သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်း စတင်


 ယာယီသက်သေခံလက်မှတ်
ယာယီသက်သေခံလက်မှတ်

White card လို့ ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း မွတ်ဆလင်တွေကို နိုင်ငံသားစီစစ်မှုလုပ်ငန်းစဉ်တွေအဖြစ် ရခိုင်ပြည်နယ်က မြို့နယ် သုံးမြို့နယ်မှာ ဒီကနေ့ စတင်ဆောင်ရွက်နေပါတယ်။ ကနဦးအဆင့်အားဖြင့် ဒီလူတွေကို အစိမ်းရောင် သက်သေခံကဒ်ပြားထုတ်ပေးသွားမှာဖြစ်ပြီး၊ ဒီအပေါ် လက်မခံသူတွေ နားလည်လက်ခံလာအောင် စည်းရုံးဆောင်ရွက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က စုံစမ်းမေးမြန်းထားတာပါ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပထမ ရက်၁၀၀အတွင်း ဆောင်ရွက်ဖို့ စီစဉ်ထားတဲ့ လုပ်ငန်း ၁၃ခုအနက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေ ကို ဒီကနေ့ ရခိုင်ပြည်နယ် က ကျောက်ဖြူ၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေ လက်ရှိ ခိုလှုံနေတဲ့ ကျောက်တလုံး IDP ကယ်ဆယ်ရေး စခန်းက အခြေအနေကို စခန်းကြီးကြပ်ရေးကော်မတီဝင် ဦးဖြူရှေက အခုလို ပြောပါတယ်။

“နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က white card ကိုသိမ်းမယ်ဆိုပြီးတော့ အမိန့်ထုတ်လိုက်တယ်။ အဲဒီမှာ white card ကို သိမ်းသွားပြီးတော့ ပြေစာလေးတွေပေးသွားတယ်။ အဲဒီပြေစာလေးတွေကိုလည်း လက်ဝယ်ကိုင်ဆောင်ထားတဲ့သူတွေကို ကျနော်တို့ဒီ နိုင်ငံသားစီစစ်တဲ့ကတ်အဲဒီ ကတ်တွေ ထုတ်ပေးနေပါတယ်။ ကျနော်တို့ထုတ်ပေးနေတာ ကျောက်တလုံး IDP ကယ်ဆယ်ရေး စခန်းမှာဆိုရင် ၇၃ ဦးလောက်တော့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ လဝက ဦးသန်းထိုက်က ပြောပါတယ်ခင်ဗျ ဘယ်လိုပြောသလဲဆိုရင် ဒီကတ်တွေကို လက်ဝယ်ကိုင်ဆောင်ထားခြင်းမရှိဘူးဆိုရင် တဘက်နိုင်ငံက ခိုးဝင်လာတဲ့လူလို့ သံသယရှိနိုင်တယ်လို့ပြောလို့ ကျနော်တို့အဖွဲ့တွေကတော့ လက်ခံတဲ့အပိုင်းတွေ ပေးတာပါခင်ဗျ။”

မြေပုံမြို့နယ်က IDP စခန်းအတွင်းက အခြေအနေကိုတော့ စခန်းကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအောင်လွင်က အခုလို ပြောပါတယ်။

“ကျနော်တို့အရင် တုန်းက White Card တွေကိုင်ခဲ့တယ်လေ၊ White Cardကိုပြန်သိမ်းမယ်၊ ပြန်သိမ်းပြီး Receipt ထုတ်ပေးတယ် ။ အဲဒီ Receipt ကိုပြန်သိမ်းပြီးတော့ အခုအဲဒီမှာ အစားထိုးတဲ့နောက်တကတ် အစိမ်းရောင်အကတ်လေးထုတ်ပေးမယ်ဆိုပြီးတော့ အဲဒါလုပ်နေတယ်ခင်ဗျ။ ၁၀၀ ကျော်လောက်တော့ရှိတယ်ခင်ဗျ ကတ်အပ်ထားတဲ့လူတွေလေ။”

ပြီးခဲ့တဲ့နှစ်အတွင်းက White Card ခေါ် ယာယီသက်ခံလက်မှတ်တွေ သက်တမ်းကုန်ဆုံးပြီဖြစ်တာကြောင့် ဧပြီလ၁ရက်နေ့ကနေမေလ ၃၁ရက်နေအတွင်း ပြန်လည်အပ်နှံဖို့ အစိုးရက ကြေညာသတ်မှတ်ခဲ့ရာမှာ ရခိုင်ပြည်နယ်က White Card ကိုင်ဆောင်သူ ၆ သိန်းကျော် အနက်က ၄ သိန်း နီးပါးလောက်သာ ပြန်လည် အပ်နှံခဲ့ပါတယ်။

ဒီလို အပ်နှံသူတွေကို ပေးအပ်ခဲ့တဲ့ ဖြတ်ပိုင်းတွေကိုတော့ ဇွန်လဆန်းမှာ အစိမ်းရောင်ကဒ်တမျိုး ထပ်မံထုတ်ပေးပြီး ဒီကဒ်ရှိသူတွေဟာ နိုင်ငံသားလျှောက်ထားခွင့်ရရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အစိမ်းရောင်ကဒ်ပြားသစ်ဟာ နေထိုင်ခွင့်အတွက် အာမခံပြီး နိုင်ငံသားလျှောက်ထားပြီးနောက် စိစစ်ချက်အရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စတဲ့ သတ်မှတ်ချက်အပေါ်မူတည်ပြီး ဥပဒေအရ ခံစားခွင့်ရမှာဖြစ်ပါတယ်။

လူအများစုကတော့ အစိမ်းရောင်ကဒ်ဟာ နေထိုင်ခွင့်ပြုတဲ့လက်မှတ်ဖြစ်ပြီး White Card ခေါ် ယာယီသက်ခံလက်မှတ်ထက် အဆင့်နိမ့်တယ်လို့ ယူဆပြီး လာရောက်မထုတ်ယူတာတွေ ရှိခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သန်းခေါင်စာရင်းဌာန ညွှန်ကြားရေးမှုး ဦးမြင့်ကြိုင်ကတော့ လက်ရှိဆောင်ရွက်ရာမှာ အစိမ်းရောင်ကဒ်မထုတ်သေးသူတွေကို ထုတ်ပေးဖို့နဲ့ နိုင်ငံသားစိစစ်နေတဲ့အခြေအနေကို အခုလို ရှင်းပြပါတယ်။

“အဲဒီအစိမ်းရောင်အကတ်တွေပေးတဲ့အစီအစဉ်အဆက်လည်းပါတယ်ခင်ဗျ။ တချို့က အဲဒီဟာတွေတကယ်ထုတ်တာ ၃၀၀၀ လောက်ပဲရှိတယ်ခင်ဗျ ၊ ကျန်တဲ့လူတွေက မထုတ်ရသေးဘူး။ အဲဒါတွေကိုလည်း ဆက်လက်စည်းရုံး ပြောကြားပြီးတော့ ဆက်ထုတ်ပေးဖို့အစီအစဉ်ရှိတယ်။ နောက်တခုကတော့ ရက် ၁၀၀ စီမံချက်မှာ ကြေညာထားတဲ့အတိုင်း ၈၂ ခုနှစ် နိုင်ငံသားဥပဒေ အရ ဆက်လက် စစ်ဆေးဆောင်ရွက်သွားဖို့ပါတယ်ခင်ဗျ။ အစိမ်းရောင်ကတ်ပြားရှိတဲ့လူတွေက ဆက်လုပ်လို့ရနေပြီ အချိန်မရွေး သူတို့စီမှာ လိုအပ်တဲ့အထောက်အထားအချက်အလက် ပြည့်စုံပြီဆိုတာနဲ့ သက်ဆိုင်ရာက လူဝင်မှုကြီးကြပ်ရေးဌာနတွေကိုဆက်သွယ်ပြီးတော့ နိုင်ငံသားစစ်ဆေးတဲ့လုပ်ငန်းတွေလုပ်ပြီးရင် ထပ်ပေးမယ့်ကတ်ပြားတခု ရပြီပေါ့ဗျာ။”

ဒီကနေ့ ရခိုင်ပြည်နယ်က မြို့နယ် ၃မြို့နယ်မှာ စတင်ဆောင်ရွက်နေပေမဲ့ ရက်၁၀၀စီမံကိန်းအရ တပြည်လုံးက လိုအပ်တဲ့ဒေသတွေမှာ ဆောင်ရွက်မှာရှိသလို ရှမ်းပြည်နယ်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖက်တွေမှာ အရင်လတွေထဲက ဆောင်ရွက်တာတွေ ရှိကြောင်းပြောဆိုပါတယ်။

အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒေသခံများ ဇွန်လ ၁ရက်က စစ်တွေမြို့မှာ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံစဉ်မှာ ၁၉၈၂ ဥပဒေအရ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားခဲ့သလို နိုင်ငံအတွက် အရေးကြီးတဲ့ လုပ်ငန်းများဖြစ်တဲ့အတွက် ပြည်သူများက တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းပေးရင်း လုပ်ငန်းအောင်မြင်အောင် ဝိုင်းဝန်း ကူညီကြဖို့ ပန်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG