သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီး မျှော်လင့်ချက်


တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတခေါက် တရုတ်ခရီးစဉ်အတွင်းမှာ မြစ်ဆုံတာတမံ စီမံကိန်းနဲ့ ပတ်သက်လို့ အဖြေတစုံတရာ ပေါ်ထွက်လာလိမ့်မယ်လို့ ပြည်သူတွေ မျှော်လင့်နေကြပါတယ်။ နှစ်ဘက် အကျိုးအတွက် အထူးသဖြင့် မြန်မာ့အကျိုးအတွက် ဘယ်လို ဆုံးဖြတ်သင့်သလဲဆိုတာ တရုတ်ပြည် အခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇော၊ ဝါရင့်သတင်းစာဆရာကြီး ဦးကျော်ရင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆရာနဲ့ဆရာမကို မေးချင်တာကတော့ မြစ်ဆုံကိစ္စ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို ခရီးသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို မလွှဲမသွေ ဆွေးနွေးပါလိမ့်မယ်။ ဒီကိစ္စဟာ မြန်မာပြည်သူတွေ အလေးထားတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်။ စီမံကိန်းက ရနိုင်တဲ့ အကျိုးအမြတ်က ဘယ်လောက် ရှိသလဲဆိုတာကို အမှန်တကယ် သဘောပေါက်ခဲ့ကြသလားဆိုတာကို ပထမဦးဆုံး သိချင်ပါတယ်။ အဆိုးအကောင်းကို ချင့်ချိန်နိုင်တဲ့ အခြေအနေ ရှိခဲ့ရဲ့လားဆိုတာကို ကျနော် သိချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အစိုးရကို လူကြိုက်မများတဲ့အတွက် စစ်အစိုးရလုပ်သမျှ ကန့်ကွက်ရမယ်ဆိုတဲ့ သဘောထားကလည်း တခုရှိနေတဲ့အတွက်ကြောင့် ပထမဦးဆုံး အဲဒါကို သိချင်ပါတယ်။ ဒီမြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်သူတွေ အပြင်းအထန် ကန့်ကွက်ခဲ့ကြတဲ့ အများစုက သူတို့ဟာ အခြေအနေမှန်ကိုသိလို့ ကန့်ကွက်တယ်လို့ သတင်းစာဆရာတဦးအနေနဲ့ ဆရာဦးကျော်ရင်မြင့်အနေနဲ့ ထင်ပါလား။

ဦးကျော်ရင်မြင့် ။ ။ အများစုကတော့ သိပ်ထဲထဲဝင်ဝင်တော့ သိမယ့်ပုံ မရှိပါဘူး။ ဒါပေမဲ့ ဒေါက်တာဦးထွန်းလွင်၊ ဒေါ်ဒေဝီသန့်စင်တို့လို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေက သူတို့ရဲ့ သုံးသပ်ချက်တွေမှာလည်း လက်ခံနိုင်ဖွယ်မရှိဘူးလို့ သုံးသပ်ထားတယ်။ ဒါကိုတော့ ပြည်သူလူထုက အများကြီးလေ့လာတယ်။ ဖတ်ရှုတယ်။ နာယူတယ်။ ဒါကြောင့်မို့လို့ သေသေချာချာ မသိဘူးလို့တော့ ပြောလို့မရဘူး။ ဆရာကြီး၊ ဆရာမကြီးတို့ ပြောတဲ့ဟာတွေကို ခံယူပြီးမှ ကန့်ကွက်ကြတာတွေလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သဘာဝပတ်ဝန်းကျင်အားဖြင့် မြစ်တခုကို ပိတ်စို့ပြီးတော့ ရေကာတာပေါင်း မြောက်မြားစွာ လုပ်မယ်ဆိုတော့ ထိခိုက်နစ်နာမှုတွေ ရှိမယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့ စီးပွားရေး အမြတ်အစွန်းကို လူတွေ နားလည်ကြရဲ့လား။ မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် တစိတ်တဒေသအားဖြင့် အထောက်အပံ့ ဖြစ်နိုင်တယ်ဆိုပြီးတော့ တရုတ်ဘက်က ထောက်ပြတာတွေလည်း ရှိပါတယ်။ (၁၀) ရာခိုင်နှုန်း မြန်မာတွေရမယ် ဘာညာဆိုတော့ … အဲဒါကို မြန်မာတွေ နားလည်ခဲ့ကြတယ် ထင်ပါသလား။

ဦးကျော်ရင်မြင့် ။ ။ နားလည်ကြပါတယ်။ ခွဲဝေခံစားရမယ့် ရာခိုင်နှုန်း အချိုးအစားကလည်း မြန်မာနိုင်ငံအတွက် အင်မတန်မှနည်းတယ်။ အဲဒီအပေါ်မှာလဲ သိပ်ပြီးသဘောမကျလို့ ကန့်ကွက်ကြတာပါပါတယ်။ အကျိုးအမြတ် ခွဲဝေခံစားမှုလည်း နည်းတယ်။ နောက်တခုက ထိခိုက်မှုကများမယ်ဆိုတဲ့ အသိတော့ ပြည်သူအများစုမှာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမလှကျော်ဇော သဘောထားလည်း သိချင်ပါတယ်။

ဒေါက်တာလှကျော်ဇော ။ ။ ကျမကတော့ ပြည်သူလူထုကို အပြစ်မတင်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်ရဲ့ သယံဇာတပစ္စည်းတွေ ရောင်းချနေတာ၊ လုပ်ကိုင်နေတာ ဗမာပြည်မှာ ဒီလောက်ဝင်ငွေတွေ ရခဲ့ရဲ့သားနဲ့ ပြည်သူတွေဘဝ နည်းနည်းမှ မတိုးတက်လာတဲ့ အခြေခံအောက်မှာ ဗမာပြည်သူတွေက တော်ရုံတန်ရုံ မယုံနိုင်တော့ပါဘူး။ သူတို့အတွက် တကယ်အကျိုးအမြတ် ရှိမရှိဆိုတာကို သေချာရှင်းပြနိုင်မှ လက်ခံကောင်း လက်ခံနိုင်မယ်။ NLD အစိုးရက တက်လာပြီးနောက် ကော်မရှင် ဖွဲ့ပါတယ်။ အဲဒီ ကော်မရှင်က ဧရာဝတီ၊ မြစ်ဆုံ၊ မြစ်ညှာ မြစ်ဝှမ်းဆိုပြီးတော့ အဲဒီလို နာမည်တွေနဲ့ ခွဲပြီးတော့ ဖွဲ့လိုက်တာ ဖြစ်တယ်။ အဲဒီတော့ အဲဒီလို ဖွဲ့လိုက်ပြီးတော့ ပြည်သူလူထုကို အဆိုးက ဘယ်လောက်၊ အကောင်းက ဘယ်လောက်။ ကိုယ်က ဘယ်လောက်ရမယ်၊ ကိုယ်က ဘယ်လောက် ပေးရမလဲ ဆိုတာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ထင်သာမြင်သာရှိစွာ ချပြမယ်ဆိုရင် ကျမတို့ပြည်သူတွေ နားလည်နိုင်စွမ်း ရှိမှာပါ။ ကျမတို့ ပြည်သူလူထုက ကောင်းကောင်းရွေးချယ်တတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးကျော်ရင်မြင့် အခုလောလောဆယ်မှာ စောစောက ဒေါက်တာလှကျော်ဇော ပြောတဲ့ အစိုးရ ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ရဲ့ အခြေအနေ ဘယ်လောက်များ သိရပါပြီလဲ။ အဲဒီရဲ့ အခြေအနေကော ဘယ်တော့ ပေါ်ထွက်လာနိုင်မလဲ။ မျှော်လင့်နိုင်ပါသလဲ။

