သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့နဲ့ ၂၁-ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးအရ သဘောတူညီမှု ရနိုင်ဖို့ဆိုရင် တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်တွေကြား အပစ်အခတ်ရပ်စဲဖို့ အရင် လုပ်ရမှာဖြစ်ပြီး၊ အစိုးရတပ်ဖက်က စစ်အင်အားတိုးချဲ့မှုနဲ့ ထိုးစစ်တွေ ရပ်ဖို့လိုတယ် လို့ တိုင်းရင်းသားခေါင်းဆောင် တချို့နဲ့ လေ့လာသူတွေက ပြောဆိုလိုက်ပါတယ်။ NLD အစိုးရသစ်အနေနဲ့ တပ်မတော်ပေါ် သြဇာညောင်းနိုင်မှသာ ခိုင်မာတဲ့ အပစ်ရပ်ရေးကို အမြန်ဖေါ်ဆောင် နိုင်လိမ့်မယ်လို့ သုံးသပ်နေကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

NLD အစိုးရသစ်ရဲ့ ၂၁ ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေးကော်မတီ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ NCA အပစ်ရပ်ရေးစာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးနေကြတာပါ။

ဒီဆွေးနွေးမှုတွေကနေ ကောင်းတဲ့ အလားအလာတွေ ထွက်ပေါ် လာဖို့မျှော်လင့်နေပေမယ့် နှစ်ဖက်တပ်တွေကြား လုံးဝအပစ်ရပ်ထားဖို့ အရင်သဘောတူရလိမ့်မယ်လို့ သုံးသပ်သူကတော့ သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းပဲဖြစ်ပါတယ်။

" အခု ဒီချင်းမိုင်မှာ လုပ်တဲ့ဟာကတော့ အောင်မြင်ပါလိမ့်မယ်။ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ တပ်မတော်နဲ့ကြားမှာ အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ဖို့ လိုတယ် ဆိုတဲ့ဟာ ဒါကို သဘောပေါက်ပြီးတော့ တကယ်ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင်တော့ အပစ်အခတ်ရပ်စဲဖို့ဆိုတာက မခက်ဘူး။ "

ချင်းမိုင်ဆွေးနွေးပွဲကနေ နောက်ထပ်ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာနိုင်တယ်ဆိုပေမယ့် တိုင်းရင်းသားနယ်မြေတွေမှာ တိုးချဲ့ချထားတဲ့ အစိုးရ တပ်တွေ ပြန်ရုပ်သိမ်းမှသာ တဖက်နဲ့တဖက် ပိုမိုယုံကြည်မှုရလာပြီး ခိုင်မာတဲ့ အပစ်ရပ်ရေး အထိ ဆွေးနွေးနိုင်လိမ့်မယ် လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ KNLA တပ်တွေမှာ တပ်မှူး အဖြစ် တာဝန်ယူဖူးသူ ဗိုလ်မှူး ရောဘတ်ဇံက ပြောပါတယ်။

" ဆွေးနွေးပွဲကတော့ ဖြစ်မယ်ဗျ။ ဒါပေမဲ့ အပစ်ရပ်မယ်ဆိုတော့ တပ်တွေ ပြန်ရုပ် မလား။ ဦးနေဝင်းလက်ထက်တုန်းကတော့ အားလုံး အပစ်ရပ်ပစ်လိုက်တာ တပြည်လုံး။ တပြည်လုံး အပစ်ရပ်လိုက်တော့ အဲ့တာ အားလုံးက ယုံကြည်မှု ရှိလာတယ်။ အခုက အပစ်ကလည်း မရပ်ဘူး။ တပ်တွေကလည်း တိုးချဲ့လာ။ ဆိုတော့ အပစ်ရပ်အောင်ပဲ အရင် အမိန့်ပေးကြည့်ဗျာ။ အဲ့တာဆိုရင်တော့ လူမျိုးစုတွေက ယုံကြည်မှု တော်တော်ရှိလာမယ်။ အခုက တဖက်က ငြိမ်းချမ်းရေး ပြောနေပေမဲ့ တဖက်က စစ်တပ်တွေက အကြီးအကျယ် တိုးချဲ့လာပြီး တိုက်ပွဲတွေ လုပ်နေတော့ ဒါ ယုံကြည်စရာ မရှိဘူးလေ။ တယောက်နဲ့တယောက် ယုံကြည်မှလဲ ကျနော်တို့က အနာဂတ်အတွက် အလုပ်လုပ်လို့ ရမှာကိုး လက်တွဲလို့ရမှာကိုး မယုံကြည်ဘဲနဲ့ ဘယ်လိုလုပ် လက်တွဲလို့ရမလဲ ။"

