်နေ့မှာ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာကိုကြည့်ရင် စစ်အုပ်စု ဘယ်လောက် မကျေမချမ်း ဖြစ်နေတယ်ဆိုတာ သိသာပါတယ်။

လွှတ်တော်ကိုယ်စားလှယ် အများစုရှိရင် အခြေခံဥပဒေကို မပြင်ဆင်ဘဲ လုပ်နိုင်တာတွေ ရှိတယ်ဆိုတာကို NLD က ပြသလိုက်တာပါပဲ။ ဒါပေမဲ့ ဒေါ်စုနဲ့ NLD သြဇာအရှိန်အဝါ ရှိလာတာကို အခြေခံဥပဒေကိုရေးတဲ့ စစ်ခေါင်းဆောင်ပိုင်းက လက်မခံနိုင်ပါဘူး။ အခြေခံဥပဒေဘောင်ထဲမှာ ဒေါ်စုကို မယှဉ်နိုင်တော့တာကို စစ်အုပ်စု သဘောပေါက်လာပါတယ်။

၂၀၁၉ ဒီဇင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံအခြေစိုက် နိုင်ငံတကာတရားရုံးကို တက်ရောက်ပြီး ဗမာစစ်တပ်ဘက်က ရှေ့နေလိုက်ပေးပါတယ်။ နိုင်ငံခေါင်းဆောင်တဦးအနေနဲ့ နိုင်ငံတကာတရားရုံးမှာ ဒီလိုလျှောက်လဲချက်တင်တာမျိုး တခါမှ မရှိခဲ့ဘူးလို့ ဥပဒေပညာရှင် အသိုင်းအဝိုင်းက ဆိုပါတယ်။ အနောက်တိုင်းမှာ အကြီးအကျယ် ဝေဖန်ရှုတ်ချခံနေရတဲ့ ဒေါ်စုဟာ အခြေခံဥပဒေဘောင်အတွင်းမှာ စစ်အုပ်စုနဲ့ လက်တွဲလုပ်ကိုင်ဖို့သာ ဆုံးဖြတ်လိုက်ပုံ ရပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးစားမပေးတော့ပါဘူး။ ဒါပေမဲ့ စစ်ခေါင်းဆောင်ဟောင်းတွေ အခြေချတဲ့ စစ်တပ်မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ ကိုယ်စားလှယ်လောင်း ဆယ်ဦး ယှဉ်ပြိုင်တဲ့အနက် NLD က ကိုးဦးအနိုင်ရရှိပြီး ကြံ့ဖွံ့ပါတီက တဦးတည်းသာ အနိုင်ရတဲ့အခါ စစ်အုပ်စု သွေးပျက်သွားပုံ ရပါတယ်။

တပ်ချုပ်ကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆန္ဒမဲပေးခဲ့တဲ့ ဇမ္ဗူသီရိမြို့နယ်မှာလည်း NLD ပါတီဝင်ပဲ အနိုင်ရပါတယ်။ တပြည်လုံးမှာ မဲဆန္ဒနယ်မြေ (၁၁၁၇) ခုရှိတဲ့အနက် NLD က (၉၀) အနိုင်ရရှိပြီး ကြံ့ဖွံ့ပါတီက (၇၁) နေရာသာ နိုင်ပါတယ်။ စစ်မှုထမ်းနဲ့ မိသားစုဝင်တွေကပါ NLD ကို မဲပေးကြတဲ့အတွက် တပြည်လုံးက NLD က (၈၂) ရာခိုင်နှုန်း အနိုင်ရရှိပြီး၊ နေပြည်တော်မှာ (၉၀) ရာခိုင်နှုန်း နိုင်တာမို့ ဒေါ်စုကို ယှဉ်တွဲရပ်တည်ဖို့ တပ်ချုပ်ကြီးနဲ့ ကြံ့ဖွံ့ဟာ မရွံ့မရဲ ဖြစ်လာပုံ ရပါတယ်။ NLD ပါတီတခုတည်း အစိုးရဖွဲ့ပြီး ဥပဒေနဲ့အညီလုပ်ရင် မိမိအကျိုးစီးပွား ထိခိုက်နိုင်တာကို တပ်ချုပ်ကြီးက စိုးရိမ်လာပုံရတယ်။

နိုဝင်ဘာလ (၈) ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲကို (၂) အတွင်း အများဆုံး ကန့်ကွက်ဝေဖန်သူတွေဟာ တပ်ချုပ်ကြီးနဲ့ ကြံ့ဖွံ့ပါတီပါ။ မိမိအကျိုးစီးပွားဆုတ်ယုတ်တော့မယ်လို့ တွေးကြောက်နေတဲ့ စစ်အုပ်စုဟာ ပြည်သူဆန္ဒကို ဂရုမစိုက်တော့ပါဘူး။ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းမှာ အားနည်းချက်တွေ ရှိပေမယ့် မဲဆန္ဒရှင်အများစုရဲ့ သဘောထားကို ဖော်ပြတာဖြစ်လို့ ရလဒ်ကို လက်ခံဖို့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေက ဇန်နဝါရီ (၂၉) ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပါတယ်။ ဒါပေမဲ့ ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်သာ ဖြစ်နေတဲ့ တပ်ချုပ်ကြီးဟာ ဒေါ်စုနဲ့ NLD ကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

==Unicode==








XS
SM
MD
LG