သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ကာလ အခြေခံလူထုအတွက် လျှပ်စစ်ဓါတ်အားခတချို့ ကင်းလွတ်ခွင့်ပေးမည် 


(Zawgyi/Unicode)

COVID- 19 ရောဂါ ထိန်းချုပ်ရေးအတွက် သင်္ကြန်ကာလအတွင်းအပြင်မထွက်ဖို့ တားမြစ်ထားချိန်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူထုတွေကို ဆန်၊ဆီ၊ဆား စတာတွေ ထောက်ပံ့မှာဖြစ်ကြောင်း နဲ့ ဒီလကုန်အထိ လျှပ်စစ်ဓါတ်အားခတွေကို ၁၅၀ယူနစ်အထိ ကင်းလွတ်ခွင့် ပေးမှာဖြစ်ကြောင်း တနင်္လာနေ့က အစိုးရက ကြေညာလိုက်ပါတယ်။

ဒီလိုကြေညာလိုက်တဲ့အပေါ်မှာ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ယူနစ် ၁၅၀အတွက် လျှပ်စစ်ဓါတ်အားခကို အခမဲ့ မရယူဘဲ အစိုးရကို ပြန်လည်ပေးလှူကြဖို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ လှုံဆော်ဆောင်ရွက်နေ တဲ့အကြောင်း ကိုမိုးဇော် တင်ပြထားပါတယ်။

လျှပ်စစ်ဓါတ်အားခကို အစိုးရကို ပြန်လည်လှူဒါန်းရေးအတွက် လူမှုကွန်ယက်စာမျက်နှာမှာ တိုက်တွန်းနေသူတစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့ လမ်းမတော်က ကိုဇင်ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ မတတ်နိုင်တဲ့သူတွေအဖို့ကတော့ ဝမ်းမြောက်စရာပေါ့။ တတ်နိုင်တဲ့သူတွေအဖို့ကလည်း ဝမ်းမြောက်ပေမဲ့ ကိုယ်သုံးတဲ့ ဥစ္စာလေးကို ယူနစ်ဘယ်လောက်လည်း ၁၅၀ကို တွက်လိုက်တဲ့အခါ တစ်သောင်းတစ်ထောင်နဲ့ ငါးရာလားမသိဘူးကျတယ်။ အဲဒီ သောင်းတစ်ထောင်ငါးရာက တတ်နိုင်တဲ့လူတွေအဖို့ကတော့ ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ကျနော်တို့တတွေက အစိုးရကို အကူအညီပေးရမှာပေါ့။ ဒီ facebook ရဲ့ လှုံ့ဆော်မှုကြောင့် လူတွေအားလုံးကတော့ တော်တော်များများ ပါကြတယ်။ ကျနော်တို့ နီးစပ်တဲ့သူတွေကလည်း လှူမှာပါ။ ဘာမှလည်း အပန်းမကြီးဘူးလေ။”

ဒီလိုလှူဒါန်းရာမှာ အစုအဖွဲ့လိုက်စုပေါင်းလှူဒါန်ဖို့ စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးမှာ တစ်ဦးချင်းက အစိုးရက ကြေညာထားတဲ့ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဘဏ်စာရင်းမှာပဲ ထည့်သွင်းဖို့ ဆုံးဖြတ်ကြကြောင်းလည်း ပြောပါတယ်။

လျှပ်စစ်ဓါတ်အားခတွေကို ပြန်လည်လှူဒါန်းရေးအတွက် အနုပညာအခမ်းအနားတွေမှာ အစီအစဉ် တင်ဆက်သူအဖြစ်ဆောင်ရွက်တဲ့ မောင်မောင်အေးကလည်း သူ့ရဲ့ facebook စာမျက်နှာကနေ လှုံ့ဆော်ထားပါတယ်။

မောင်မောင်အေးက အစိုးရက အခုလို အခမဲ့ပေးရင် COVID-19 တိုက်ဖျက်ရေးအတွက် မလောက်ငတဲ့ ဘက်ဂျက်က ပိုနည်းသွားမယ်။ ဒါကြောင့် တစ်ဇွန်းကူမသောက်ဘဲ ပြန်လှူဒါန်းကြရင် မကောင်းဘူးလားလို့ တင်ပြထားပါတယ်။

ဒီအမြင်အပေါ် လားရှိုးမြို့ ရှမ်းမြောက်ချယ်ရီမြေဓါတ်ပုံအသင်းက ကိုကျော်စွာက ထောက်ခံခဲ့သလို ပါဝင်လှူဒါန်းကြဖို့လည်း သူက အခုလို ပြောပါတယ်။

“ ကျနော်တို့နိုင်ငံကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခြေခံ လူတန်းစားတွေ များတာပေါ့လေ။ များတော့ ဒါလေးကို နိုင်ငံတော်ဘက်က တတ်နိုင်သမျှ ပံ့ပိုးပေးတာ တကယ်ပဲ ဝမ်းသာတယ်။ ဒီ ဖြစ်စေချင်တာကတော့ တတ်နိုင်တဲ့သူတွေကလည်း ဒါလေးတွေကို နိုင်ငံတော်က အခုလုပ်နေတဲ့ ပရောဂျက်မှာ အခုလုပ်နေတဲ့ COVID-19နဲ့ပတ်သက်တဲ့ ပရောဂျက်တွေမှာ ပြန်ပြီးတော့မှ သုံးလို့ ရအောင် တစ်ဘက်တစ်လမ်းကနေ ပြန်ပြီးတော့ လှူပေးသင့်တယ်ပေါ့လေ။ ပြန်ပြီးတော့မှ အစိုးရကို ပံ့ပိုးပေးတာပေါ့။ တစ်ယောက်ကို သောင်းဂဏန်းပြန်ပြီးတော့ ပို့လာရင် အိမ်ထောင်ပေါင်း တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်းဖြစ်သွားတဲ့အချိန်မှာ ပိုက်ဆံတွေက ဘီလျံချီသွားပြီဗျ။ ကျနော်တို့ထက် အခြေအနေ အများကြီးဆိုးတဲ့ လူထုတွေဆီ ရောက်စေချင်တာ။”

၁၄ရက် အပြင်မထွက်ရဘဲနေထိုင်နေရသူတချို့ဟာ စားသောက်ရေးအတွက် အခက်အခဲရှိတာတွေ တွေ့ရကြောင်း ဒီလိုသူတွေဆီကို ပံ့ပိုးပေးဖို့လိုအပ်ကြောင်းလည်း ဆက်ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ COVID- 19 အလွန်ကာလမှ လက်ရှိ ပြည်တွင်းက အလုပ်လက်မဲ့ဖြစ်ရသူတွေနဲ့ထိုင်းနိုင်ငံက ပြန်လာနိုင်သူတွေကို အလုပ်အကိုင် ပေးရေးဟာ စဉ်းစားထားရမယ့် အချက် ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

“ စီးပွားရေးကပ်နဲ့ အလုပ်လက်မဲ့ဖြစ်တဲ့သူက များလိမ့်မယ်ထင်တယ်။ ဒီ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ဆက်ပြီး မြန်မာပြည်ပါ ထိတော့မယ်ဆိုတဲ့ဟာကတော့ ကျနော်တို့က ကြုံနေရပြီပေါ့ဗျာ။ ကျနော်တို့ မြန်မာပြည်က အလုပ်သမား သန်းချီပြီး အလုပ်လုပ်တဲ့ ထိုင်းပေါ့ဗျာ။ အဲဒါကလည်းပဲ ဧပြီ ၁၅ရက်နောက်မှ ပြန်လာပါလို့ ပြောတဲ့အခါမှာ ဘယ်လောက်ပြန်လာမလဲဆိုတာ ခန့်မှန်းလို့ မရဘူး။ စီးပွားရေးနဲ့ပတ်သက်ပြီး ဒီလောက် လူအများကြီးဖြစ်လာတဲ့အချိန်မှာ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ ပြဿနာပေါ့နော်။ ရေရှည်ပြဿနာကိုတော့ ကျနော်တို့က စဉ်းစားပြီးတော့ ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်ထင်တယ်။”

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရချိန်မှာ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းပြီး အသုံးစရိတ်တွေ လျော့ချဖို့ လိုအပ်ကြောင်းလည်း ဦးမောင်မောင်စိုးက ပြောပါတယ်။

လောလောဆည်မှာတော့ အစိုးရက COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် အမျိုးသားအဆင့် ဗဟို ကော်မတီ နဲ့ အရေးပေါ်တံ့ုပြန်ရေးကော်မတီ တို့ကို ဖွဲ့စည်းဆောင်ရွက်နေသလို COVID- 19ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်းကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

...................


(Unicode)















ဆက်စပ်သတင်းများ ...

XS
SM
MD
LG