ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ LGBT လို့ခေါ်တဲ့ လိင်စိတ်သဘောသဘာဝ ကွဲပြားသူတွေကို အစဉ်အလာအားဖြင့် မြန်မာလူ့အဖွဲ့အစည်းက ခွဲခြားဆက်ဆံခဲ့ကြပါတယ်။ လူအခွင့်အရေးကို အထူးဦးစားပေးပြောဆိုလာကြတဲ့ ဒီကနေ့ခေတ်ကမ္ဘာကြီးမှာ တချို့နိုင်ငံတွေဆိုရင် လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့်ကိုတောင် တရားဥပဒေနဲ့ ပြဌာန်းခွင့်ပြုထားကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကော သူအပေါ် တရားဥပဒေအရ လူမှုရေးအရ တန်းတူထား ဆက်ဆံကြပါသလား။ သူကိုယ်တိုင် လိင်စိတ်သဘာဝ ကွဲပြားသူတဦးဖြစ်တယ်လို့ လူသိရှင်ကြား ဖေါ်ထုတ်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူ Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေ့ ဆွေးနွေးချင်တာကတော့ တရားဥပဒေနဲ့ ပြုပြင်လို့မရနိုင်တဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ LBTQ တွေရဲ့ အကြောင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ စကားမစပ် LBTQ တွေကို မြန်မာလို တခွန်းထဲ လွယ်လွယ်ကူကူ ဖြစ်အောင် ပြောမယ်ဆိုရင် ဘယ်လိုပြောလို့ ဖြစ်နိုင်ပါလဲ။
ဦးအောင်မျိုးမင်း ။ ။ လိင်စိတ်သဘောသဘာဝ ကွဲပြားသူများ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီ လိင်စိတ် သဘောသဘာဝ ကွဲပြားသူများနဲ့ ပတ်သက်ပြီးတော့ ဒီလူတွေကိုတော့ တရားဥပဒေအရ ခွဲခြားထားတာတော့ မရှိဘူး ထင်ပါတယ်။ တရားဥပဒေအရနော် ပထမဦးဆုံးက။
ဦးအောင်မျိုးမင်း ။ ။ ဥပဒေအရ ခွဲခြားထားတာ မရှိပေမယ့် ရာဇဝတ်မှုအဖြစ် သတ်မှတ်တာတော့ ပုဒ်မ ၃၇၇ ကတော့ ရှိပါတယ်။ ဒါကတော့ လိင်စိတ်ကွဲပြားသူများ မဟုတ်ဘဲ၊ သဘာဝမဟုတ်သော ဓမ္မတာမဟုတ်သော လိင်ဆက်ဆံသူများကို ရာဇဝတ်အဖြစ် သတ်မှတ်ထားတဲ့အတွက် LGBT က အဲဒီအောက်မှာ အကျုံးဝင်မယ့်သဘောမျိုးတော့ ရှိတယ်။ ဒါကတော့ ရာဇာတ်ကြီးပုဒ်မ နံပတ် ၃၇၇ က ပြဿနာရှိနိုင်သော အပိုဒ် ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အဲဒီကိစ္စက တိုင်းတန်သူမရှိရင် အရေးယူနိုင်သလား။ လူတယောက်ကို အတင်းစစ်ဆေးပြီးတော့ အရေးယူနိုင်သလား။ သို့တည်းမဟုတ် သက်သေအထောက်အထားနဲ့ တစုံတရာ တိုင်းကြားမှုရှိမှ အရေးယူနိုင်တဲ့ ကိစ္စမျိုးလား။
ဦးအောင်မျိုးမင်း ။ ။ တိုင်းကြားမှုရှိမှ အရေးယူနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ တခါတလေကြရင် ဒီဥပဒေကို ပြဌာန်းထားတဲ့နေရာမှာ တိတိကျကျ မရှိတဲ့အတွက် ….
