သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သိထားသင့်သည့်အချက်များ


ပုံကြီးချဲ့ထားသော 2019 Novel Coronavirus (2019-nCoV) ပိုးပုံ။
ပုံကြီးချဲ့ထားသော 2019 Novel Coronavirus (2019-nCoV) ပိုးပုံ။

(Zawgyi/Unicode)

Coronavirus ပိုး စတင်ကူးစက်ချိန် ဒီဇင်ဘာနှောင်းပိုင်းနဲ့ ဖေဖော်ဝါရီအစောပိုင်းကာလတွေမှာကတည်းက ဒီရောဂါနဲ့ပတ်သက်တဲ့ ကောလဟာလတွေ၊ သတင်းအမှားတွေက အင်တာနက်မှာပျံ့နှံ့နေခဲ့ပါတယ်။ အခုအခါမှာတော့ မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်လာသူဦးရေ တိုးလာတာနဲ့အတူ အခြေအမြစ်မရှိတဲ့ သတင်းမှားတွေရဲ့ အန္တရာယ်ဟာလည်း ဒီဗိုင်းရပ်စ်ထက်တောင် ပိုပြီးစိုးရိမ်စရာကောင်းနေပါတယ်။ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ယုံမှားသံသယဖြစ်စရာအချက်တွေကို ရှောင်ရှားဖို့ ကိုဝင်းခန့်မောင်နဲ့ အတူ မအိသန့်စင်တို့က တင်ပြထားပါတယ်။

(၁)ဒီဗိုင်းရပ်စ်ကို နိုင်ငံတနိုင်ငံက ဖန်တီးဖြန့်ဖြူးတာလား။

ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ ဈေးအနီးမှာ တရုတ်အစိုးရရဲ့ ဓါတ်ခွဲခန်းတစ်ခုရှိနေတာကြောင့် ဒီဗိုင်းရပ်စ်ဟာ ဓါတ်ခွဲခန်းက ထုတ်လုပ်တာများလားလို့ သံသယအမြင်တွေ လူထုကြားရှိခဲ့ကြပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ပြည်က နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိနေကြားမှာတောင် ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲချက်တွေလုပ်လာကြပါတယ်။ ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ ဒီဗိုင်းရပ်စ်ဟာ လင်းနို့ခန္ဓာကိုယ်ထဲမှာတွေ့ရတဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး၊ အရင်ဖြစ်ခဲ့ဖူးတဲ့ SARS ရောဂါပိုးနဲ့ အလားသဏ္ဍန်တူကာ လူတွေဖန်တီးတဲ့ ဗိုင်းရပ်စ်မဟုတ်ဘူးဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

(၂) ရောဂါကုဖို့ဆေးတွေ့နေပြီဆိုတာ ဟုတ်ပါသလား။

ဒီရောဂါပိုးအတွက် သီးသန့်ကုသဖို့ ဆေးမတွေ့သေးပါဘူး။ ကာကွယ်ဆေးနဲ့ ကုသဖို့ဆေးတွေကို အခုအချိန်ထိ ရောဂါပိုးရှိသူလူနာတချို့နဲ့ စမ်းသပ်ကြည့်နေတုန်းပဲရှိပါသေးတယ်။ ငှက်ဖျားရောဂါကို တိုက်ဖျက်တဲ့ ကလိုရိုကွင်းဆေးကိုတော့ စမ်းသပ်သုံးစွဲနေပြီး ရလဒ်ကောင်းတွေတွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒီဆေးဟာ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ဆေးပညာရှင်တွေနဲ့ ကုသမှုနဲ့သာ အသုံးပြုဖို့ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကို အသက်အောင့်ပြီး ရောဂါပိုးရှိမရှိစစ်နိုင်ပါသလား။

အွန်လိုင်းက ဗွီဒီယိုတချို့မှာ ပြန့်နေသလို အသက်အောင့်ထားပြီး ၁၀စက္ကန့်လောက်ချောင်းဆိုးမဆိုး စမ်းကြည့်ရင် ရောဂါပိုးရှိမရှိသိနိုင်တယ်ဆိုတာလည်း မမှန်ကန်ပါဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အဆုတ်နဲ့ပတ်သက်တဲ့ တခြားရောဂါတွေကိုလည်း အခုလိုစမ်းသပ်လို့ မတွေ့ရှိနိုင်ပါဘူး။

5 Myths about Covid-19 4
5 Myths about Covid-19 4

(၄) ရာသီဥတု ပူပြီး စိုထိုင်းတဲ့နေရာမှာ ရောဂါပိုးရှိနိုင်ပါသလား။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်မှာတော့ COVID-19 ရောဂါပိုးဟာ ပူပြင်းပြီး စိုထိုင်းတဲ့ ရာသီဥတုအပါဝင် နေရာဒေသမရွေးဖြစ်နိုင်ကြောင်း ဆိုထားပါတယ်။ ဒါ့အပြင် အေးတဲ့အရပ်ဒေသနဲ့ နှင်းကျတာမကျတာဟာလည်း ရောဂါပိုးကို သေစေနိုင်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

(၅) ခန္ဓာကိုယ်ကို အရက် (သို့) ကလိုရင်းပါဝင်သော ဆေးဖြန်းခြင်းက ရောဂါပိုးကင်စင်နိုင်ပါသလား။

မြန်မာပြည်က တချို့ နေရာတွေမှာပြုလုပ်နေကြသလို ခန္ဓာကိုယ်ပေါ် ဆေးဖြန်းတဲ့ နည်းလမ်းကို WHO က အကြံပြုမထားပါဘူး။ ခန္̕ဓာကိုယ်ထဲကို ဝင်ပြီးသား ရောဂါပိုးကို အခုလိုဆေးဖြန်းခြင်းက မတားဆီးနိုင်သလို ဆေးထဲမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် မျက်လုံးနဲ့ ပါးစပ်ကို ထိခိုက်စေနိုင်ပါတယ်။ အရက်နဲ့ ကလိုရင်းပါတဲ့ စံချိန်စံညွှန်းကိုက်ညီ ထုတ်လုပ်တဲ့ သန့်စင်ဆေးရည်တွေကိုတော့ အရာဝထ္ထုမျက်နှာပြင်တွေပေါ် ပိုးသတ်ရာမှာ အသုံးပြုနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်


.................

(Unicode)














XS
SM
MD
LG