လက်တွေ့အခြေအနေမှာတော့ ကချင် ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသားတပ်တွေကြား တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ သမ္မတက အပစ်ရပ်ဖို့ တပ်မတော်ကို ပြောကြားခဲ့တာရှိပေမယ့် လက်တွေ့မှာတော့ ထိုးစစ်တွေ ရပ်မသွားပဲ မြေပြင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သမ္မတက တပ်မတော်ပေါ် သြဇာမညောင်းဘူး ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာတာပါ။

ဒါကြောင့် ခိုင်မာတဲ့ အပစ်ရပ်ရေးဖြစ်ဖို့ဆိုရင် သမ္မတက တပ်မတော်ပေါ် သြဇာညောင်းဖို့ လိုတယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။ ဒါပေမယ့် NLD အစိုးရက တပ်မတော်ပေါ် သြဇာလွှမ်းမိုးနိုင်မယ့် အနေထား မမြင်ရသေးဘူးလို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

" ဒီသမိုင်းကြောင်းအရပေါ့လေ NLD နဲ့ တပ်မတော်ကြားမှာကိုယ်နိုက်က သံသယစိတ်တွေ ရှိခဲ့တာပေါ့နော်။ ဒါ့အပြင် တပ်မတော်က နိုင်ငံနဲ့ တိုင်းရင်းသားတွေ အတွက်ကို သူက ပြည်တွင်း ပြည်ပရန် ကာကွယ်ဖို့အတွက် တပ်မတော်မှာ တာဝန်ရှိတယ်ဆိုပြီး အဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ရေးထားတယ်။ ရေး ထားတော့ ဒီကိစ္စတွေကို သူက လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တဲ့ သဘောဖြစ်တာပေါ့။ ဖြစ်တော့ သူက လက်တွေ့ပိုင်းမှာ တပ်မတော်အပေါ်မှာ သြဇာရှိလာအောင် ဒီတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ပုဂ္ဂိုလ်ကို NLD အစိုးရက ခန့်ထားခွင့်ရှိဖို့လိုတယ်။"

တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး လုပ်ပိုင်ခွင့်ကို ထူထောင် ထားတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့ လိုအပ်တယ်လို့ ဗိုလ်မှူး ရောဘတ်ဇံက သုံးသပ်ပါတယ်။

" ဒီစစ်တပ်ရဲ့သဘောထားလိုပါတယ်။ ငြိမ်းချမ်းရေး ရချင်ရင် တပြည်လုံး အပစ်ရပ်ရမယ်ဗျ။ ဆိုတော့ အခြေခံပေါ့ဗျာ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်မှ ငြိမ်းချမ်းရေးက ရမှာပါ။ နောက်တခုက ဒီဖက်ဒရယ်ကို လက်မခံရင်လည်း ဒီငြိမ်းချမ်းရေးက မရနိုင်ဘူးဗျ။ ဆိုလိုတာက ဒီကနေ စစ်က ဖြစ်လာကြတာကိုး။ အဲ့တော့ စစ်တပ်ရဲ့အကျိုးစီးပွားကို ကာကွယ်တဲ့ ၂၀၀၈ ကြီး ရှိနေသမျှ အပစ်အခတ်ရပ်စဲရေးက မရနိုင်ဘူးဗျ။ တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေး လိုချင်ရင် အခြေခံကို အရင်လုပ်ရမယ် ။ အခြေခံကြီးကို မလုပ်ပဲနဲ့ တွေ့ပြီးတော့ စကားပြောကြတာတွေ က စကားပြောတာပဲ ရှိမယ်။ အဖြေ မထွက်လာဘူး။"

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်းနဲ အဖွဲ့ဟာ လာမည့်ဇွန်လ ဒုတိယအပတ်မှာ မြောက်ပိုင်းဒေသတွင်ရှိတဲ့ ဝ မိုင်းလား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်လက်တွေ့ဆုံ ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG