သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် နဲ့ စီးပွားရေး


စစ်တပ် နဲ့ စီးပွားရေး
please wait

No media source currently available

0:00 0:05:12 0:00
တိုက်ရိုက် လင့်ခ်

အစိုးရ စီးပွားရေးလမ်းစဉ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် တပ်မတော်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ လိုအပ်ကြောင်း၊ စီးပွားရေး ရည်မှန်းချက် အောင်မြင်ဖို့အတွက် တပ်မတော် ပူးပေါင်းဆောင်ရွက်မှု နဲ့ ကူညီမှုဟာ မရှိမဖြစ် လိုအပ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်ရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့် က လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၉) ရက်နေ့ ရန်ကုန်မှာ ပြောသွားပါတယ်။ စစ်တပ်ပိုင် ကုမ္ပဏီနဲ့ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေဟာ မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတာကြောင့် သူတို့ရဲ့ အကူအညီမရရင် အစိုးရစီးပွားရေးလမ်းစဉ် မအောင်မြင်နိုင်တဲ့သဘောပါ။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို စစ်တပ်က တည်ထောင်ပြီး စီးပွားရေးလုပ်နေတာ အနှစ် (၃၀) နီးပါး ရှိနေပါပြီ။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဟာ ကုန်ထုတ်လုပ်ငန်း၊ အဖျော်ယမကာ၊ ဝန်ဆောင်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ Telecom နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြောင်း Website မှာ ဖော်ပြထားပါတယ်။ “စီးပွားရေးဦးပိုင်လီမိတက်” ဟာ လုပ်ငန်းအမျိုးအစား (၆၀) ကျော် လုပ်ဆောင်နေပြီး ကျောက်မျက်လုပ်ငန်းကို အဓိကထားလုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Myanmar Imperial Jade Co. Ltd ဆိုတဲ့ ဦးပိုင်ကျောက်စိမ်းကုမ္ပဏီဟာ ထင်ရှားပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ သြဂုတ်လမှာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရဲ့ (၂၂) ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ပထမဦးစားပေးက တပ်မတော်သားများနဲ့ သူတို့ကို မှီခိုတဲ့ ဇနီးသားသမီးများ သက်သာချောင်ချီရေး ဖြစ်ပါတယ်။ ဒုတိယက စစ်မှုထမ်းဟောင်းများနဲ့ သူတို့ကို မှီခိုတဲ့ ဇနီးသားသမီးများ သက်သာချောင်ချီရေး ဖြစ်ပါတယ်။ တတိယဦးစားပေးက ပြည်သူလူထု သက်သာချောင်ချီဖို့အတွက် အထောက်အကူဖြစ်ရေးဖြစ်ပြီး၊ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရေးဟာ နောက်ဆုံးဦးစားပေး ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်လက်အောက်ခံ လုပ်ငန်းတွေထဲမှာ စစ်မှုထမ်းဟောင်းကို အလုပ်ပေးချင်တာနဲ့ အရှုံးခံပြီး လုပ်ကိုင်တာတွေ ရှိပုံရှိတယ်လို့ ၂၀၁၅ ထုတ် Adam Smith International အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမြတ်အစွန်းကောင်းကောင်းရတဲ့ လုပ်ငန်းတွေကို စစ်တပ်ပိုင်ကုမ္ပဏီက လက်ဝါးကြီးအုပ်ထားတဲ့အတွက် သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံခြားကုမ္ပဏီကသာ မြန်မာပြည်မှာ စီးပွားရေးလုပ်နိုင်သလို ဖြစ်နေပါတယ်။ စစ်တပ်ရဲ့အခန်းကဏ္ဍ ကြီးမားသလို စစ်တပ်ပိုင်ကုမ္ပဏီတွေလည်း ကြီးထွားလာကြပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီတွေ နိုင်ငံတကာစံနှုန်းအတိုင်း လုပ်ကိုင်နိုင်ဖို့အတွက် အမေရိကန်ကုမ္ပဏီတွေက အကူအညီပေးနိုင်တယ်လို့ ဝါရှင်တန်အခြေစိုက် အာဆီယံ-အမေရိကန် စီးပွားရေးကောင်စီဝင်တဦးက ပြောဆိုကြောင်း ၂၀၁၇ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ထုတ် Financial Times သတင်းစာမှာ ဖော်ပြထားပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို စစ်မှုထမ်းဟောင်းနဲ့ လက်ရှိစစ်မှုထမ်း သုံးသိန်းကျော်က ပိုင်ဆိုင်ပြီး ၂၀၁၆ မှာ ဒေါ်လာ (၇၅) သန်း အမြတ်ရရှိကြောင်း သိရှိရပါတယ်။

