သုံးရလွယ်ကူစေသည့် Link များ

၂၁ ပင်လုံညီလာခံ တိုင်းရင်းလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေး အစိုးရကြိုးပမ်း


မကြာခင်လပိုင်းအတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်ရေး ကျန်နေသေးတဲ့ ဝ၊ မိုင်းလားစတဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ အစိုးရကိုယ်စားလှယ်တွေ စီစဉ်နေကြပါတယ်။

အရင်ဆွေးနွေးပွဲတွေနဲ့ မတူဘဲ တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းမယ်လို့လည်း မျှော်လင့်နေကြတာပါ။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်ဖို့ အရေး အပစ်မရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အဖွဲ့လိုက် ထိုင်းနိုင်ငံ ချင်းမိုင်အထိ သွားရောက် တွေ့ဆုံခဲ့သလို ဝ၊ မိုင်းလား စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း သီးခြားတဖွဲ့ချင်းစီပါ တွေ့ဆုံနိုင်ဖို့ အစိုးရသစ်ရဲ့ ကိုယ်စားလှယ်အဖွဲ့က စီစဉ်နေတာပါ။

အပစ်ရပ် လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA အနေနဲ့လည်း အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ သီးခြားတွေ့ဆုံဖို့ အသင့်ရှိတယ်လို့ ပြောခွင့်ရ မိုင်အိုက်ကျော်က ပြောပါတယ်။

“တွေ့ဆုံမှုအတွက် ကျနော်တို့ကတော့ အဆင်သင့်ရှိတယ်ပေါ့နော်။ ၂၁ ရာစု ပင်လုံညီလာခံကို ဆက်သွားမယ်လို့တော့ အကြမ်းအားဖြင့် ကျနော်တို့ သိရတယ်။ တွေ့ဆုံဖို့အတွက် ဖိတ်လာလို့ရှိရင် ကျနော်တို့ဘက်က တက်ရောက်ဖို့အတွက် အဆင်သင့်ရှိတယ်ပေါ့နော်။ ဒီ ၂၁ ရာစု ပင်လုံညီလာခံမှာလည်း ကျနော်တို့ တက်ရောက် ဆွေးနွေးဖို့အတွက် စီစဉ်ထားတယ်။”

၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာမယ်ဆိုရင်တော့ မျှော်လင့်ချက်တွေ ရှိနိုင်တယ်ဆိုပေမဲ့ လတ်တလော တိုက်ပွဲတွေ ဖြစ်ပေါ်နေတဲ့အပေါ်မှာ စိုးရိမ်မှုတွေလည်း ရှိနေတာပါ။ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ နိုင်ဟံသာကတော့ နိုင်ငံရေးဆွေးနွေးမှုတွေကို အမြန်ဆုံး စတင်ဖို့ လိုမယ်လို့ မြင်ပါတယ်။

“အရင်ကထက်တော့ နည်းနည်း တိုးတက်မှုရှိလိမ့်မယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ NLD အနေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်ကရော အားလုံးပါဝင်ရေးကို တဘက်က အဲ့လို သဘောထားရှိတယ်။ အဲတော့ အားလုံး ပါဝင်ဖို့လက်ခံရင် ဒါဆိုရင်တော့ ကျနော်တို့လည်း ပါဝင်ဖို့ အသင့်ပါပဲ။ နောက် နိုင်ငံရေးအရ ဦးတည်ဖို့ဆိုတဲ့ အပိုင်းမှာလည်း ဖက်ဒရယ်ပြည်ထောင်စုကို ဟိုဘက်က အကောင်အထည်ဖော်ဖို့ သူတို့မှာလည်း ဆန္ဒရှိတဲ့အပေါ် ကျနော်တို့အမြင်နဲ့လည်း အများကြီး ကိုက်ညီတယ်လေ။ အဲတော့ ဖက်ဒရယ်အပေါ်မှာတော့ အခြေခံအားဖြင့်တော့ ကိုက်ညီတယ်။ နောက်ပြီးတော့ ၂၁ ရာစု ပင်လုံလို့ သူတို့ခေါ်တဲ့အပေါ်မှာ ယေဘုယျအားဖြင့် ပင်လုံကို အခြေခံတယ်။ အခြေအနေ၊ အချိန်အခါနဲ့ ကိုက်ညီတဲ့ အနေအထားမျိုးကို ပြင်ဆင်ဖြည့်စွက်နိုင်ဖို့ ၂၁ ရာစုဆိုပြီးတော့မှ ဖြည့်စွက်ထားတယ်။ အဲဒီအနေအထားကလည်း သင့်တော် ကိုက်ညီမယ့် အနေအထားလို့ ကျနော်တို့ မြင်တယ်။”

