သုံးရလွယ်ကူစေသည့် Link များ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း/ငြိမ်းချမ်းဖွံ့ဖြိုးကော်မီတီဟာ ယခင်ဦးသိန်းစိန် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ငြိမ်းချမ်းရေးကော်မီတီနဲ့ ဘာကွာသလဲ။ အောင်မြင်မှုရနိုင်တဲ့ အလားအလာ ဘယ်လောက်ရှိသလဲဆိုတာ ရခိုင်အမျိုးသားခေါင်းဆောင်တဦးလဲဖြစ်၊ ပြည်ထောင်စုအမျိုးသားလွှတ်တော် ဒု-ဥက္ကဌလည်းဖြစ်တဲ့ ဦးအေးသာအောင် ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။


ဦးကျော်ဇံသာ ။ ။ အခုဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ။ ဒီအဖွဲ့ကိစ္စကို မပြောခင်မှာ အရင် ဦးသိန်းစိန်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ အဖွဲ့နဲ့ ပတ်သက်ပြီးတော့ နည်းနည်းမေးချင်ပါတယ်။ အဲဒီအဖွဲ့ရဲ့  လုပ်ဆောင်ချက်တွေက ဘယ်လောက်အထိ ခရီးရောက်ခဲ့သလဲလို့ ထင်ပါသလဲ - ရခိုင်ပြည် ပဋိပက္ခနဲ့ ပတ်သက်လို့။

ဦးအေးသာအောင် ။ ။ ပြဿနာတွေကို နည်းမျိုးစုံနဲ့ မြှောက်ပေးတာ၊ လှုံဆော်တာ၊ မပြောသင့် မပြောထိုက်တဲ့ အဖွဲ့အစည်းတွေ ပါနေတယ်လို့ ကျနော် ကြားနေမိတယ်။ ဒါကြောင့် နီးနီးကပ်ကပ်တော့ ကျနော်မှာ အတိအကျကတော့ မရှိပါဘူး။ ပြဿနာကို ဖြေရှင်းတဲ့အခါမှာလည်း ပြေလည်အောင် ဖြေရှင်းနိုင်တယ်လို့ ပြောဖို့ကတော့ ခက်ပါတယ်။ အခုအချိန်အထိ ပြဿနာက ဘယ်အချိန် ပြန်ဖြစ်မလဲ။ ပြန်ပေါ်မယ့် အနေမျိုးတွေ ရှိနေတော့ ပြီးခဲ့တဲ့ ဖြေရှင်းရေးကော်မတီဆိုတာ ပြေလည်အောင် ဖြေရှင်းမယ်လို့ ခက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ဘူးဆိုတာ ပြဿနာက ဒီအတိုင်းပဲ ဆက်လက်ရှိနေသလား။ အခြေအနေက ပိုပြီးဆိုးခဲ့သလား။ တိုးတက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ဆိုနိုင်သလား။

ဦးအေးသာအောင် ။ ။ ဒီလိုလေ ဒီပြဿနာကြောင့် ရခိုင်ပြည်နယ်မှာ ပြောင်းရွှေသွားနေတဲ့ ဒုက္ခသည်များ စစ်တွေဒုက္ခသည်စခန်းမှာ စုပေါင်းလာပါတယ်။ စုပေါင်းလာတာက မူလကဆိုရင် ခြောက်သောင်းလောက်ပဲ ရှိတယ်။ အခုဆိုရင် တစ်သိန်းခွဲ၊ နှစ်သိန်းနီးပါးလောက် ရှိတယ်လို့ ပြောလာတဲ့အတွက် စစ်တွေကြိုဆိုရေးအတွက် စိုးရိမ်ရတဲ့ အနေအထားတောင် ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ဒုက္ခသည်စခန်း ဖွင့်ပြီးမှ အဲဒီအထဲကို အသစ်ပြောင်းလာတာလား။

ဦးအေးသာအောင် ။ ။ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒုက္ခသည်စခန်းမှာ ရိက္ခာတွေ ဆန်ဆီ ငရုတ်ကြက်သွန်ပဲ ငွေကြေးရတဲ့အခါကြတော့ ဒုက္ခသည်စခန်းကို လာချင်တဲ့ရွာတွေ များလာတာ တချို့ ဆိုရင် ခိုးပြီးတော့ နည်းမျိုးစုံနဲ့ သွားလာတယ်၊ ပြောင်းလာတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ အရင်အဖွဲ့နဲ့ အခုဖွဲ့လိုက်တဲ့ အဖွဲ့ ဘာကွာပါလဲ။ အဓိကအားဖြင့်။

