သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ နဲ့ ASEAN ဆက်ဆံရေးအလားအလာ


US-ASEAN Summit 2016
US-ASEAN Summit 2016

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ နိုင်ငံတခုရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ဒီမိုကရေစီ မဆန်တဲ့ ခေါင်းဆောင်မှုပိုင်းလဲ ပါဝင်နိုင်ပါတယ်၊ ဒီအပြောင်းအလဲကြောင့် လူတိုင်းအကျိုးရှိနိုင်တယ်ဆိုတာ မြန်မာနိုင်ငံက နမူနာပြသလိုက်တာ ဖြစ်တယ်လို့ Center for American Progress ရဲ့အကြီးတန်းသုတေသီ မိုက်ကယ် ဖေါက်(ချ်) (Michael Fuchs) က သုံးသပ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရနဲ့ ASEAN အစိုးရတို့ရဲ့ ဆက်ဆံရေးအလားအလာ ကို Michael Fuchs နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကျနော် မေးချင်တာကတော့ မြန်မာနိုင်ငံမှာ အခု ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ အင်မတန် ပေါ်လွှင်ထင်ရှားတဲ့ ဒီမိုကရေစီ မီးရှူးတဆောင်တဦး ဖြစ်ပါတယ်။ ဒီမိုကရေစီအရေးအတွက် သူဟာ စံနမူနာပြ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်တဦး မြန်မာနိုင်ငံ အစိုးရအဖွဲ့ကို ခေါင်းဆောင်ဖွဲ့စည်းလာမယ်ဆိုရင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ ဒီမိုကရေစီ မဟုတ်တဲ့နိုင်ငံတွေ၊ အာဏာပြအုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ နိုင်ငံတွေအနေနဲ့ ဘယ်လို သဘောထားကြမလဲလို့ ထင်ပါသလဲ။

Michael Fuchs ။ ။ NLD ဦးဆောင်မယ့် အစိုးရကိုယ်စားတော့ ကျနော် မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကျနော် ပြောနိုင်တာကတော့ အာဆီယံထဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်ဆိုတာပါ။ အငြင်းပွားစရာ ကိစ္စတွေလဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းတခုလုံးအနေနဲ့ လမ်းကြောင်းအမှန်ကို ရွေ့နေတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူဘောင်တွေ ချမှတ်ခဲ့ကြပါတယ်။ ပိုပြီးတော့ အရေးကြီးတာကတော့ ဒေသတွင်း နိုင်ငံတွေအချင်းချင်းကြားမှာ ဒီမိုကရေစီ ပိုမိုထွန်းကားရေး၊ လူ့အခွင့်အရေး ပိုမိုလေးစားလိုက်နာရေးတို့အတွက် တယောက်ကိုတယောက် တွန်းအားပေးကြတာတော့ ပိုပြီးတော့ ထိရောက်မှု ရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာပြီး၊ အာဆီယံနိုင်ငံတွေကြား တရားဥပဒေ စိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ပေါ်ထွန်းရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေးအတွက် ခွန်အားတရပ် ဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဒီမိုကရေစီ မဟုတ်တဲ့နိုင်ငံတွေ။ အထူးသဖြင့် ဒီမိုကရေစီကို ဆန့်ကျင်တဲ့ အာဏာပြအုပ်ချုပ်ရေးကို ကျင့်သုံးနေတဲ့ နိုင်ငံတွေ။ အဲဒီနိုင်ငံတွေရဲ့ အုပ်ချုပ်သူ လူတန်းစား အစိုးရတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ရှေ့ဆောင်လမ်းပြမှု ဒီမိုကရေစီရေး ထိုးဖောက်မှုကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ပြောပါအုံး။

Michael Fuchs ။ ။ အစိုးရတွေဘက်က ဘာတွေလုပ်လာမလဲဆိုတာကို ကျနော့်အနေနဲ့ ပြောရမှာ ခက်ပါတယ်။ ဒါပေမဲ့ ကျနော် ပြောနိုင်ပါတယ် တချို့ ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံတွေကတော့ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စဟာ အာဆီယံ တဖွဲ့လုံးအနေနဲ့ လက်ခံလာကြရမယ့် ကိစ္စပါ။ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာတာပဲဖြစ်ဖြစ်၊ မကြာသေးခင်က အင်ဒိုနီးရှားမှာ ဒီမိုကရေစီစနစ် အလုပ်ဖြစ်လာတဲ့ကိစ္စပဲဖြစ်ဖြစ်၊ တခြားနိုင်ငံတခုမှာ ဒီမိုကရေစီ ထွန်းကားလာတာပဲဖြစ်ဖြစ် ဒါဟာ အချေအတင် ပြောနေကြရတဲ့ ကိစ္စဆိုတာထက် လက်တွေ့ဖြစ်ထွန်းလာတဲ့ ကိစ္စပါ။ အာဆီယံ ဟာ ပြဿနာတွေကို ထိပ်တိုက်ရင်မဆိုင်ဘဲနဲ့ ဖြေရှင်းတဲ့ အဖွဲ့အစည်းတခုပါ။ ဒါကြောင့် မြန်မာနိုင်ငံ ဒါမှမဟုတ် နိုင်ငံတခုခု ဒီမိုကရေစီ ဖြစ်ထွန်းသွားရင် အာဆီယံအတွင်း နေသားတကျ ဖြစ်လာမှာလဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် တခု သတိထားမိတာကို မေးရရင် NLD မြန်မာနိုင်ငံမှုာ ရွေးကောက်ပွဲနိုင်တော့ အာဆီယံနိုင်ငံတွေက NLD ကိုသော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုသော်လည်းကောင်း Congratulate လုပ်ကြတာ၊ ချီးကျူးကြတာ၊ ဂုဏ်ပြုကြောင်း စကားပြောဆိုကြတာ ကျနော် မတွေ့ရပါဘူး။ သမ္မတဦးသိန်းစိန် အစိုးရကိုပဲ သူတို့က ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုပါတယ်ဆိုပြီးတော့ တွေ့ရပါတယ်။ ဒါဟာ သူတို့အနေနဲ့ NLD နိုင်တာကို ဘဝင်မကျလို့လို့ ယူဆရင် မှန်နိုင်သလား။

Michael Fuchs ။ ။ အာဆီယံအဖွဲ့အစည်းတခုလုံးအနေနဲ့ကော၊ အဖွဲ့ဝင် နိုင်ငံတခုချင်းအနေနဲ့ပါ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာအစိုးရနဲ့ နိုင်ငံကို ချီးကျူးဂုဏ်ပြုစကား ပြောကြပါတယ်။ ဒါဟာ ပိုအရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ ဖြစ်စဉ်တရပ်မှာ ဘယ်သူ ရှုံးတယ်၊ ဘယ်သူ နိုင်တာထက် ဒီမိုကရေစီ ဖြစ်စဉ်က ပိုပြီးတော့ အရေးကြီးပါတယ်။ ဒီရွေးကောက်ပွဲဖြစ်စဉ်က ဒီမိုကရေစီလမ်းကြောင်းမှာ အရှေ့ကို ရွေ့နေတယ်။ လွတ်လပ်ပြီးတော့ တရားမျှတမှုရှိတယ်။ ရလဒ်ကို လက်ရှိ အစိုးရက အသိအမှတ်ပြုတယ်။ လက်ခံမယ်ဆိုရင် ဒီဖြစ်စဉ်အတွက် နိုင်ငံတခုလုံးကို ချီးကျူးဂုဏ်ပြုဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ကျနော် မေးချင်တဲ့ ကိစ္စတခုကတော့ တောင်တရုတ်ပင်လယ် ကိစ္စ ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်အတွင်းမှာ နယ်မြေအငြင်းပွားမှု တရုတ်နိုင်ငံကတဘက် - အာဆီယံနိုင်ငံတွေ အသီးသီးကလည်း ဒါ အငြင်းပွားမှု ဖြစ်နေပါတယ်။ ဒီအရေးမှာ မြန်မာနိုင်ငံဟာ ဘက်လိုက်မှုကင်းရှင်းအောင် ရပ်တည်ဖို့ ကြိုးစားတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ ဘက်လိုက်မှု ကင်းမဲ့အောင် ရပ်တည်နေတယ် ဆိုတာထက် တရုတ်ဘက်ကို ပါချင်တဲ့သဘော တွေ့ရတယ်လို့ လူတိုင်းက သုံးသပ်ကြပါတယ်။ ဒီလိုပဲ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ဆိုတော့ အခုအခါမှာ NLD ခေါင်းဆောင်တဲ့ အစိုးရ။ တနည်းအားဖြင့် ဒီမိုကရေစီအစိုးရ မြန်မာနိုင်ငံမှာ တက်လာမယ်ဆိုတာ တောင်တရုတ်ပင်လယ် အငြင်းပွားမှု အင်အားချိန်ခွင်လျှာဟာ တမျိုးတမည် ပြောင်းလဲသွားနိုင်တယ်လို့ ထင်ပါသလား။

Michael Fuchs ။ ။ ဒီ တောင်တရုတ် ပင်လယ်အရေးမှာ မြန်မာနိုင်ငံ နဲ့ နိုင်ငံတချို့အတွက် တိုက်ရိုက်မပတ်သက်ပေမယ့် အာဆီယံအဖွဲ့အစည်းကြီး တခုလုံးအတွက်တော့ တနည်းမဟုတ်၊ တနည်း ရိုက်ခိုက်မှာ သေချာပါတယ်။ ဒါပေမဲ့ ဒီပြဿနာက နိုင်ငံတကာ ဥပဒေ၊ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုကိုပါ ထိပါးလာစေနိုင်တဲ့ ပြဿနာပါ။ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တုန်းက ဒီပြဿနာကို နည်းမှန်လမ်းမှန်အတိုင်း မဖြစ်မနေ ကိုင်တွယ်ခဲ့ရပါတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ လုပ်ရပ်ပါ။ ကွဲပြားတဲ့အမြင်တွေ၊ အယူအဆတွေကို ထိန်းညှိနိုင်တယ်ဆိုတာကို ပြသတာပါ။ အာဆီယံဥက္ကဋ္ဌအနေနဲ့ တရုတ် ကြီးစိုးမှုအပေါ် အာဆီယံကလဲ စိုးရိမ်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဒါကို ကြည့်လိုက်ရင် မြန်မာနိုင်ငံဟာ နိုင်ငံခြားရေးကိစ္စတွေမှာ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်တယ်ဆိုတာကို ပြသပြီးသာပါ။ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး နောက်ထပ်အရေးကြီးတဲ့ ကိစ္စတခုက ဒီအရေးမှာ အာဆီယံနိုင်ငံတွေလဲ အများအပြား ပါဝင်ပတ်သက်နေလေတော့ ဒါဟာ အင်အားသုံးတဲ့ ပဋိပက္ခတခု ဖြစ်မလာစေရေး ဖြစ်ပါတယ်။ ဒီအတွက် အာဆီယံ စည်းလုံးညီညွှတ်ရေး၊ အင်အားခိုင်မာရေးဟာ မြန်မာနိုင်ငံအတွက်လည်း အရေးကြီးပါတယ်။ ကျန် အာဆီယံနိုင်ငံတွေအနေနဲ့ သဘောတူညီမှု ရရှိဖို့လဲ လိုအပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက နိုင်ငံခြားဆက်ဆံရေးနဲ့ပဲ ပတ်သက်ပါတယ်။ မြန်မာနိုင်ငံဟာ အခုနောက်ပိုင်းမှာ ဥရောပတို့၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ ပိုနီးစပ်လာပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အစကတည်းက ဒီလိုမြင်ခဲ့ကြတာပါ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာတဲ့အခါ မြန်မာနိုင်ငံဟာ အနောက်လိုလားတယ်။ အမေရိကန် လိုလားတယ်ဆိုတဲ့ သဘောမျိုးနဲ့ ရှုမြင်ခြင်း ခံလာရလိမ့်မယ်လို့ ယူဆကြပါတယ်။ ဒီလို ဥရောပ၊ အမေရိကန်ပြည်ထောင်စုနဲ့ သိပ်နီးစပ်သွားတဲ့အပေါ်မှာ တရုတ်ရဲ့ စိုးရိမ်ပူပန်မှု ဘယ်လောက်အထိ ကြီးထွားလာမယ်လို့ ထင်ပါလဲ။

Michael Fuchs ။ ။ မြန်မာနိုင်ငံကလဲ တခြားနိုင်ငံများနည်းတူ နိုင်ငံခြားရေး မူဝါဒကို သူ့ရဲ့ အကျိုးစီးပွားအတွက် မှန်မှန်ကန်ကန် ကျင့်သုံးကြမှာပါ။ NLD အနေနဲ့ ကွဲလွဲတဲ့အမြင် အယူအဆ ရှိမယ်ဆိုတာတော့ သိသာပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ သင့်မြတ်အောင် နေထိုင်ဖို့ လိုအပ်ပါတယ်ဆိုတာကတော့ NLD ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒါမှ တိုင်းပြည်အတွက် အကျိုးရှိမှာပါ။ သိသာတဲ့ နယ်စပ်ပြဿနာတချို့ကတော့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တို့နဲ့ ရှိနေပါတယ်။ ဒါပေမဲ့လဲ ဒီနိုင်ငံတွေ အပါအဝင်အားလုံးက အပြုသဘော ဆက်ဆံဖို့ လိုလားမှာပါ။ ဆိုတော့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အပြုသဘော ဆက်ဆံတာဟာ အမေရိကန်ပြည်ထောင်စု နဲ့ ဥပရောပအတွက်ပါ ပြဿနာမရှိဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့က အနောက်နိုင်ငံတွေနဲ့ တရုတ်အကြား၊ အာဆီယံနဲ့ တရုတ်အကြား ဆက်ဆံရေး ဘယ်လို ဖြစ်လာနိုင်မယ်ဆိုတာ ပြောခဲ့ကြပြီးပါပြီ။ အခု ကျနော် Michael ကို ဆက်လက်ပြီး မေးချင်တာက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ တရုတ် နဲ့ အိန္ဒိယအကြား မြန်မာနိုင်ငံ အနေအထား ဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့က မြန်မာနိုင်ငံကို နှစ်နိုင်ငံလုံးက သူတို့နဲ့ ပိုပြီးတော့ ရင်းနှီးစေချင်တဲ့ ဆန္ဒရှိပါတယ်။ တချိန်တည်းမှာ တရုတ် နဲ့ အိန္ဒိယတို့က တနိုင်ငံနဲ့ တနိုင်ငံ ပဏာစားတဲ့ နိုင်ငံတွေ မဟုတ်ပါဘူး။ ဆိုတော့ ဒီနှစ်နိုင်ငံကြား မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်၊ မြန်မာနိုင်ငံပေါ် မူတည်ပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လို ဖြစ်လာမလဲဆိုတာကို သုံးသပ်ပါအုံး။

Michael Fuchs ။ ။ ဒါကလဲ အဲဒီ သဘောပါပဲ။ အိမ်နီးချင်း နိုင်ငံကြီး နှစ်ခုစလုံးနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ အရေးကြီးပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးဟာ အိန္ဒိယနဲ့ ဆက်ဆံရေးနဲ့ ကွဲလွဲပြီးတော့ သီးခြားပြဿနာတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။ နှစ်ဘက်စလုံးနဲ့ ပြေလည်အောင်တော့ လုပ်ရမှာပါ။ မြန်မာနိုင်ငံကို နိုင်ငံရေး၊ စီးပွားရေးအရ တံခါးဖွင့်လိုက်တဲ့အတွက် မြန်မာနိုင်ငံအတွက် အကျိုးရှိသလို၊ တရုတ် နဲ့ အိန္ဒိယအတွက်လည်း အကျိုးရှိမှာပါ။

ဦးကျော်ဇံသာ ။ ။ နိဂုံးချုပ်အနေနဲ့ မေးချင်တဲ့ မေးခွန်း။ တကယ်တော့ ဒီမေးခွန်းကို အစောပိုင်းက မေးခဲ့သင့်ပါတယ်။ အဲဒါ ဘာလဲဆိုတော့ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ဒီမိုကရေစီ ဖြန့်ချီနိုင်တဲ့၊ တနည်းအားဖြင့် ဒီမိုကရေစီရဲ့ နောက်ဆုံးခြေကုတ်စခန်းတခုဆိုတဲ့ အနေအထားအထိ တကြိမ်ကြိမ်မှာ ရောက်လာမယ်လို့ ထင်ပါသလား။

Michael Fuchs ။ ။ ဒါကတော့ ပြောဖို့ အချိန်စောသေးတယ်လို့ ထင်ပါတယ်။ အခုအချိန် မြန်မာနိုင်ငံမှာ စတင်ပွင့်လင်းလာတဲ့ အစောပိုင်းကာလပဲ ရှိပါသေးတယ်။ ပြုပြင်ပြောင်းလဲရေး အစပဲ ရှိပါသေးတယ်။ အသွင်ကူးပြောင်းတဲ့ နိုင်ငံတိုင်းဟာ ဒီမိုကရေစီ၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး ထွန်းကားရေးတွေ၊ လူ့အဖွဲ့အစည်းတွေ အတွင်းမှာ အမြစ်တွယ်ဖို့အတွက် အချိန်အကြာကြီး ယူရပါတယ်။ မြန်မာနိုင်ငံကလဲ အဲဒီအဆင့်ကို ရောက်ဖို့အတွက် နှစ်အတော်ကြာ စောင့်ရပါလိမ့်မယ်။ အဲဒီနောက်မှာတော့ မြန်မာနိုင်ငံဟာလဲ အရှေ့တောင်အာရှအတွက် ဒီမိုကရေစီစံပြနိုင်ငံ၊ တခြားနိုင်ငံတွေ အားကျစရာနိုင်ငံ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အခုတော့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ဟာ အဲဒီလို စံပြတွေ ဖြစ်နေပါပြီ။ မြန်မာနိုင်ငံမှာလည်း အင်မတန် ကောင်းမွန်တဲ့ အစပျိုမှုကို လုပ်ဆောင်နေပါပြီ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ ဒီလို အားကျစရာ၊ စံနမူနာ ယူစရာဖြစ်လာတယ်ဆိုတာ လူထုအတွက် မှန်ပါတယ်။ ဒါပေမဲ့ အာဏာပြအုပ်ချုပ်နေတဲ့၊ အဲဒီ လူထုအပေါ်မှာ စိုးမိုးနေတဲ့ အစိုးရတွေကရော ဒီလို ဖြစ်လာမှာကို ကြိုက်ပါ့မလား။

Michael Fuchs ။ ။ မှန်ပါတယ်။ မြန်မာနိုင်ငံရဲ့ မနှစ်က အတွေ့အကြုံဟာ ဘာကို ပြသလိုက်သလဲဆိုတော့ တိုင်းပြည်ကို လမ်းကြောင်းမှန်ရောက်အောင် ပိုဆောင်တဲ့နေရာမှာ ဒီမိုကရေစီ မဟုတ်တဲ့ ခေါင်းဆောင်ပိုင်းအနေနဲ့ ပါဝင်နိုင်တဲ့ဆိုတဲ့ အချက်ပါ။ ဒီလမ်းကြောင်းအမှန်ကို ရွေးချယ်လိုက်တာ၊ ပွင့်လင်းမှုလမ်းကို ရွေးချယ်လိုက်တာဟာ နောက်ဆုံးတနေ့မှာ လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဖြစ်စဉ်ပါ။ ဒါဟာ အခုဖြစ်ထွန်းနေတဲ့ မြန်မာနိုင်ငံရဲ့ အတွေ့အကြုံဟာ သင်ယူနိုင်တဲ့ သင်ခန်းစာပါ။ အာဆီယံနဲ့တကွ ကမ္ဘာတလွှာက နိုင်ငံတွေကပါ နှစ်သက်သဘောတူညီကြမှာပါ။

XS
SM
MD
LG