သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်နှင့် မြန်မာ့နိုင်ငံရေး


Migrant workers from Myanmar get their temperatures taken by healthcare workers at the Myawaddy border office after passing through border gate at Myawaddy, Myanmar, after leaving Thailand due to the coronavirus disease (COVID-19) outbreak, March 24, 2020
Migrant workers from Myanmar get their temperatures taken by healthcare workers at the Myawaddy border office after passing through border gate at Myawaddy, Myanmar, after leaving Thailand due to the coronavirus disease (COVID-19) outbreak, March 24, 2020
ကိုဗစ်နှင့် မြန်မာ့နိုင်ငံရေး
please wait

No media source currently available

0:00 0:10:58 0:00
တိုက်ရိုက် လင့်ခ်

အခုတပတ် မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် မြန်မာနိုင်ငံမှာ ဘက်စုံစည်းလုံးညီညွှတ်ရေး ရနိုင်မလားကိစ္စကို ၁၉၉၀ ပြည့် ရွေးကောက်ခံ လွှတ်တော်အမတ်လောင်း ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ အပစ်ခတ်ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့လို ပုဂ္ဂိုလ်တွေက ဆော်သြထားသလို၊ မြန်မာနိုင်ငံတွင်းမှာလည်း အလာတူအပစ်ခတ်ရပ်စဲဖို့ လိုအပ်တယ်လို့ အဖွဲ့အစည်းတချို့က ပြောဆိုနေကြတာ ရှိပါတယ်။ တကယ့်ဖြစ်လာနိုင်မယ့် အလားအလာကိုတော့ ဒေါက်တာတင့်ဆွေက အခုလိုစတင်ဆွေးနွေးထားပါတယ်။

ဖြေ ။ ။ ပဏာမဖြေရရင်တော့ ကျနော်ကတော့ အလားအလာသိပ်အားမရဘူး။ အားတော့နာတယ် - ဘာကြောင့်လဲဆိုတော့ စစ်ပွဲတွေဖြစ်တိုင်း ကမ္ဘာပေါ်မှာ ဗမာသာမကပါဘူး၊ စစ်ပွဲကိုအကြောင်းပြုပြီး စီးပွားရေးအမြတ်ထုတ်ကြတယ်။ နောက်တခါ နိုင်ငံရေးအမြတ်ထုတ်ကြပါတယ်။ ဒါကတော့ အခြေခံပေါ့။ မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေကိုကြည့်ရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အပြစ်တင်ဝေဖန်ခံရတဲ့ ခေါင်းဆောင်တွေ ရှိပါတယ်။ လက်ရှိအစိုးရကအစ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပါတယ် ဝေဖန်ခံရတယ်။ စီမံခန့်ခွဲမှု၊ ကြိုတင်ပြင်ဆင်မှု၊ ပစ္စည်းရုပ်ဝတ္ထုအင်အား၊ ငွေကြေးအင်အား ဖြည့်တင်မှုအပိုင်းမှာ အစိုးရကို အပြစ်တင်ကြပါတယ်။ နောက်တခါ သတင်းဖြန့်ချီမှုအပိုင်းမှာ ပြန်ကြားရေးကို အပြစ်တင်ကြတာက လက်ရှိအခြေအနေ။ အဲဒီအခြေအနေမှာ ကျနော်တို့ သူများနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် တပ်မတော်နဲ့ ပတ်သက်ပြီး၊ ဆက်ပြောပါရစေ။

ဥပမာ ဗြိတိန်နိုင်ငံမှာဆိုရင် ExCel Exhibition Centre ခေါ်တဲ့ ဧရာမပြပွဲခန်းမကြီးကို ဗြိတိန်စစ်ဘက်နဲ့ ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနဘက်က ပေါင်းပြီးတော့ ကုတင် (၄၀၀၀) ဆန့် ယာယီဆေးရုံ ပြောင်းပေးကြတယ်။ ဒါက အင်မတန်မှကောင်းတဲ့လုပ်ရပ်။ နောက်တခါ အမေရိကန်ပြည်ထောင်စုမှာဆိုရင်လဲ စစ်သင်္ဘောကြီးက ကပ်လာပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်လို့ ရွှေ့ဆိုင်းထားတဲ့ ခွဲစိတ်လူနာတွေကို အဲဒီစစ်သင်္ဘောက ကုပေးမယ်။ အဲဒါက ကောင်းတဲ့နမူနာ။ ကျနော်တို့ ဗမာနိုင်ငံမှာကော တပ်မတော်က ဘာတွေဆောင်ရွက်ပေးသလဲ။ ပေးနေသလဲ။ ပေးအုံးမလဲ။ အခုထိတော့ ကျနော်တို့ မသိဘူး။ ဒါက ကျနော်အနေနဲ့ တပ်မတော်နဲ့ NLD အစိုးရပေါ်မှာ။

နောက်တခါ မေးခွန်းရဲ့ အဓိကအချက်ဖြစ်တဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကတော့ ကိုရိုနာဖြစ်လို့ ထူးပြီးကောင်းလာမယ်လို့တော့ ကျနော်ကတော့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော် အရင်အကြိမ်ကြိမ်ဆွေးနွေးပါတယ်။ ကိုရိုနာဖြစ်မှ လက်နက်ကိုင် ရပ်စဲမယ့်ဆိုတာ စစ်တပ်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေက လေးလေးနက်နက် စဉ်းစားကြရဲ့လား။ ကျနော်ကတော့ စဉ်းစားမကြဘူးလို့ ထင်တဲ့အတွက် မေးခွန်းရဲ့အဖြေကတော့ အားမရဘူးလို့ပဲ ဖြေပါရစေ။

မေး ။ ။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတချို့ကတော့ အပစ်ခတ်ရပ်စဲရေးကို အားသွန်ခွန်စိုက် လုပ်မယ်ဆိုပြီးတော့ ပြောနေကြတယ်။ အထူးသဖြင့် အခုတိုက်ပွဲအပြင်းထန်ဆုံး ဖြစ်နေတဲ့ AA ရခိုင်တပ်ဆိုရင်လဲ၊ သူတို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စကားကို တချိန်လုံးပြောနေတာလို့ သိရပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က ဒီကိစ္စကို လက်ခံခြင်းမရှိတဲ့အပြင်၊ အခုဆိုရင် နောက်ဆုံးကြတဲ့ သတင်းအရ၊ KIA ထဲမှာ AA ကို ထားရှိတဲ့ကိစ္စကို မထားဖို့၊ အစိုးရက ဖိအားပေးနေတယ်လို့ သိရပါတယ်။ ဆိုတော့ တိုင်းရင်းသားတွေဘက်က လိုချင်တဲ့သဘောတော့ တွေ့ရတယ်ဆိုရင် မှားသလား။ ပြီးတော့ အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုတာကလဲ တိုင်းရင်းသားအင်အားစု KNU ဘက်က ပြောတာကိုလည်း ကြားရပါတယ်။

ဖြေ ။ ။ ဒီကိစ္စမှာလဲ တိုင်းရင်းသားအင်အားစုလို့ ခြုံပြောရတာ တခါတခါ ကောက်ချက်က မမှန်တတ်ပါဘူး။ ကျနော်တို့မြန်မာနိုင်ငံမှာ လက်ရှိ လက်နက်ကိုင်ပြီးတော့ အစိုးရကို တော်လှန်နေတဲ့ အဖွဲ့အစည်းပေါင်း မြောက်မြားစွာရှိတဲ့အတထဲမှာ နိုင်ငံရေးရည်ရွယ်ချက်၊ အမျိုးသားရေးရည်ရွယ်ချက်တွေက မတူကြဘူးပေါ့။ သို့သော်လဲ သူတို့တွေက အင်အားအဖြစ်စုပြီးတော့ အစိုးရနဲ့ဖြစ်ဖြစ်၊ တပ်မတော်နဲ့ဖြစ်ဖြစ်၊ စုစည်းမှုပြုပြီးတော့ လိုချင်တာတွေကို ဆောင်ရွက်ကြတာ ဒီဟာကတော့ မှန်တာပေါ့။ ကျနော်ကပြောချင်တာက အကျိုးစီးပွား ရည်ရွယ်ချက်တွေ သိပ်မတူကြဘူးလို့ ပဏာမပြောချင်တယ်။