ဆယ်စုနှစ်နဲ့ချီ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်စေရေး ဆွေးနွေးမှုတွေမှာ အဓိက အင်အားကြီး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဝ၊ ကိုးကန့်၊ မိုင်းလားစတဲ့ အဖွဲ့တွေ ပါဝင်လာမှ အောင်မြင်မှုရမယ်လို့လည်း ထောက်ပြနေကြတာပါ။

“NCA မှာ အားလုံးလက်မှတ်ထိုးရမယ်ဆိုတဲ့ ရပ်တည်ချက်မျိုးဆိုရင် အဲဒါ NCA ကို ဆွေးနွေးရမယ်။ NCA ကို ဆွေးနွေးရင် အဓိကအားဖြင့် အားလုံး ပါဝင်ရေးမူကို လက်မခံလို့ အဲဒီမှာ တွေ့ဖြစ်သွားတာပါ။ NCA ကို ဆွေးနွေးရင်လည်း အဓိကအားလုံးပါဝင်ရေးကို အစိုးရဘက်က ကြည်ကြည်ဖြူဖြူနဲ့ လက်ခံရင် တပ်မတော်ဘက်ကလည်း မကန့်ကွက်ဘူးဆိုရင်တော့ ဒီကိစ္စကတော့ အလုပ်ဖြစ်နိုင်တဲ့ အနေအထား အများကြီးရှိတယ်လို့ မြင်တယ်။”

ဒီအတွက်လည်း အိမ်နီးချင်းတရုတ်အစိုးရလို ဒေသတွင်းအစိုးရတွေကပါ ဖိအားပေးတိုက်တွန်းမှုတွေ ရှိနေတယ်လို့လည်း တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာအကဲခတ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“အဲဒီ ၂၁ ရာစု ပင်လုံနဲ့ ပတ်သက်လို့တော့ တိုင်းရင်းသားတွေကလည်း တော်တော် ကြီးကြီးမားမား မျှော်လင့်ထားတာတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့က အခြေခံ စေတနာမှန်တယ်လို့ သူတို့တွေက အဲ့လို တွက်တယ်။ ဒါကြောင့်မို့ ဒီဟာကို အောင်မြင်အောင် သူတို့ဘက်ကလည်း အများကြီး ကြိုးစားမယ်လို့ သူတို့ စဉ်းစားထားတာတွေ ရှိပါတယ်။ အဲတော့ ကျမကြည့်တာကတော့ နိုင်ငံတကာကလည်း အခုဟာက အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင် လုပ်နေတဲ့ ကာလလည်း ဖြစ်တာပေါ့။ အဲတော့ ကျမတို့ ဒီ နယ်စပ်တလျှောက်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ နိုင်ငံတကာကပါ ၀င်ပြီး ကူညီမယ့် အလားအလာရှိတယ်။ အထူးသဖြင့် တရုတ်ပြည်ပေါ့။ တရုတ်ပြည်ရဲ့ သူ့ရဲ့ သေနင်္ဂဗျူဟာ ခြေလှမ်းက ပိုးလမ်းမအသစ်ကို ပြန်ဖွင့်ရေး၊ အဲဒီ ပိုးလမ်းမအသစ်က ရေလမ်းတကြောင်းရှိတယ်။ ကုန်းလမ်းတကြောင်းရှိတယ်။ အဲဒီဟာတွေအားလုံးဟာ ဗမာပြည်ကို ဖြတ်သန်းသွားလာမှာပဲ။ အဲတော့ ဗမာပြည် ပြည်တွင်းစစ်အေးဖို့ ငြိမ်းချမ်းဖို့ဟာ တရုတ်အတွက်လည်း အရေးကြီးတယ်။ ဒါကြောင့်မို့လို့ ဒီနယ်စပ်တလျှောက်မှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေကြားမှာ တရုတ်ကလည်း တော်တော် ဖိအားပေးနေတာ ဖြစ်တယ် ဒီ ငြိမ်းချမ်းရေးကိစ္စမှာ။ သူကိုယ်တိုင် ၀င်ပြီးတော့လည်း ထဲထဲဝင်ဝင် ဆောင်ရွက်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမက ငြိမ်းချမ်းရေးကိစ္စဟာ အလားအလာ ကောင်းတယ်လို့ တွက်မိတာပါ။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေက ပါဝင်ကူညီဖို့ ကမ်းလှမ်းနေတဲ့အထဲ အိမ်နီးချင်း ထိုင်းနိုင်ငံလည်း အပါအ၀င် ဖြစ်ပါတယ်။ ဒီလနှောင်းပိုင်း ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံတဲ့အခါကျရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အကူအညီပေးဖို့ ကမ်းလှမ်းမှာဖြစ်တယ်လို့လည်း ၀န်ကြီးချုပ် ပရာရွတ် ချန်အိုချာ ကပြောဆိုထားပါတယ်။

XS
SM
MD
LG