ဒါကတော့ ထုတ်ဖော်ပြောဆိုတဲ့ အမြတ်အစွန်း ဖြစ်ပါတယ်။ မထုတ်ဖော်တဲ့ အမြတ်အစွန်း ဘယ်လောက်ရှိမယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ၂၀၁၄ မှာ ကျောက်စိမ်းလုပ်ငန်းဝင်ငွေ ဒေါ်လာသန်းသုံးသောင်းကျော် ရှိမယ်လို့ အင်္ဂလန်အခြေစိုက် Global Witness အဖွဲ့က ခန့်မှန်းပါတယ်။ စစ်တပ်ကုမ္ပဏီတွေဟာ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုပိုင် ကျောက်စိမ်းလုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ စီးပွားရေးဦးပိုင်လီမိတက်ကို စစ်ဦးစီးချုပ် ခေါင်းဆောင်တဲ့ ဗိုလ်ချုပ်ကြီးတစုက အုပ်ချုပ်ထားတာမို့ သီးခြားကမ္ဘာတခုလို ဖြစ်နေတယ်လို့ Financial Times က ဆိုပါတယ်။ စစ်တပ်ကုမ္ပဏီနဲ့ ခရိုနီအရင်းရှင်တွေကို ကိုင်တွယ်ဖို့ကိစ္စမှာ အစိုးရသစ်ဟာ အတော်သတိထားနေရတယ်လို့လည်း ဖော်ပြပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီတွေ ပြုပြင်ပြောင်းလဲရေးကို အမေရိကန်က အများကြီးကူညီနိုင်တယ်လို့ ဆိုပါတယ်။

တိုင်းပြည်စီးပွားရေးကို စစ်တပ်က လက်ဝါးကြီးအုပ် အမြတ်ထုတ်နေတယ်လို့ ပြည်တွင်းပြည်ပမှာ နားလည်ထားကြပါတယ်။ ဒါကြောင့် တပ်မတော်ဟာ ရယူလိုမှု အနည်းဆုံးနဲ့ ပေးဆပ်နိုင်မှု အများဆုံး အဖွဲ့အစည်းဖြစ်ကြောင်း ဇန်နဝါရီလ (၄) ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောသွားတာကို တအံ့တသြ ဖြစ်နေကြပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီတွေဟာ စစ်မှုထမ်းနဲ့ မှီခိုသူမိသားစုကို အကူအညီပေးနိုင်တဲ့အဆင့် မရောက်သေးဘူးလို့လည်း မြင်ကြပါတယ်။ တပ်ထဲမှာ စစ်ဗိုလ်နဲ့ စစ်သား ခွဲခြားသလို စီးပွားရေးမှာလည်း ခွဲခြားထားတာမို့ “စစ်ဗိုလ်တိုက်ဆောက် စစ်သားချိုင်းထောက်” ဆိုတဲ့စကား ပေါ်ထွက်လာပုံ ရပါတယ်။

လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းနဲ့ အရေးကြီးတဲ့ဝန်ကြီးဌာန (၃) ခုကို စစ်ဗိုလ်တွေက ယူထားပြီး၊ တပ်မတော်ဟာ နိုင်ငံရေးလောင်းရိပ်ကနေ ကင်းလွတ်ရမယ်လို့ ဗိုလ်လောင်းအပတ်စဉ် (၅၉) သင်တန်းဆင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပြန်ပါတယ်။ နိုင်ငံခြားခရီးစဉ်တွေမှာလည်း ဗိုလ်ချုပ်မှူးကြီးကို နိုင်ငံ့ခေါင်းဆောင်တဦးသဖွယ် ကြိုဆိုဧည်ခံကြတာ တွေ့ရပါတယ်။ အရပ်သားတပိုင်းအစိုးရခေတ်မှာ ဒဏ်ခတ်ခံခဲ့ရတဲ့ စစ်ဗိုလ်ကြီးတွေနဲ့ သူတို့ရဲ့ ခရိုနီတွေ ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတကာက အသိအမှတ်ပြုတဲ့အဆင့်ကို ရောက်ရှိနေပြီး ဖြစ်ပုံရပါတယ်။

XS
SM
MD
LG