နောက်တခါ အခုမေးခွန်းအတိုင်းဖြစ်တဲ့ AA နဲ့ ပတ်သက်ရင် တပ်မတော်ဘက်က ဆောင်ရွက်နေတာတွေက တကယ့်ကို မေးခွန်းထုတ်စရာ အဆီအငေါ မတည့်ဘူးလို့ ဒါကတော့ ကျနော်ထင်တယ်။ AA က တောင်းတောင်း၊ ဘယ်သူကတောင်းတောင်း၊ အပစ်အခတ်ရပ်စေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်းတောင်းမတောင်းတောင်း၊ ဒါက ဖြစ်သင့်တဲ့ကိစ္စ၊ ကြိုဆိုရမယ့်ကိစ္စ။ ဒါကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တပ်မတော်ဘက်ကတော့ အခုထိ နှစ်ပေါင်း လေးငါးဆယ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် အတော့်ကို အကဲမရတဲ့ အနေအထားကတော့ အခုထိ တိုးတက်ပြောင်းလဲလာတယ်လို့ ကျနော်မထင်ဘူး။ အဲဒီတော့ ဒီကူးစက်ရောဂါကြီးကို အကြောင်းပြုပြီးတော့ တပ်မတော်ကများ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီးတော့ အယူအဆပြောင်းရင်တော့ ကောင်းတာပေါ့။ သို့သော် ကျနော်ကတော့ မမြင်ဘူး။

မေး ။ ။ တပ်မတော်ရဲ့ ပြည်တွင်းစစ်အပေါ်မှာ သဘောထားက အပြုတ်တိုက်ရေးလား။ သို့တည်းမဟုတ် တဘက်သားကို အင်အားပျော့ညံ့သွားပြီးမှ အလျှော့ပေးပြီးမှ ငြိမ်းချမ်းရေး၊ စေ့စပ်ရေးထဲကို ဝင်လာအောင် တပ်မတော်အနေနဲ့ အပေါ်စီကနေ စေ့စပ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်များ ရှိနေသလား။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဖြစ်ဖြစ် သူတို့ရည်ရွယ်ချက်အတိုင်း ဖြစ်လာနိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အဲဒါကို ကျနော်တို့ လွတ်လပ်ရေးရကတည်းက စပြီးတော့ ခြုံပြီးတော့ ကြည့်တဲ့အခါမှာ တပ်မတော်ဘက်က မဟာဗျူဟာအမျိုးမျိုးပြောင်းတယ်။ နည်းဗျူဟာတွေအမျိုးမျိုး ပြောင်းခဲ့ပါတယ်။ အစကတော့ ကွန်မြူနစ်ကို အပြုတ်တိုက်ရေးကို ဦးတည်ပြီး ဆောင်ရွက်ခဲ့ကြတယ်။ ဗိုလ်ချုပ်နေဝင်းလက်ထက်က။ ဒါက အတိုင်းအတာ တစုံတရာအထိ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ အဲဒီနောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ တောခိုတယ်လို့ ပြောပါတော့ - အဲဒီကာလမှာတော့ တပ်မတော်၊ စစ်အစိုးရတွေ - ဦးနေဝင်းပြီး စစ်အစိုးရ ဖြစ်လာတဲ့အခါမှာ သူတို့က ချက်ချင်းယာယီ အပစ်ခတ်ရပ်စဲရေး၊ ပထမဦးဆုံးကတော့ ငြိမ်းချမ်းရေးနဲ့ လက်နက်လဲတယ်ဆိုတဲ့ အစီအစဉ် လုပ်ခဲ့တယ်။ ကျနော်မြင်တာ အတိုင်းအတာတခုအထိတော့ အောင်မြင်ပါတယ်။ ဒါကတော့ ကျနော်တို့ ငြင်းလို့မရဘူး။ သို့သော် အဲဒါ ယာယီသဘောသာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အစိုးရပြောင်းလာတယ်။ ဦးသိန်းစိန်အစိုးရကစပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြောင်းလာတယ်။ တခါ NLD အစိုးရလက်ထက်မှာလဲ အဲဒါနဲ့မကွာလှတဲ့ ပင်လုံညီလာခံဆိုပြီး ပြောင်းလာတယ်။ အဲဒီမှာ တပ်မတော်က အရေးကြီးဆုံး။ လက်နက်ကိုင်အဖွဲ့ကို လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းတိုက်ခိုက်နေတာ တပ်မတော်ဖြစ်နေတော့ အစိုးရက ဘာလုပ်လုပ် တပ်မတော်ရဲ့ သဘောထားက အင်မတန်မှ အရေးကြီးပါတယ်။

အခုနောက်ဆုံးအခြေအနေကိုကြည့်ရင် တပ်မတော်က အပြုတ်အလဲတိုက်နိုင်စွမ်း မရှိဘူး။ တိုက်ချင်စိတ်လည်း မရှိဘဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းလဲ သူက မပါဖြစ်လို့ ပါနေရသလို ဖြစ်ပြီးတော့ ထိုးထွင်တဲ့ အရှည်ကိုမြင်တဲ့ တိုင်းပြည်အကျိုးစီးပွားကိုကြည့်တဲ့ မဟာဗျူဟာအမြင် တပ်မတော်မှာ ချို့ယွင်းနေတယ်လို့ ကျနော်က ယူဆပါတယ်။ ဒါကြောင့် ဒီလိုပဲ ရေရှည်ဆွဲပြီးတော့ စစ်အစိုးရ တက်လာခါစဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေရှိလို့ တပ်မတော်ကို အားကိုးထိုက်တဲ့ အဖွဲ့အစည်းလို့ မြင်လာအောင် ပုံဖော်တဲ့ နိုင်ငံရေးအမြတ်ကလည်း ထုတ်ခဲ့တယ်။ အဲဒီတော့ ချုပ်လိုက်လို့ရှိရင်တော့ တပ်မတော်မှာ တိုက်နိုင်စွမ်းနဲ့ တိုက်ချင်စိတ်တို့ မရှိဘူး။ ဒါကြောင့် ပြည်တွင်းစစ်ဆိုတဲ့ တိုက်ပွဲကတော့ ဆက်ရှည်ကောင်း ရှည်နိုင်တယ်လို့ ကျနော်က မြင်ပါတယ်။

မေး ။ ။ အဲဒီတော့ တပ်မတော်ဟာ တိုင်းရင်းသားတွေ အားကိုးလောက်တဲ့ အဖွဲ့ဆိုတဲ့ အမြင်မျိုးရဖို့အတွက် အခုအချိန်မှာ အခွင့်ကောင်းလို့ ကျနော်ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ လူတွေရဲ့အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးရင်၊ အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေမှာဆိုရင် သိပ်ကို ကျန်းမာရေးအခြေအနေ စိုးရိမ်စရာကောင်းမယ်လို့ ထင်ပါတယ်။ ဒီလိုအခြေအနေမှာ သူတို့ပဋိပက္ခကို ရပ်ပြီးတော့ ဒီကိစ္စမှာ ကူညီဖြေရှင်းပေးရင် ပိုပြီးသင့်တော်မယ်လို့ သူတို့မစဉ်းစားမိတာလား။

ဖြေ ။ ။ မှန်ပါတယ်။ ကျနော်လည်း အဲဒီလို အင်မတန်မှ ဖြစ်စေချင်တယ်။ တပ်မတော် ကျဆင်းပျက်စီးခဲ့တဲ့ နာမည်ဂုဏ်ရှိန် ပြန်တင်ဖို့၊ သူ့ရဲ့စွမ်းရည်ကို ပြန်မြှင့်ဖို့၊ တိုင်းပြည်အတွက်ကို ဦးတည်တဲ့ ရည်ရွယ်ချက်ပြောင်းဖို့ဆိုတာ အခွင့်ကောင်းကို ရှာကြရပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ်က ရောဂါအသစ်ဖြစ်တော့ မြန်မာနိုင်ငံမှာ ဘယ်လောက်ပမာဏအထိ ကြီးမားမလဲဆိုတာ ဘယ်သူမှလဲ ဒီအချိန်မှာ ပြောလို့မရဘူး။ ဆိုးလာခဲ့ရင် တပ်မတော်က ဒီအတိုင်းပဲ၊ သူ့အတွက်ပဲ လုံခြုံအောင်လုပ်ပြီးတော့၊ သူ့အကျိုးစီးပွားအတွက်ပဲ နေမယ်ဆိုရင်တော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာက ကျသထက်ကျပြီးတော့၊ ဒါကို အခွင့်ကောင်းယူပြီးတော့ တပ်မတော်က ဂုဏ်သိက္ခာပြန်တက်အောင် ကြိုးစားလို့ရှိရင် ဒါက အခွင့်ကောင်းကြီးတရပ် ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ အဲဒါ အခုနမေးခွန်းထဲမှာပါသလို စစ်ဘေးရှောင်ဒေသတွေမှာများ ကူးစက်ရောဂါရောက်ရင် မတွေးဝံ့စရာပါ။ အဲဒီတော့ ဒီအခြေအနေတွေကို ကြည့်ပြီးတော့ တပ်မတော်နဲ့ လက်ရှိအစိုးရတို့ ထိထိရောက်ရောက် ကြိုတင်ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေ၊ အကူအညီရယူမှုတွေ လုပ်သင့်ကြတဲ့ကာလ ဖြစ်ပါတယ်။ အဲဒါကိုဖြစ်အောင် ကြိုးစားကြစေချင်တယ်လို့ ကျနော်အနေနဲ့ အလေးအနက် တိုက်တွန်းချင်ပါတယ်။

မေး ။ ။ အစိုးရနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ပြည်သူတွေ စုပေါင်းညီညာပြီးတော့ ဒီရောဂါကြီးကို ဝိုင်းပြီးတိုက်ခိုက်ရမယ့် အခြေအနေ ဖြစ်နေတာပေါ့။ ဒီအချိန်မျိုးမှာ သွေးစည်းညီညွှတ်ရဖို့ အရေးကြီးဆုံးပေါ့။

ဖြေ ။ ။ မှန်ပါတယ်။ ကျနော် အပြည့်အဝ သဘောတူပါတယ်။ ကျနော်တို့အားလုံး ဘယ်သူ့ဘယ်သူကိုမှ လက်ညှိုးထိုး အပြစ်တင် ပြောမနေကြဘဲနဲ့ တိုင်းပြည်တခုလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေးတာဝန်တရပ်လို့ စစ်တပ်၊ အစိုးရ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာ၊ သာမန်ပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အကုန်လုံးက ဝိုင်းဝန်ပြီးတော့ လုပ်ကိုင်ကြရင်တော့ ကျနော်တို့ အများကြီးသက်သာမယ်။ နောက်တခါ ဒါကို အခွင့်ကောင်းကြီးတရပ်လို့ ယူဆပြီးတော့ ပြင်ဆင်မှုတွေ၊ ပေါင်းစည်းမှုတွေ၊ အကုန်ဆောင်ရွက်ကြရင်တော့ ဒီကိုရိုနာဗိုင်းရပ်စ်ကြောင့်မို့ ကျနော်တို့မြန်မာနိုင်ငံဟာ သမိုင်းစာမျက်နှာသစ်များ ဖွင့်နိုင်လေမလားလို့ မျှော်လင့်ချင်ပါတယ်။

==Unicode==
















XS
SM
MD
LG