သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သစ် တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့
(ဦးကျော်တင့်ဆွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာတင်မျိုးဝင်း)
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ (ဦးကျော်တင့်ဆွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာတင်မျိုးဝင်း)

အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ NCA လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဒီကနေ့ ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အခုတွေ့ဆုံမှု ဟာ ရလဒ်ကောင်းတွေ ရရှိနိုင်မယ်လို့ အစိုးရကိုယ်စားလှယ်ဘက် က မျှော်လင့်နေသလို ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရာမှာ တိုင်းရင်းသားတွေ အားလုံးစုံ ပါဝင်နိုင်ရေး ဆိုတဲ့ အဆိုအပေါ် အစိုးရ ကိုယ်စားလှယ်ဘက်ကနေ တိကျတဲ့အဖြေပေးတာမျိုး မရှိဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဘက်က ဆိုပါတယ်။ ဒီကနေ့ကျင်းပတဲ့ အစည်းအဝေးအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိမ်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

NCA အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ရဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့နဲ့ အစိုးရရဲ့ ၂၁ ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေးကော်မတီတို့ ထိုင်း နိုင်ငံ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြတာပါ။

ဒီကနေ့ နှစ်ဘက်အဖွဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ၂၁ ရာစု ပင်လုံ ညီလာခံဖြစ်မြောက်ရေးကော်မတီ အစိုးရကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။

" ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ထပ်မံပါဝင်လာဖို့ ကျနော်တို့အနေနဲ့ လာရောက်ပြီးတော့ တွေ့ဆုံရှင်းပြတာပေါ့လေ။ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေဘက်ကလည်း အခုသွားနေတဲ့ Process အောက်မှာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းတော့ နားလည်တယ်လို့တော့ ထင်ပါတယ်။ အဲ့တာအပြင် သူတို့အနေနဲ့ မေးခွန်းတွေ အများကြီးမေး ပါတယ်။ ဒေါက်တာ တင်မျိုးဝင်း နဲ့ ဘေးကနေ ကျနော်တို့တွေလည်း အတတ်နိုင်ဆုံးတော့ ရှင်းပြကြတော့ ယုံကြည်မှုတော့ ကျနော်တို့ မလာခင်တုန်းကထက် စာရင်တော့ ပိုပြီးတော့ ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ကျနော်ကတော့ ယုံကြည်တယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် လုပ်ဆောင်သွားမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနေနဲ့ အဆင့်တိုင်းမှာ ပါဝင်သွားနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်း ဦးလှမောင်ရွှေက အခုလိုပြောပါတယ်။

" အဆင့်တိုင်းမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်နိုင်အောင် ကြိုးစားမယ်လို့ ဒါကိုလည်း လာရှင်းပြတာပါ။ အဖွဲ့အားလုံးလိုလို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တက်နိုင်အောင်လို့ အတတ်နိုင်ဆုံး ကျနော်တို့ကတော့ ဝိုင်းကြိုးစားရမယ်။ နည်းလမ်းရှာရမယ်။ အဲ့တော့ ခုနက ပြောတဲ့သုံးဖွဲ့မှာလည်းပဲ ကြိုတင် ပြီးတော့ပေါ့လေ စည်းကမ်းသတ်မှတ်တယ်ပဲပြောပြော စည်းကမ်းချက်တွေ ပဲပြောပြောပေါ့လေ တချို့ကို ကျနော်တို့ ညှိနှိုင်းဆောင်ရွက်နိုင်တယ် ဆိုရင်တော့ တက်ရောက်ဖို့ကို အခွင့်အလမ်းတွေ ရှိလာနိုင်တဲ့သဘောပါပဲ။ "

ဒီကနေ့တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးညီလာခံမှာ အားလုံးဘယ်လိုပါဝင်နိုင်မလဲ အနေအထား အပေါ် ညှိနှိုင်းတဲ့သဘော ဆောင်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် DPN အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ကပြောပါတယ်။

" ဒီညီလာခံကြီးကျင်းပနိုင်ဖို့အတွက် လာပြီး ညှိနှိုင်းတာ ပထမ အပိုင်းပေါ့လေ။ နောက်တပိုင်း ကတော့ အခု ဒီငြိမ်းချမ်းရေး ညီလာခံမှာ အားလုံးကို ပါဝင်စေချင်တယ်။ ဘယ်လို ပါဝင်မလဲ ဆိုတဲ့အပိုင်းကိုတော့ နှစ်ဖွဲ့စလုံးဘက်ကနေ ညှိရအောင်ဆိုတဲ့ သဘောထားပါ။ အခု ဒီမနက် ကြိုတင်ပြင်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ ခေါင်းဆောင်များ ပြောတာကတော့ ညှိနှိုင်းပါ ဆိုတော့ ကျနော်တို့ဘက်ကလည်း ဘယ်လိုညှိနှိုင်းမလဲဆိုတဲ့ အပိုင်းကို အခုမကြာခင်မှာ နှစ်ဘက် အဆက်အသွယ်လုပ်ပြီးတော့ အစီအစဉ်တွေ ချမှတ်သွားဖို့ဖြစ်ပါတယ်။"

၂၁ ရာစုပင်လုံညီလာခံကျင်းပမှု အနေအထား တိုင်းရင်းသားတွေ လက်နက်ကိုင် အဖွဲ့ တွေနဲ့ ချိတ်ဆက်မှု အခြေအနေ လက်ရှိမှာ မြန်မာ့တပ်မတော်နဲ့ စစ်ရေး တင်းမာနေဆဲဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့၊ တအာင်း ပလောင်တပ်ဖွဲ့၊ ရခိုင့်တပ်မတော် AAတို့ ပါဝင်မှု ရှိမရှိ ဆိုတဲ့မေးခွန်းအပေါ် ၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းတို့ ဘက်ကနေ တိကျတဲ့အဖြေပေးသွားတာမျိုးမရှိဘူးလို့ ဗိုလ်ချုပ်ဂွမ်မော်ကပြောပါတယ်။

" NCA ထိုးပြီးမှပဲ ဒီညီလာခံကို တက်ရောက်ခွင့်ရှိမှာလား။ ဒီညီလာခံနဲ့အရင် NCA နဲ့ ဘယ်လိုချိတ်ဆက်မလဲ။ အခုက ငြိမ်းချမ်းရေး ညီလာခံလို့လည်း ပြောတယ်။ ပြီးတော့ ၂၁ ရာစုပင်လုံလည်း ပြောတယ်ဆိုတော့ ဒီအပေါ်မှာ သူ့ရဲ့သဘောထားက ဘာတွေလည်း တချို့ အဖွဲ့တွေကို NCA ထိုးပြီးမှ တက်ရမယ်လို့ ပြောခဲ့သလို တချို့အဖွဲ့တွေကို NCA ထိုးစရာမလိုဘူးလို့ပြောတဲ့အပိုင်းက ဘာလဲ။ နောက်အရင် အစိုးရတုန်းက ညှိနှိုင်းဖို့ ခက်ခဲနေတဲ့ ကိုးကန့်တပ်ဖွဲ့၊ တအာင်း ပလောင်တပ်ဖွဲ့၊ ရခိုင် AA ကိစ္စများကိုရော ဘယ်လိုသဘောထားမလဲ ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ အဲ့တော့ ဒီမေးခွန်းတွေအပေါ်မှာတော့ ဒေါက်တာတင်မျိုးဝင်းတို့အဖွဲ့ကတော့ အတိအကျ အဖြေပေးသွားတာမဟုတ်ပဲနဲ့ သက်ဆိုင်ရာ ခေါင်းဆောင်များကို ဆက်ပြီးတင်ပြသွားပေးမယ်ဆိုတဲ့ အဖြေမျိုးနဲ့ပဲ ကျနော်တို့ နိဂုံးချုပ်ခဲ့တာဖြစ်ပါတယ်။"

ဒီကနေ့တွေ့ဆုံမှုမှာ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် DPN အဖွဲ့ဝင်တွေ ပါဝင်ခဲ့သလို အစိုးရ ကိုယ်စားလှယ်ဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ပြီး အဖွဲ့ဝင်အဖြစ် အငြိမ်းစား ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးတာဝန်ခံ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး တို့ ၅ ဦးပါဝင်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်းနဲ့အဖွဲ့ဟာ လာမည့်ဇွန်လ ဒုတိယအပတ်မှာ မြောက်ပိုင်းဒေသတွင်ရှိတဲ့ ဝ မိုင်းလား တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရကနေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီတွေကို မေလကုန်မှာဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရေးအနေအထားအရ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ကချင်ပြည်နယ် ရှမ်းပြည်နယ် ရခိုင်ပြည်နယ်ဒေသတွေ မှာ စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG