သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး ချောက်ထဲထိုးကျသွားသလား


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဟာ ၂၀၁၄ ခုနှစ်မှာ မော်တော်ကားကြီး ချောက်ထဲပြုတ်ကျသလို ယိုယွင်းသွားခဲ့တယ်လို့ အမေရိကန်အခြေစိုက် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒါဟာ တကယ်ပဲလား။ ဒီသုံးသပ်ချက် ဘယ်လောက်မှန်သလဲ။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ဘန်ကောက်အခြေစိုက် အရာရှိတဦးဖြစ်တဲ့ Phil Robertson နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Phil Robertson တို့ရဲ့ HRW ခေါ်တဲ့ အာရှလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာ ညွှန်းကြားရေးမှုး Brad Adams က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ၂၀၁၄ မှာ Car crash ခြောက်ထဲကို ကားကြီးထိုးကျသွားသလိုပဲ မှတ်ချက်ရေးထားပါတယ်။ ဒါကို လူတိုင်း လက်ခံကြပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် (၂) နှစ်က ပုံမှန်တိုးတက်မှု ရှိခဲ့တယ်လို့ ဆိုထားလေတော့ ဘာတွေကိုများ ခင်များတို့က တိုးတက်မှုလို့ ခင်များတို့က တွက်ခဲ့ကြသလဲဆိုတာကို အရင်ဆုံး ရှင်းပြပါ။

Phil Robertson ။ ။ မီဒီယာ လွတ်လပ်ခွင့်တချို့ တွေ့ခဲ့ရပါတယ်။ အခုတော့ ပြန်ရုတ်သွားပါပြီ။ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ပေးခဲ့တာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြသူတွေကို ဖမ်းဆီးရုံးတင်ပြီး အများအပြား ထောင်ချတာကို ပြန်တွေ့နေရပါပြီ။ ဆိုတော့ အခုအခါ နိုင်ငံရေးအကျဉ်းသားတွေ ပိုတောင် များလာပါပြီ။ ဒါ့အပြင် ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ လူမျိုးရေး၊ ဘာသာရေး ကာကွယ်မှု ဥပဒေတွေ ပြဌာန်းလာပါတယ်။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံတွေနဲ့ လုံးဝဆန့်ကျင်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၁၄ မတိုင်မီ (၂) နှစ် တိုးတက်မှုဆိုတဲ့ကာလထဲမှာ ဖွဲ့စည်းပုံဥပဒေကို ပြန်ပြင်ပါမယ်။ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်ပြင်ပါမယ်လို့လဲ ကတိမပေးခဲ့ပါဘူး။ ဆိုတော့ ဒီအချက်တွေမှာ အဓိကအားဖြင့် ဟိုတုန်းကလဲ ဘာမှမထူးခြားဘူး။ အခုလဲ ဘာမှမထူးခြားလာဘူးလို့ ပြောရမှာပေါ့။

Phil Robertson ။ ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒခံယူပွဲအကြောင်း ဆွေးနွေးတာ တွေ့ရပါတယ်။ အစိုးရက တကယ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုရင် သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံရဲ့ ဘယ်အချက်တွေကို ပြင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ၅၉(စ) ကို ပြင်မလား။ (၄၃၆) ပြင်မလား။ လူထုအများစု တောင်းဆိုတင်ပြတာ၊ လက်မှတ်ထိုး တင်ပြတာတွေ တွေ့ရပါတယ်။ ဒါပေမဲ့ အစိုးရဘက်က လုံးဝပွင့်လင်း မြင်သာမှု မရှိပါဘူး။ တချိန်တည်းမှာပဲ အဖြူရောင်ကဒ် (White Card) ကိုင်ဆောင်ထားသူတွေရဲ့ မဲပေးခွင့်ကို ပြန်လည်ရုတ်သိမ်းလိုက်တာကို တွေ့ရပါတယ်။ ဒီလုပ်ရပ်ဟာ ရိုဟင်ဂျာတွေသာမက နယ်စပ်ဒေသနေ တခြားလူတွေ။ တခါမှ မှတ်ပုံတင် မရှိခဲ့ဘူးတဲ့သူတွေကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလူမျိုးရေးကိစ္စကို မမေးခင် နိုင်ငံတကာ အထူးသဖြင့် အနောက်နိုင်ငံတွေက ဘာဖြစ်လို့ ၂၀၁၄ မတိုင်ခင်က မြန်မာနိုင်ငံကို အလုအယက် ဝင်နေခဲ့ကြတာလဲ။ သူတို့က သူတို့ရဲ့ အကျိုးစီးပွားတခုတည်းကို ကြည့်ပြီး လူ့အခွင့်အရေး လုယူခံနေရတဲ့ မြန်မာနိုင်ငံ ပြည်သူတွေကို ဂရုမစိုက်တဲ့သဘော ဖြစ်မနေဘူးလား။ အဲဒီတုန်းကလဲ ဘာမှမတိုးတက်ခဲ့ဘဲနဲ့ အတင်းလုပြီး ဝင်နေကြတော့။

Phil Robertson ။ ။ ဒါဟာလဲ တစိတ်တဒေသ ဖြစ်ပါတယ်။ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ရင်းနှီးမြှုပ်နံှမှုနဲ့ စီးပွားရေး အကျိုးအမြတ်တွေကို မျက်စိကျနေကြတာပါ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှုအစအနကို စတွေ့လိုက်ရတာနဲ့ ဒါတွေ တောက်လျှောက်တိုးတက်လာတော့မှာလို့ ယူဆခဲ့ကြတာဟာ အတော်လေး “အ”တယ်လို့ ဆိုရပါမယ်။ အထူးသဖြင့် ဥရောပသမဂ္ဂက ဒီလိုယူဆခဲ့ပါတယ်။ သူတို့ ယူဆခဲ့သလို လုံးဝဖြစ်မလာခဲ့ပါဘူး။ အခုတော့ မြန်မာ့လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ နောက်ပြန်ဆုတ်သွားပြီဆိုတာ လူတိုင်းသဘောပေါက်သွားကြပါပြီ။ မြေယာပြဿနာတွေ၊ ခြစားပျက်စီးမှု ပြဿနာတွေအပြင်၊ ပွင့်လင်းမြင်သာမှုရှိရေး၊ လူတိုင်းပါဝင်နိုင်တဲ့ ဒီမိုကရေစီ ထွန်းကားရေးစတာတွေ လိုအပ်ပါတယ်။ ဒီလို အခြေခံပြဿနာတွေ မပြေလည်ဘဲ လူ့အခွင့်အရေးကို အခြေခံတဲ့ ဖြစ်ထွန်းမှုမရှိဘဲ သွားရောက်ပြီ ရင်းနှီးမြှုပ်နံှကြမယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်ကြမယ်ဆိုရင်တော့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရမှာပါ။ ဒီတော့ ခရိုနီစီးပွားရေး စစ်တပ်နဲ့ ဝေစားမျှစား လုပ်ငန်းတွေပဲ တွေ့လာရမှာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီလိုအခြေအနေတွေ နောက်ပြန်ဆုတ်နေတာကို အစိုးရတွေက သဘောပေါက်သွားကြပြီ။ သဘောပေါက်နေကြပြီဆိုတော့ ဘာကြောင့် ဆက်ပြီးလုပ်နေကြတာလဲ။ အခုအခါမှာ။ ခင်များတို့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီအစိုးရတွေအပေါ် လွှမ်းမိုးမှု တစုံတရာ ပေးနိုင်တာ မရှိဘူးလား။

Phil Robertson ။ ။ အခြေအနေကို အစိုးရရဲ့ တချို့ဝန်ကြီးတွေကို ပြောပြပေမယ့် ပြဿနာက ခရိုနီလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နံှသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သူတချို့ဟာ နိုင်ငံတကာနဲ့ အဆက်အသွယ် ရှိနေကြသူတွေ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအထိ လက်လှမ်းမီသူတွေ ဖြစ်ကြပါတယ်။ အထူးသဖြင့် လက်ပံတောင်းတောင်မှာဆိုရင် စစ်တပ်နဲ့ တရုတ်တို့ ပူးတွဲပြီး လုပ်နေကြတာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း သိပ်ပေါ်လွင် ထင်ရှားပါတယ်။ ဒီ ချိုးဖောက်မှုတွေကို အစိုးရက လုံးဝလစ်လျူရှုထားတာပါ။

ဦးကျော်ဇံသာ ။ ။ မှန်ပါတယ်။ ဒီလို ပြည်ပရင်းနှီးမြှုပ်နံှလူတွေကို ခင်များတို့ မထိန်းနိုင်ဘူးဆိုရင် မြန်မာအစိုးရက လူ့အခွင့်အရေးကိစ္စကို တာဝန်ယူကာ တိုးတက်မှုရှိအောင် လုပ်ဖို့ဆိုတာ ဘယ်လိုလို့ ဆောင်ရွက်နိုင်တော့မလဲ။

Phil Robertson ။ ။ ဒါပေမဲ့ အစိုးရက အဓိက တာဝန်ရှိတာပါ။ ရှင်းနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ အစိုးရက ဒါတွေကို ပြုပြင်ပြောင်းလဲဖို့အတွက် အစိုးရမှာ political will ဆန္ဒရှိတာ မဟုတ်ပါဘူး။ သူတို့အကျိုးကို ဦးတည်ပြီးတော့ လုပ်နေတာပါ။ ဒါကို ဘယ်သူကမှ ဖိအားမပေးရင် ဖိအားပေးမယ့်အစား ငါတို့ ရင်းနှီးမြှုပ်နံှမှု ဆက်လုပ်မှာ ဘာမှမစိုးရိမ်နဲ့ ဆိုတာမျိုး ဖြစ်နေတော့ မခက်ဘူးလား။ နိုင်ငံရေးအားဖြင့်ကြည့်ပါ သမ္မတအိုဘားမားကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သူတို့ရဲ့ Success Story ငါတို့ရဲ့ အောင်မြင်တဲ့လုပ်ရပ် တခုလို့ မကြာခဏကို မြှောက်မြှောက်ပြောနေတာဆိုတော့ မြန်မာလူထုဘက်က ဘယ်လောက်နစ်နာနေနေ၊ ဘယ်လောက်ပဲ ခံစားနေရ ဆက်လုပ်သွားမယ်လို့ ပြောနေတာလို့ လူတွေက ထောက်ပြနေကြတယ်။

Phil Robertson ။ ။ ဒီလိုယူဆခဲ့တယ်ဆိုတာ အချိန်စောနေတယ်ဆိုတာ အခုတော့ သမ္မတအိုဘားမား သဘောပေါက်သွားပြီလို ကျနော် မျှော်လင့်ပါတယ်။ ဒါဟာ Success Story အောင်မြင်တဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး ၁၉၈၂ ဥပဒေအရ နိုင်ငံသားသတ်မှတ်မှု။ ရခိုင်ပြည်နယ် အခြေအနေ စတဲ့နယ်ပယ် အားလုံးမှာ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေ လိုက်နာဖို့ ပျက်ကွက်နေဆဲ ဖြစ်ပါတယ်။ အထင်ရှားဆုံးတခုက မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးဖွင့်ထားရှိဖို့ သမ္မတဦးသိန်းစိန် က သမ္မတအိုဘားမားကို ကတိပြုခဲ့ပေမယ့် အခုထိ အရိပ်အရောင်တောင် မတွေ့ရသေးပါဘူး။ ဒီအခြေအတိုင်းဆိုရင် မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်နိုင်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ၁၉၈၂ နိုင်ငံသားဥပဒေအကြောင်း ပြောပါရစေ။ ခင်များတို့ HRW ကတော့ ဒီဥပဒေဟာ ဖိနှိပ်ချုပ်ချယ်မှုအတွက် လောင်စားထိုးပေးနေတာ ဖြစ်တယ်။ … သုံးထားပါတယ်။ အင်မတန် ကောင်းမွန်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ကျနော် နားလည်တာက နှစ်ပိုင်းပါဝင်နေတယ်။ ပထမတပိုင်းက နံမည်ကိစ္စ။ ရခိုင်ပြည်နယ်က မူစလင်တွေက သူတို့ခံယူချင်တဲ့ နံမည်အတိုင်းခေါ်ဖို့။ သတ်မှတ်ဖို့ကိစ္စ။ ဒုတိယတခုကတော့ သူတို့လက်တွေ့ ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေ၊ ဆိုးဝါးတဲ့အခြေအနေတွေ၊ အထူးသဖြင့် စခန်းတွေထဲမှာ သူတို့ ခံစားနေရတာတွေ။ ဒီအခြေအနေတွေ တိုးတက်အောင် ကောင်းမွန်ဖို့ လုပ်ဖို့အတွက် လုပ်ပေးရမယ်။ ဒါက ရှင်းနေပါတယ်။ သို့ပေမဲ့ ခင်များတို့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီအရေးထက် နံမည်ကိစ္စကိုပဲ ဘာကြောင့် အလေးအနက်ထားပြီးတော့၊ အရေးတယူ လုပ်နေကြတာလဲ။

Phil Robertson ။ ။ လူတွေတော်တော်များများက ဒီကိစ္စကို အာရုံစိုက်ကြပါတယ်။ ကျနော်တို့အမြင်မှာတော့ လူတွေကို သူတို့ခံယူချင်တဲ့ နံမည်အတိုင်း ခေါ်သင့်ပါတယ်။ သူတို့ ရိုဟင်ဂျာ ခေါ်စေချင်ရင် ဒါဟာ သူတို့ အခွင့်အရေးပါ။ ဒါပေမဲ့ ၁၉၈၂ ဥပဒေရဲ့ ပြဿနာက နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီခြင်း မရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေကိုသာမကပါဘူး။ မြန်မာနိုင်ငံမှာ တသက်လုံး နေလာတဲ့ တရုတ်တွေ၊ တခြားလူမျိုးတွေ တိုင်းရင်းသားတွေကိုလည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် သိသလောက်တော့ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသား တရုတ်တွေ အများကြီး ရှိနေတယ်လို့ ထင်ပါတယ်။ ရခိုင်ပြည်နယ်က မူစလင်တွေကိုလည်း ၁၉၈၂ ဥပဒေအရ နိုင်ငံသားပေးမယ်။ ဘင်္ဂလီလို့ခေါ်မယ်လို့ ပြောထားတယ်လို့ ထင်ပါတယ်။ အဲဒါ ဘာပြဿနာ ရှိသလဲ။ နောက်တခုက HRW တို့ရဲ့ အစီရင်ခံစာထဲမှာ ဘင်္ဂလီဆိုတာ Foreigner နိုင်ငံခြားသားလို့ အဓိပ္ပါယ်ရောက်တယ်လို့ သုံးထားတာ တွေ့ရပါတယ်။ တကယ်တော့ ဘင်္ဂလီဆိုတာ နိုင်ငံခြားသား မဟုတ်ဘူးထင်ပါတယ်။ တဘက်နိုင်ငံက လူမျိုးတွေကို ဘင်္ဂလားဒေ့ရှိ (Bangladeshi) လို့ပဲ ခေါ်တာပါ။

Phil Robertson ။ ။ အခြေခံပြဿနာက ဒီနာမည်ကို ဒီလူအုပ်စုက မသုံးဘူးလို့ ငြင်းပယ်ထားတာ ဖြစ်ပါတယ်။ လူတွေဟာ သူတို့ကိုသူတို့ ဘယ်သူဘယ်ဝါဆိုပြီး သတ်မှတ်ခွင့် Identify လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေးပါ။ အခု ဒီလူတွေ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်နေတာကို အစွန်းရောက် ရခိုင်တွေနဲ့ ဗမာပြည်က တခြားအစွန်းရောက်တွေက လူမျိုးရေး ခွဲခြားမှုအတွက် နိုင်ငံရေးအကြောင်းတခုအဖြစ် အသုံးပြုနေကြတာပါ။ မေးစရာက ဒီလူတွေက မြန်မာနိုင်ငံမှာ တသက်လုံး နေလာခဲ့သလား။ နေခဲ့ကြပါတယ်။ သူတို့မှာ တခြား သွားစရာ မရှိပါဘူး။ အဆက်အနွယ် မရှိပါဘူး။ မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်ပြုစရာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ မှန်ပါတယ်။ နိုင်ငံသား ဖြစ်ရမှာပါ။ ဒါပေမဲ့ ကျနော် ပြောချင်တာက သူတို့ ခံယူချင်တဲ့ လူမျိုးစု နံမည်သာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်မဖြစ်ဆိုတာ မဟုတ်ပါဘူး။ ဒါကို တကယ် အဆုံးအဖြတ် ပေးရမှာကလဲ မြန်မာပြည်ထောင်စုက တိုင်းရင်းသားတွေ မဟုတ်ဘူးလား။ အခုလဲ သူတို့ကို နိုင်ငံသား သတ်မှတ်ပါ။ ဘင်္ဂလီလို့ခေါ်မယ်။ ဒါကို လက်ခံကြပါလို့ ဆိုထားတယ်လို့ ထင်ပါတယ်။ ဥပမာ အင်္ဂလန်မှာကြည့်ပါ အိန္ဒိယကလူတွေ အများကြီးပဲ။ သူတို့ အဲဒီကို ရောက်နေတာ ကြာနေပါပြီ။ အိန္ဒိယတိုက်ငယ် (India Sub-Continent) က လူတွေကို Asian လို့ အဲဒီမှာ ခေါ်လိုက်တာ တွေ့ရပါတယ်။ ဘယ်သူကမှ ငါတို့ကို ဘယ်လို ခေါ်ရမယ်။ ဘယ်လို သတ်မှတ်ရမယ်လို့ တောင်းဆိုနေတာ တခါမှ မကြားမိဘူး။

Phil Robertson ။ ။ သူတို့ ရိုဟင်ဂျာလို့ ခေါ်တာကိုလည်း အစိုးရက ဆုပ်ကိုင်ပြီး သူတို့ကို ချိုးနှိမ်ဖို့ အသုံးပြုနေတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ နိုင်ငံသား မပေးဘူးလို့ မပြောဘူးလို့ ထင်ပါတယ်။ နံမည်ပြဿနာပဲ အဓိက ဖြစ်နေတယ်လို့ ထင်ပါတယ်။

Phil Robertson ။ ။ သူတို့ကို တင်းပြည့်နိုင်ငံသားအဖြစ် သတ်မှတ်ရမှာပါ။ ဒုတိယတန်းစား နိုင်ငံသားနဲ့ မရပါဘူး။ Rakhine Action Plan ကိုကြည့်ရင် ခွဲခြားဆက်ဆံရေး သဘောထားကို တွေ့ရပါတယ်။ အစိုးရက ဒီလူ့အသိုင်းအဝိုင်း နှစ်ခု စီးပွားရေး၊ လူမှုရေး ပြန်လည်သင့်မြတ်ရေးကိစ္စကို လုပ်ပေးသင့်ပါတယ်။ နှစ်ဖက်လုံးနဲ့ ဆွေးနွေးအဖြေရှာသင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ဆက်မေးချင်တာက ခင်များတို့ HRW ဟာ အခုအခါ မြန်မာနိုင်ငံထဲကို ဝင်ခွင့်ရပြီ ဟုတ်ပါတယ်နော်။

Phil Robertson ။ ။ ကျနော် မကြာခဏ သွားခွင့်ရပါတယ်။ ကျနော်တို့ရဲ့ အကြီးတန်း သုတေသနမှုးတယောက်ဆိုရင် သူ့အချိန်တဝက်လောက် မြန်မာနိုင်ငံမှာ နေပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက သမ္မတ ဦးသိန်းစိန်နဲ့ ထိပ်တန်းအရာရှိကြီးတွေ၊ ဝန်ကြီးတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်လာအောင် Human Rights Watch လို အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား။

Phil Robertson ။ ။ သမ္မတဦးသိန်းစိန်ကတော့ ကြိုဆိုတယ်လို့ ပြောပါတယ်။ လူ့အခွင့်အရေးကိစ္စကို ဂရုတစိုက်ရှိတဲ့အတွက် ကျနော်တို့ကို ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပူးပေါင်းတာတွေ ရှိသလို။ တချို့ကိစ္စတွေမှာတော့ ကျနော်တို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထောက်ပြတာတွေကို ဂရုမစိုက်ဘဲ ဆက်လုပ်နေတာလည်း တွေ့ရပါတယ်။

XS
SM
MD
LG