ဦးကျော်ရင်မြင့် ။ ။ သူက ဘယ်နေ့ Report ပြန်ပေးရမလဲဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ဖွဲ့ထားတာကိုတော့ ပြည်သူလူထုက သိကြပါတယ်။ မြစ်ဆုံကို ပြည်သူလူထုကလည်း စိတ်ဝင်စားမှု ရှိနေတာကြောင့် အဲဒီ ကော်မတီဖွဲ့လိုက်တာကိုလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ လက်ပံတောင်းတောင်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်ပြီးတော့ လုပ်ဆောင်ခဲ့ပေမယ့် ဒေသခံတွေကတော့ သိပ်မကျေနပ်ကြဘူး။ အခုကကော ဘယ်လိုဖြစ်လာနိုင်မယ်လို့ သုံးသပ်မိပါလဲ ဆရာ။

ဦးကျော်ရင်မြင့် ။ ။ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ကျနော့်ရဲ့ ပုဂ္ဂလိကအမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် သုံးသပ်တဲ့ Report က အတော်ကောင်းပါတယ်။ အဲဒီ စီမံကိန်းကို Report အတိုင်းသာ အကောင်အထည် ဖော်မယ်ဆိုလို့ရှိရင် နှစ်ဘက်မျှတတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူက နိုင်ငံတကာအမြင်၊ ကတိကဝတ်တွေ ကျေရမယ်ဆိုတဲ့အမြင်မျိုးဘက်ကနေ ရပ်တည်ပြီးတော့ စဉ်းစားတာများတာ။ မြစ်ဆုံစီမံကိန်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် စဉ်းစားတဲ့အခါမှာ တချိန်က အစိုးရအချင်းချင်းတည်ခဲ့တဲ့ ကတိကဝတ်ဆိုတာမျိုးကို ထည့်ပြီး စဉ်းစားမယ်ဆိုရင် အဲဒီတုန်းက သဘောတူတဲ့ မြန်မာဘက်က အစိုးရရဲ့ လူတွေရဲ့ စိတ်အခြေအနေကိုလည်း ထည့်စဉ်းစားစေချင်ပါတယ်။ ဥပဒေကြောင်းမှာ အရူးတို့၊ အသက်မပြည့်သေးသူတို့၊ ဉာဏ်ရည်မပြည့်တဲ့ သူတွေကို ချော့မော့ခြိမ်းခြောက်ပြီး သဘောတူတာမျိုးဆိုရင် ဥပဒေကြောင်းအရ တရားဝင်ရဲ့လားဆိုတာမျိုးကို ဒေါ်စု စဉ်းစားမယ်ဆိုလို့ရှိရင်တော့ မြစ်ဆုံကိစ္စ အဖြေရမယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်လည်း အဲဒါကို မေးချင်ပါတယ်။ ဗမာပြည်သူတွေရဲ့ အကုန်လုံးရဲ့ အကြမ်းဖျဉ်း တရုတ်အပေါ်ထားရှိတဲ့ သဘောထားက အတော်လေးဆိုးပါတယ်။ အထူးသဖြင့် တရုတ်ကို မြင်တာနဲ့ မြန်မာနိုင်ငံမှာ စစ်အစိုးရ သက်ဆိုးရှည်အောင် မီးမွှေးပေးခဲ့တဲ့ လူ။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ အမြတ်ထုတ်သွားတယ်လို့ မြင်နေပုံရပါတယ်။ အဲဒီကိစ္စကိုကော အမှန်တရားသိတဲ့အခါမှာ ပြေပျောက်နိုင်မယ့် အခြေအနေရှိတယ်လို့ ဒေါ်လှကျော်ဇော တရုတ်ဘက်က ဒီအတွက် ဘယ်လောက် ကြိုးစားမှု ရှိပါသလဲ။ ပြေလည်မှုနဲ့ အမြင်မှန် ဖြစ်လာဖို့အတွက်။

ဒေါက်တာလှကျော်ဇော ။ ။ ကျမကတော့ ဒီလိုမြင်တယ်။ တရုတ်အနေနဲ့ သူသွားလုပ်တဲ့ နိုင်ငံတွေမှာ အနည်းနဲ့အများ ပဋိပက္ခတွေ ရှိတယ်ဆိုတာ မှန်တယ်။ သူ တွေ့ရတယ်။ အဲဒီတော့ သူကို မုန်းကြတာလဲ တချို့ဒေသတွေမှာ တော်တော်များတယ်ဆိုတာ တွေ့ပါတယ်။ ဒါပေမဲ့ ကျမတို့ ဗမာပြည်သူတွေ သူကို မုန်းတယ်ဆိုတာလည်း သိတယ်။ သို့သော်လဲ တရုတ်ဘက်က ဗမာပြည်သူတွေကို ကျေးဇူးတင်နေတာရှိတယ်။ ဘယ်လောက်မုန်းမုန်း ကျမတို့ ဗမာပြည်သူတွေက လက်မပါဘူး။ ကြားလားမသိဘူး … ပါကစ္စတန်က သင်္ဘော .. ခြောက်ယောက်ကို အကုန်သတ်ပြစ်တာ။ တခါ ရုရှားက မော်စကိုက တရုတ်ရဲ့ ခြောက်ထပ်တိုက်ဈေးရုံကြီး တခုလုံးကို မီးရှို့ပြစ်တာ။ ကျမတို့ ဗမာပြည်သူတွေ ဒီလောက်အထိ မရက်စက်ဘူး။ ဘယ်လောက်မုန်းနေပေမယ့် ကမ်းကုန်အောင် မလုပ်ခဲ့ကြဘူး။ ဒီအတွက် တရုတ်က ကျေးဇူးတောင် တင်ပါတယ်။ သူတို့ဘက်ကလည်း အမှားတွေရှိတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတချို့ရဲ့ ယူသင့်ယူထိုက်တဲ့ တာဝန်ယူမှု အားနည်းတဲ့အောက်မှာ သူတို့ရဲ့ အားနည်းချက်တွေကို ပြင်ရမယ်ဆိုတာကို သဘောပေါက်တယ်။ ဗမာပြည်သူတွေ ခံစားရတာကိုလည်း သူတို့ နားလည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံ တံခါးဖွင့်ခါစတုန်းက သူတို့နိုင်ငံကို တောင်ကိုးရီးယား ကုမ္ပဏီတွေ၊ ဂျပန်ကုမ္ပဏီတွေ ဒီလိုပဲ လုပ်ခဲ့ကြတယ်။ ဒါကြောင့်မို့ သူတို့ နားလည် နိုင်တယ်။ စာနာနိုင်တယ်။ အဲဒီတော့ ဗမာပြည်သူတွေ ဘာတွေကို မကျေနပ်နေတာလဲ။ ဘာတွေကို ခံစားနေရလဲ။ ဘာတွေဘက်မှာ ထိခိုက်နေလဲ။ ဘာတွေဖက်မှာ ကြောင့်ကျမှုရှိတယ်။ ပူပန်မှုရှိတယ်။ ဒါတွေကို တဖြည်းဖြည်းရှာပြီးတော့၊ တဖြည်းဖြည်း စနိုင်တဲ့ဘက်က စပြီးတော့ လုပ်သွားမှာပဲ။ အခုလဲ ကျောက်ဖြူဘက်မှာ မာဒေးကျွန်းတို့ဘာတို့မှာ တရုတ်က တော်တော်ကို ထဲထဲဝင်ဝင် ဝင်နေတာပဲ။ အဲဒီတော့ အဲဒီလိုပဲ တခြားနေရာတွေမှာ တဖြည်းဖြည်း တိုးတိုးဝင်ပြီးတော့ ဒေသခံလူထုနဲ့ ဆက်ဆံရေးကောင်းအောင်၊ ဒေသခံလူထု လက်ခံနိုင်အောင်၊ ဒေသခံလူထုရဲ့ အခြေခံစီးပွားရေး တိုးမြှင့်လာအောင် တဖြည်းဖြည်းကြိုးစားပြီး လုပ်ပေးပါလိမ့်မယ်လို့ ထင်ရတယ်။

ဦးကျော်ဇံသာ ။ ။ ရခိုင်ဘက်မှာ တဖြည်းဖြည်း တိုးဝင်လာနေတဲ့ တရုတ်ရဲ့ တိုးဝင်လာမှုကို ရခိုင်ဒေသခံတွေရဲ့ သဘောထား ဘယ်လောက်ကြားရပါလဲ ဆရာ။ စောစောကတော့ တော်တော်ခါးခါးသီးသီး တွေ့ခဲ့ရတယ်။ နောက်ဆုံး ရခိုင်ဒေသခံတွေရဲ့ တရုတ်အပေါ် သဘောထား၊ သူတို့ရဲ့ ပြုပြင်မှုတွေကြောင့် အကျိုးပြုလုပ်ငန်းတွေ လုပ်ပေးလို့ နည်းနည်းများ ပျေ့ာ့ပြောင်းတယ်လို့ ထင်ပါလား။

ဦးကျော်ရင်မြင့် ။ ။ ကျနော် သိသလောက်ထိတော့ ဒေသခံတွေရဲ့ သဘောထားက သိပ်မပြောင်းလဲသေးပါဘူး။ တရုတ်ဘက်က ပြောင်းလဲတယ် ဆိုပေမယ့်လဲ အလွန်သိသာမြင်သာလောက်အောင်၊ ကျေနပ်လောက်အောင် သူ့ဘက်က ပြောင်းနိုင်မယ်လို့ ကျနော်တော့ မကြားမိပါဘူး။ ဒေသခံတွေကလဲ အခုထိတော့ တရုတ်အပေါ် သဘောထား မပြောင်းလဲသေးပါဘူး။ ရခိုင်တွေတင် မကပါဘူး။ သပိတ်ကျင်း၊ တကောင်းဘက်မှာ၊ လက်ပံတောင်းတောင်မှာဖြစ်ဖြစ် ဒေသခံတွေရဲ့ သဘောထား ပြောင်းတာတော့ ကျနော် မကြားပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု စောစောက ဆရာပြောသွားတယ်။ တရားဥပဒေအရ ရူးသွပ်နေတဲ့လူ၊ စိတ်မနံှတဲ့လူတွေကို လုပ်တဲ့ Contract ဟာ တရားမဝင်ဘူးဆိုတော့ သဘောမျိုးဆိုတော့ မြစ်ဆုံဆည် စီမံကိန်းကို စခဲ့တုန်းက မြန်မာဘက်က လက်မှတ်ထိုးခဲ့တဲ့ လူတွေရဲ့ အနေအထားဟာ တကယ့်လူထုကို ကိုယ်စားပြုပြီး လက်မှတ်ထိုးနိုင်တဲ့၊ လူထုအကျိုးကို ဦးတည်ပြီးတော့ လက်မှတ်ထိုးနိုင်တဲ့ အနေအထားမျိုး မဟုတ်ဘူးလို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။ အဲဒီအခြေအနေကို ပြန်ပြင်နိုင်မယ်လို့ ထင်ပါလား .. NLD မှာ..

ဦးကျော်ရင်မြင့် ။ ။ NLD က တချိန်က ပွင့်လင်းမြင်သားမှုရှိအောင် လုပ်မယ်ဆိုပြီးတော့ ပြောခဲ့ကြတာ။ အခုထိတော့ အဲဒီတုန်းက ဘယ်လိုတွေ သဘောတူထားပြီးတော့ ဘာတွေဖြစ်တယ် ဒါတွေကိုလဲ ပွင့်ပွင့်လင်းလင်း၊ မြင်မြင်သာသာ မတွေ့ရပါဘူး။ ပြည်သူလူထုကနေ သံသရ ရှိနေတာတွေလည်း ရှိပါတယ်။ လာဘ်ပေးလာဘ်ထိုးမှုတွေနဲ့ လုပ်ခဲ့တယ် ဘာညာ။ စွပ်စွဲချက်တွေက ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာမျိုးတွေလည်း အခုထိ ဘယ်ဘက်ကမှ ထုတ်ပြန်ပြောဆိုနိုင်ခြင်းလဲ မရှိသေးတဲ့အခါကြတော့ ပြည်သူလူထုကတော့ သံသရ ဝင်နေတုန်းမှာပဲ။ အဲဒီတုန်းက လက်မှတ်ထိုးသူတွေက လူထုကို ကိုယ်စားပြုသလားဆိုတာကတော့ အဲဒီတုန်းက အုပ်ချုပ်တဲ့ အစိုးရက ထိုးခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးသိချင် ကျနော်တို့ ဘာတွေ မျှော်လင့်ကြမလဲ။ ဒေါ်လှကျော် အရင်ပြောပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွင်းမှာ အဓိက မြစ်ဆုံအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဘယ်လောက်အထိ ကောင်းတဲ့သဘော ဖြစ်လာနိုင်မယ်လို့ ထင်ပါလဲ။

ဒေါက်တာလှကျော်ဇော ။ ။ အဲဒီကော်မရှင် ဖွဲ့တဲ့ နေက။ ဦးဇော်ဌေးရဲ့ အင်တာဗျူးတခု ကြားလိုက်တယ်။ သူတို့က အဲဒီကော်မရှင်ကို အဲဒီစာချုပ်စာတမ်းတွေနဲ့ ပတ်သက်တဲ့ဟာတွေအားလုံးကို ပေးအပ်မယ်။ ပေးအပ်ပြီး အဲဒီကော်မရှင်က လူထုသိဖို့လိုတဲ့ အချက်အလက်တွေကို ဖွင့်ဟပြီးတော့ ပြောပြမယ်လို့ပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီခြေလှမ်းကို တရုတ်ပြည်မသွားခင် လှမ်းခဲ့တဲ့အတွက် တရုတ်ကိုလည်း ပြောအားရှိတာပေါ့။ ဒီကော်မရှင်က ထွက်လာပြီးတဲ့နောက်မှာ လက်ပံတောင်းကော်မရှင်တုန်းကလိုပဲ အစီရင်ခံစာတင်မယ်။ နိုဝင်ဘာမှာတင်မယ်။ တင်ပြီးလို့ရှိရင် တရုတ်ကော၊ ဗမာရော နှစ်နိုင်ငံစလုံး အကျိုးသိပ်မထိခိုက်၊ မျက်နှာလည်း သိပ်မပျက်ရတဲ့၊ ပြည်သူလူထုကလည်း ကျေနပ်နိုင်တဲ့ နည်းလမ်းတခုကို ရှာတွေ့နိုင်လိမ့်မယ်လို့ ကျမကတော့ ထင်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရဲ့ မျှော်လင့်ချက်ကိုလည်း ကြားချင်ပါတယ်။ ဒီခရီးစဉ်အပေါ်။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထု အများစု လက်မခံတဲ့ မြစ်ဆုံကိစ္စကို သူရှေ့တိုးဖို့လို့အတွက် စဉ်းစားလိမ့်မယ် မထင်ပါဘူး။ တရုတ်ဘက်ကလဲ မြစ်ဆုံက သူ့အတွက် ဒီလောက်အထိ အဓိကမကျပါဘူး။ မြစ်ဆုံကို လက်လျှော့လိုက်မယ်ဆိုရင် အနောက်ဘက် ပင်လယ်ထွက်ပေါက်ကို ကြည်ကြည်ဖြူဖြူ ရနိုင်ပါလိမ့်မယ်။ တရုတ်က အဲဒါကို လှဲနိုင်လိမ့်မယ် ထင်ပါတယ်။ ဒါကြောင့်မို့ သူ့အတွက် မဟာဗျူဟာမြှောက်တဲ့ ကျောက်ဖြူ၊ ကူးမဲ အဝေးပြေးကားလမ်းတွေ၊ ရထားလမ်းတွေ၊ လမ်းတွေ၊ ပင်လယ်ဆိပ်ကမ်းတွေ ဒါတွေနဲ့ မြစ်ဆုံနဲ့ တရုတ်ဘက်က လှဲလိမ့်မယ်လို့ ကျနော်က အဲဒီလို မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့အတွက် တာဝန်ရှိသူတွေရဲ့ ရိုးသားမှု၊ ပွင့်လင်းမြင်သာရှိမှုနဲ့ ပြည်သူလူထုရဲ့ ချင့်ချိန်စဉ်းစားနိုင်မှုတို့ဟာ အဓိကလိုအပ်ချက်တွေ ဖြစ်တယ်လို့ ထင်မိပါကြောင်း။

XS
SM
MD
LG