ဦးအေးသာအောင် ။ ။ ဒီကော်မတီအကြောင်းကို မပြောခင်၊ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ နည်းနည်းပြောချင်တယ်။ စီးပွားရေးပိုင်းမှာ ခြွတ်ခြုံကျနေတယ်။ ဒါတွေကို ပြန်လည်ထူထောင်ဖို့ဖြစ်ဖြစ်၊ နယ်စပ်လုံခြုံရေးအတွက် ဖြစ်ဖြစ်၊ လက်ရှိဝင်ငွေတွေကို ဆွေးနွေးဖို့ အစီရင်မခံတဲ့ ပြဿနာမျိုး။ ဒါတွေကို ဖြေရှင်းဖို့ဆိုရင် ပြည်နယ်အစိုးရတခုနဲ့ မဖြစ်နိုင်ပါဘူး။ ဒီအပေါ်မှာပဲ ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ ဒီတော့ ပြည်ထောင်စုမှာ ဒီပြဿနာတွေကို ဖြေရှင်းရမယ်။ စီးပွားရေးတိုးတက်အောင် လုပ်ပေးဖို့ဆိုရင်လဲပဲ ပြည်ထောင်စုက လူမှုရေးနဲ့ လုပ်ပေးဖို့ လိုပါတယ်။ ဒီအချိန်မျိုးမှာ အခုနက ကော်မတီကို ဖွဲ့လိုက်တဲ့အတွက်ကြောင့် ကျနော်ကတော့ ယေဘုယျ လိုလိုလားလား ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ ဝန်ကြီးတွေအားလုံးပါတယ်။ ပြည်နယ်ဝန်ကြီးတွေပါတယ်။ ဒီကော်မတီအဖွဲ့က ယိုးယွင်းပျက်စီးနေတဲ့ ရခိုင်ပြည်နယ်ရဲ့  လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးကဏ္ဍတွေကို တကယ်လုပ်ပေးမယ်ဆိုရင် ထိရောက်အောင်မြင်နိုင်မယ်လို့ ယူဆတယ်။ လုံခြုံရေးပိုင်းမှာလည်း ဘာပဲဖြစ်ဖြစ် ဆောင်ရွက်နိုင်လိမ့်မယ်။ ပြဿနာတွေကိုလည်း ထိထိမိမိ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဘယ်လောက်ထိ ဆောင်ရွက်ပေးမယ်၊ ဆောင်ရွက်နိုင်သလဲဆိုတာတော့ စောင့်ကြည့်ရမယ့်သဘော ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့ဆောင်ရွက်နိုင်မယ့် အလားအလာကို နည်းနည်းကြည့်ချင်ပါတယ်။ အဲဒီတော့ ဒီပြဿနာတွေအားလုံးမှာ လောလောဆယ် လက်တလော ဖြေရှင်းရမယ့်ကိစ္စက၊ တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ ဟုတ်ပါသလား။

ဦးအေးသာအောင် ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စက ဘယ်လို ကိုင်တွယ်မယ် ထင်ပါလဲ။ တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ပြီတော့။

ဦးအေးသာအောင် ။ ။ တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လို လုပ်မယ်ဆိုတာ မသိပေမယ့် ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် နယ်စပ်လုံခြုံရေး အရင်ပြောရမယ်။ ပြီးတော့ ဒီဘက်ကို ရောက်နေတဲ့ ဘင်္ဂလီ တစ်သန်းကျော်လောက်ကို စီစစ်ဖို့လိုပါတယ်။ ဒီနေရာမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ လုပ်ထုံလုပ်နည်းနဲ့ညီရင် နိုင်ငံသားဖြစ်ခွင့်ရတဲ့ လူတွေလည်း နိုင်ငံသားရမယ်။ နိုင်ငံသားရရင်တော့ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့ လိုမယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ လူတွေ နိုင်ငံသားလက်မှတ်ရမယ်။ နောက်ပြီးတော့ အစဉ်အလာနေလာတဲ့ မူစလင် ကမန် တို့လို လူတွေ။ သူတို့နဲ့ ပြန်လည်သင့်မြတ်ရေး အလားအလာ ဘယ်လို ရှိပါလဲ အခြေအနေ။

ဦးအေးသာအောင် ။ ။ အခုက ဘယ်လို ဖြစ်သလဲဆိုတော့ ကမန်ရဲ့  လူဦးရေက တကယ့်တကယ် အစစ်အမှန် သုံးသောင်းကျော်လောက်ပဲ ရှိတယ်လို့ ကမန်ပါတီက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ပြောပါတယ်။ ဒါပေမဲ့ အခု ကမန်အဖြစ် ခံယူပြီးတော့ ဘင်္ဂလီတွေက မှတ်ပုံတင် လုပ်တတ်ကြတာ - ငွေကြေးပေးပြီတော့လည်းကောင်း၊ နည်းမျိုးစုံနဲ့ လုပ်ထားကြတာက တစ်သိန်းခွဲလောက် ရှိနေတယ်။ ဆိုတော့ ဒီပြဿနာကိုလည်း ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကမန်အစစ်တွေအနေနဲ့ကတော့ ရခိုင်ပြည်နယ်မှာ သမိုင်းအစဉ်အဆက် ရခိုင်လူ့အဖွဲ့အစည်းနဲ့ သဟဇာတရှိရှိ နေလာခဲ့တာ နှစ်ပေါင်းကြာပြီ။ အခုမှပဲ ပြဿနာတတ်တယ်ဆိုတာ ဒါ မဖြစ်သင့်ဘူး။ အခုန ဦးကျော်ဇံသာ မေးတဲ့ ယုံကြည်မှု ရဖို့ဆိုတာက ကမန်အဖြစ် ဘင်္ဂလီတွေက နည်းမျိုးစုံနဲ့ မှတ်ပုံတင်လုပ်ထားတဲ့ ကိစ္စကို နိုင်ငံတော်အစိုးရက လူဝင်မှုကြီးကြပ်ရေးဌာနက ဒါကို ရှင်းပေးရလိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပုဂ္ဂိုလ်အနေနဲ့ နိုင်ငံတကာက သူကို ငြိမ်းချမ်းရေး မီးရှူးတဆောင်တဦးလို မြင်လို့ပဲ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဘာသာရေး၊ လူမှုရေး အခြေခံတဲ့ ပဋိပက္ခတွေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာ ရှင်းရှင်းလင်းလင်း မရှိဘူးဆိုတာလဲ ဦးအေးသာအောင် သိမယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ရင်ဆိုင်မယ် ထင်ပါလဲ။

ဦးအေးသာအောင် ။ ။ ဒေါ်အောင်ဆန်းစုကြည် ပြောတာတခု ရှိပါတယ်။ ဘင်္ဂလီကိစ္စနဲ့ ပတ်သက်လို့ မေးတဲ့ မေးခွန်းအပေါ်မှာ တုံ့ပြန်တဲ့စကား အဲဒါ ဘာလဲဆိုရင် ကျမတို့ တိုင်းပြည်မှာ ပြဿနာတွေ အများကြီး ရှိပါတယ်။ ပြဿနာတခုကိုပဲ မေးနေကြတာ မဖြစ်သင့်ဘူးလို့ ထင်တယ်လို့ တုံ့ပြန်ပြောပါတယ်။ အမှန်လဲ မှန်ပါတယ်။ အခု ဒီနောက်ပိုင်းမှာတော့ သူတို့ပြောပြောနေတဲ့ ခေါ်နေတဲ့ နာမည်တွေနဲ့ ပတ်သက်လို့တော့ တချို့ သံအမတ်တွေ၊ အဖွဲ့အစည်းတွေက မခေါ်တော့တဲ့ အနေအထားမျိုးတွေတော့ တွေ့လာရတယ်။

ဦးကျော်ဇံသာ ။ ။ အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းလူထုအနေနဲ့ အများစုနိုင်တဲ့ ANP ပါတီက လူကို ဝန်ကြီးချုပ်ဖြစ်စေချင်တယ်။ ဒါပေမဲ့ NLD က သူတို့ပါတီဝင်ကို ခန့်လိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမြင်မကြည်လင်မှုတချို့  ကြားခဲ့ရပါတယ်။ NLD အပေါ်မှာ။ အဲဒီ အမြင်မကြည်လင်မှုကရော အခု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့ကိစ္စမှာ အနှောင့်အယှက် ဖြစ်နိုင်တဲ့ အလားအလာ ရှိပါလား။

ဦးအေးသာအောင် ။ ။ ဒီလိုပါ။ ကျနော်တို့လည်း နိုင်ငံရေးနယ်ဖက်ထဲကို ပေါင်းလာတယ်ဆိုတာက ကိုယ့်ပြည်နယ် ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့၊ အဲဒီလို ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်များနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ရည်ရွယ်ချက်။ အဲဒီတော့ လက်ရှိ ဒါတွေကို ဖော်ဆောင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ဖြစ်ပါတယ်။ ဒါကိုပြင်ဖို့ ကျနော်တို့က ကြိုးပမ်းပါတယ်။ မှန်ပါတယ်။ ပြဿနာကတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့က ရခိုင်ပဲဖြစ်ဖြစ်၊ အခု ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့လိုက်တဲ့အခါ ကျနော်တို့က ယေဘုယျအားဖြင့် သဘောတူတယ်။ သဘောကျတာတွေ ရှိပါတယ်။ ဘယ်လိုဆက်ပြီးတော့ အကောင်အထည်ဖော်မယ်ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ အပိုင်းတခုက AA ကိစ္စ ဖြစ်ပါတယ်။ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး အခု ဒုတိယ ပင်လုံနဲ့ တာဆူပြီးတော့ ဆောင်ရွက်နေကြတယ်။ ဒါပေမဲ့ AA အပါအဝင် တခြားအဖွဲ့နှစ်ဖွဲ့အတူ AA တို့ကို လက်နက်ချဖို့ဆိုတော့ AA က လက်မခံဘူးဆိုတော့ AA နဲ့ တိုက်ပွဲဟာ ပြင်းပြင်းထန်ထန် ဆက်ပြီးတော့ ဖြစ်ပါတယ်။ ရခိုင်ဒေသခံတွေလည်း စစ်ဘေးဒဏ် ခံကြရတယ်။ ဆိုတော့ ဒီိကိစ္စကို ဘယ်လို ဖြေရှင်းမလဲ။ ဘာကြောင့် AA ကို တရားဝင်အဖြစ် လက်မခံနိုင်ကြလဲ။ ဆွေးနွေးပွဲအတွက်။ လက်ခံလာနိုင်မယ့် အလားအလာ ရှိပါလား။

ဦးအေးသာအောင် ။ ။ မှန်ပါတယ်။ ကျနော်တို့လည်း ကြားနေပါတယ်။ မီဒီယာများတဆင့် AA, တအောင်းပလောင် … ဒီ (၃) ဖွဲ့ကို လက်နက်ချပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပါဖို့ခွင့်ပြုမယ်လို့ ကြားပါတယ်။ ကျနော်တို့ရဲ့  မူကတော့ UNFC ရဲ့  မူနဲ့ပဲ တထပ်တည်းကျပါတယ်။ -- မူနဲ့လည်းပဲ တထပ်တည်းကျပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာဖြစ်ဖြစ်၊ ရေရှည်လက်မှတ်ထိုးတဲ့အခါမှာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးညီလာခံခေါ်ခေါ်၊ အခု ကျင်းပမယ့် (၂၁) ရာစု ပင်လုံညီလာခံပဲပြောပြော ကျနော်တို့က အားလုံးပါဝင်သင့်၊ ပါဝင်ထိုက်တယ်လို့ ခံယူထားပါတယ်။ ဒီ (၃) ဖွဲ့ကို ဒီ (၃) ဖွဲ့တွေနဲ့ ဆက်စပ်တဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း တပ်ဖွဲ့တွေမှာ ပါဝင်နိုင်တယ်၊ ပါဝင်နေမယ်ဆိုရင် တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲဖို့ ဆိုတာတောင် မဖြစ်နိုင်ဘူးလို့ ကျနော်က ပြောချင်ပါတယ်။ (၂၁) ရာစု ပင်လုံညီလာခံမှာလည်း AA အပါအဝင်၊ တအောင်းပလောင်၊ NNGA တို့ကို အားလုံး ဖိတ်သင့်တယ်။ အကယ်၍ ဒီ (၃) ဖွဲ့ကို မဖိတ်ဘူးဆိုရင် UNFC လို တကယ့်တိုင်းရင်းသားအဖွဲ့လည်း တက်မယ်လို့ ကျနော်က မထင်ဘူး။ မတက်ဘူးဆိုရင် တက်တဲ့အဖွဲ့၊ မတက်တဲ့အဖွဲ့ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလို ဘာမှ အဖြေမထွက်တဲ့ (၂၁) ရာစု ပင်လုံညီလာခံ မဖြစ်စေချင်ဘူး။ ဒါကြောင့် အားလုံး ပါဝင်စေချင်တယ်၊ ပါဝင်သင့်တယ်လို့ ပြောချင်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို ပါဝင်နိုင်ရေးအတွက် ဦးအေးသာအောင်တို့ ဦးဆောင်တဲ့ လွှတ်တော် ပြည်သူ့ကိုယ်စားလှယ်တွေ တောင်းဆိုတိုက်တွန်းကြမယ် လွှတ်တော်နှစ်ရပ်စလုံးမှာဆို မဖြစ်နိုင်ဘူးလား။

ဦးအေးသာအောင် ။ ။ ဒီလိုပါ။ အခု ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နှစ်ဖက်စလုံး NLD ကတော့ ကော်မတီတွေဖွဲ့တယ်။ ဆောင်ရွက်သင့်တဲ့အဆင့်မှာတော့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ လွှတ်တော်ရဲ့  အခန်းကဏ္ဍက အရင်လွှတ်တော်တုန်းကလည်း တကယ်ဖွဲ့စည်းတဲ့အခါမှာ နိုင်ငံရေးအရ …. တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီများကတဖက် ဒီလို ရှိခဲ့မယ်ဆိုရင် လွှတ်တော်ကတော့ အစိုးရလွှတ်တော်၊ တပ်မတော် .. လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပြီးတော့ … ရမယ်လို့ထင်တယ်။

XS
SM
MD
LG