ဦးကျော်ဇံသာ ။ ။ ဆိုတော့ လိင်စိတ်ကွဲပြားသူတွေ တန်းတူအခွင့်အရေး ရရှိဖို့အတွက် ဥပဒေအကြောင်းအရာ ပြင်ဆင်ဖို့ လိုတယ်ဆိုရင်တော့ အဲဒီဥပဒေကို ပြင်ဆင်ဖို့လိုတာပေါ့။
ဦးအောင်မျိုးမင်း ။ ။ ဟုတ်ကဲ့ ဒါကတော့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသောအပိုဒ်ကို ရာဇဝတ်မှု မဟုတ်သော မဟုတ်ဘူးလို့ ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေက လူ့အခွင့်အရေးအရ ပြောမယ်ဆိုရင် နှစ်ဦးသဘောတူဆန္ဒ၊ အသက်လည်းပြည့်ပြီသားသူတွေအနေနဲ့ လက်ထပ်ထိမ်းမြားခွင့်နဲ့ အိမ်ထောင်ဘက်အဖြစ်၊ ချစ်သူအဖြစ် နေထိုင်ခွင့်ကို ထိခိုက်တဲ့သဘောမျိုး ဖြစ်တယ်။ ဒါက အခွင့်အရေးအရ ပြောမယ်ဆိုလို့ရှိရင် အဲဒီအချက်ပါ။ ဒီလိုမျိုး သူတို့နှစ်ယောက်က အသက်အရွယ်လည်း ရောက်ပြီသား၊ နှစ်ဦးသဘောတူဆန္ဒ ဖြစ်တဲ့ကိစ္စတခုကို ဝင်ရောက်ပြီးတော့ စွက်ဖက်ခြင်း မဖြစ်သင့်ဘူး။ အဲဒါကတော့ လူ့အခွင့်အရေး ရှုထောင့်ကနေ ပြောမယ်ဆို ပြောလို့ရတဲ့အချက် ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဥပဒေအကြောင်းအရအပြင် လူမှုရေးအားဖြင့် မြန်မာနိုင်ငံလူထုအသိုင်းအဝိုင်းက ဒီကိစ္စကို ဘယ်လောက်လက်ခံကြပါလဲ။ အဲဒါကို ပြုပြင်နိုင်တဲ့နည်းရှိလား။ ဘယ်လို ပြုပြင်သင့်လဲဆိုတာကို ဆက်ပြီးတော့ မေးချင်ပါတယ်။
ဦးအောင်မျိုးမင်း ။ ။ ဥပဒေအရ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတယ်။ တချိန်တည်းမှာ ဥပဒေ ဘယ်လောက်ပြောင်းပြောင်း၊ မြန်မာပြည်သူလူထုကြားထဲမှာ လိင်စိတ်သဘောသဘာဝ ကွဲပြားသူများကို မှားယွင်းစွာ မြင်နေတဲ့ နှိမ့်ချမှုတွေ၊ မုန်းတီးမှုတွေ၊ အသိအမှတ်မပြုမှုတွေကတော့ ပြောင်းဖို့တော်တော်ခက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေထဲမှာ ဖော်ပြထားတဲ့အချက်က စာအုပ်ထဲမှာ ရှိပါတယ်။ ဒါပေမဲ့ လူတွေရဲ့ နှလုံးသားနဲ့ လူတွေရဲ့ရင်ထဲမှာ ကိန်းအောင်းနေတဲ့ မှားယွင်းတဲ့ အယူအဆတွေက ဘာသာရေးတွေလိုမျိုး၊ ဓလေ့ထုံးတမ်းအစဉ်အလာမျိုး၊ ကျနော်တို့ရဲ့ မိရိုးဖလာသွန်သင်ဆုံးမချက်တွေမျိုးနဲ့ စွဲမြဲနေကြတယ်။ အဲဒီကိစ္စကို လူတွေက ပြုပြင်ပြောင်းလဲဖို့အတွက် တော်တော်များများ ခက်ခဲနေကြတယ်။ တချိန်တည်းမှာပဲ ဒီဟာကို အမှန်လို့ ယူဆတဲ့အတွက် ဥပဒေ ပြောင်းလဲတာက စာအုပ်ပြောင်းတာ လွယ်ကူပေမယ့်၊ လူတွေရဲ့ အသိစိတ်ဓါတ်နဲ့ မှားယွင်းနေတဲ့ စိတ်ထားပိုင်းဆိုင်ရာ ခံယူချက်တွေ ပြောင်းဖို့အတွက်က ဥပဒေပြောင်းတာထက် ပိုပြီးတော့ ခက်မယ်လို့ ကျနော် ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလိုပြောင်းလဲဖို့အတွက် မြန်မာနိုင်ငံအတွင်းမှာ အားထုတ်မှုကော ဘယ်လောက်ရှိပါသလဲ။ များသောအားဖြင့် အသိပညာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေ၊ ပရိသတ်အပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ စာရေးဆရာတွေ၊ အနုပညာသမားတွေက လုပ်နိုင်မယ်ဆိုရင် လုပ်လို့ရမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အနုပညာပိုင်းကိုပြောရင် တချို့ရုပ်ရှင်၊ ဇာတ်လမ်းတို့ဘာတို့မှာ ဒီလို လိင်စိတ်သဘောသဘာဝ ပြောင်းလဲတဲ့လူတွေကို ဟာသအဖြစ်နဲ့ ချိုးနှိမ်ထားတယ် ဇာတ်ကောင်စရိုက်မျိုးနဲ့ ဖော်ပြကြတာရှိတယ်။ အခုကော အဲဒါတွေကို ပြုပြင်ဖို့ လုပ်ကြတာကို တွေ့ရပါသလား။
ဦးအောင်မျိုးမင်း ။ ။ ဒီလိုမျိုး အနေအထားတွေ ပြောင်းလဲဖို့အတွက် နည်းလမ်းနှစ်ခုနဲ့ ပြောင်းလဲပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်သဘောသဘာဝ ပြောင်းလဲသူကိုယ်တိုင်က ဒီလိုမျိုး သုံးသပ်ချက်တွေ မဟုတ်ဘူး၊ ပုံစံသတ်မှတ်ချက်တွေကို ထိုးဖောက်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ အတွေးအမြင်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးတဲ့အပိုင်း၊ ဒါတွေကို သူတို့ကိုယ်တိုင် အစဉ်အလာဟောင်းတွေကို ချိုးဖောက်ပြီးတော့ ပုံစံခွက်ကို ဆန့်ကျင်နိုင်မှုတခု ရှိပါတယ်။ နောက်ထပ်တခုကတော့ တခြားလူတွေရဲ့အမြင် ပြောင်းလဲဖို့အတွက် ပညာပေးမှု ဖြစ်ပါတယ်။ အဲဒီမှာတော့ သတင်းမီဒီယာတွေ၊ ဆွေးနွေးပွဲတွေနဲ့ ဒါတွေနဲ့ ချိန်ထိုးပါတယ်။ ဒါပေမဲ့ အခုနပြောသလိုပါပဲ သတင်းမီဒီယာနဲ့ အနုပညာကဏ္ဍက မှန်ကန်တဲ့ သတင်းစကားတွေ မပါဘဲနဲ့ ဒီလိုမျိုး လိင်စိတ်ကွဲပြားသူတွေအပေါ် မှားယွင်းတဲ့ အယူအဆဖြစ်အောင်၊ အုတ်မြစ်တွေ ခိုင်မာအောင် လုပ်နေတဲ့ အခြေအနေမျိုး ရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ လူထုက အနုပညာကိုကြည့်တယ်။ ကြည့်တဲ့အခါမှာ လူထုရဲ့ ခံစားချက်တွေမပါဘဲနဲ့ လူတွေရဲ့ ဦးနှောက်ထဲကို မှားယွင်းစွာနဲ့ ဝင်သွားနိုင်တဲ့ ပုံစံမျိုးတွေ၊ လိင်တူချင်းချစ်တဲ့သူတွေ၊ လိင်သဘောသဘာဝ ကွဲပြားတဲ့သူတွေကို ဟာသလိုမျိုး၊ အကြမ်းဖက်သလိုမျိုး၊ လူတွေနဲ့ မတူညီသောထူးခြားသူများအဖြစ် ပုံဖော်နေတဲ့အရာတွေ ရှိနေတယ်။ အဲဒါတွေကို ကျနော်တို့ တားမြစ်ဖို့အတွက် ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးတို့နဲ့ တချို့နေရာတွေမှာ တားမြစ်ဖို့လုပ်ပေမယ့် ဒါကြီးကို ပပျောက်သွားအောင် လုပ်လို့မရဘူး။ ထုတ်လုပ်သူတွေ၊ ဖန်တီးသူတွေကိုယ်တိုင်က ဒီလိုမျိုးကိစ္စမျိုးနဲ့ ငွေရအောင် လုပ်စားမယ်ဆိုတဲ့ စိတ်ဓါတ်တွေ ရှိနေတယ်။ မှားယွင်းတဲ့ အယူအဆတွေ ပြောင်းလဲဖို့အတွက် သူတို့ကိုယ်တိုင် အမြင်မပြောင်းနိုင်တဲ့ကိစ္စတွေက အဟန့်အတားတွေ ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီလူတွေဟာ လိင်စိတ်ကွဲပြားတဲ့ သဘောသဘာဝ ရှိတယ်ဆိုတာကို မြန်မာတွေထဲမှာ တချို့ကတော့ အပေါင်းအသင်းကြောင့် ဖြစ်လာတယ်။ Nurture ကြောင့်၊ Nature ကြောင့် မဟုတ်ဘူးဆိုပြီးတော့ ယူဆတဲ့ အယူအဆလည်း ရှိတယ် ထင်ပါတယ်။ အဲဒါကို ဘယ်လိုပြောလိုပါလဲ။
ဦးအောင်မျိုးမင်း ။ ။ အခုအချိန်အထိ ဘာကြောင့် လိင်စိတ်ကွဲပြားမှုရှိလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တိကျမှန်ကန်သော သီအိုရီ မရှိသေးပါဘူး။ တချို့ကတော့ Nurture ကြောင့် ဖြစ်တယ်။ တချို့က ဟိုမုန်ကြောင့် ဖြစ်တယ်။ တချို့ကတော့ အတိတ်ကံကြောင့်ဖြစ်တယ်ဆိုတဲ့ အမျိုးမျိုး ယူဆချက်တွေနဲ့ သက်သေပြနိုင်တဲ့အရာလဲ မရှိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ ပြောနိုင်တာတခုက ဒီကိစ္စက ရောဂါတော့မဟုတ်ဘူး။ စိတ်ရောဂါလည်း မဟုတ်ဘူး။ ကူးစက်တတ်တဲ့ရောဂါလည်း မဟုတ်ဘူး။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်လာတဲ့ကိစ္စတခုကို ကျနော်တို့က ဖြစ်လာတဲ့ပုံစံအတိုင်း လက်ခံဖို့က ပိုအရေးကြီးတယ်။ အဖြေရှာလို့မရတဲ့ကိစ္စ ဒီအရာက လူမှုရေးအရ၊ သိပ္ပံနည်းအရ အဖြေရှာလို့မရတဲ့ ကိစ္စကို အငြင်းပွားနေမယ့်အစား ဖြစ်လာတဲ့ကိစ္စကို ပကတိအတိုင်း ရှုမြင်ပြီးတော့ ဒါကို မြင်နိုင်ဖို့က ပိုပြီးအရေးကြီးတယ်လို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံလို့ ခံယူထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အဲဒီမှာ ဗုဒ္ဓဘာသာ တရားထဲမှာ ကျနော်ကြားဖူးတာ ဒီလို လိင်စိတ်ကွဲပြားနေတဲ့ လူတွေဟာ ယောကျ်ားတွေကို ရဟန်းဝတ်ခွင့်မပေးဘူးလို့ တားမြစ်ချက် ရှိတယ်လို့လည်း ကြားဖူးပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာသာရေးအသိုင်းအဝိုင်းမှာ လက်ခံနိုင်တဲ့၊ တိုးတက်တဲ့အမြင်ရှိတဲ့ သံဃာတော်များ တွေ့ရပါသလား။ အဲဒီအယူအဆကော တွေ့ရပါသလား။
ဦးအောင်မျိုးမင်း ။ ။ ဗုဒ္ဓကနေ လိင်စိတ်ကွဲပြားသူများကို ရဟန်းခံဖို့ ဝင်ခွင့်မရှိဘူးဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့ အဓိက (၂) မျိုး ကွဲပြားနေပါတယ်။ ဘာလဲဆိုတော့ ဒါက ကိုယ့်ရဲ့အဓိပ္ပယ်ဖွင့်ဆိုချက် Interpretation ပိုင်းနဲ့ သက်ဆိုင်တယ်လို့ထင်တယ်။ တချို့က ယောကျာ်မကျ၊ မိန်းမမကျသော လူများဖြစ်တဲ့အတွက် ဘုရားရှင်ကနေ ဝင်ခွင့်မပေးဘူးလို့ ပြောထားတယ်။ တချို့က ဒီလိုမျိုး သိမ်ဝင်ဖို့မေးမြန်းတဲ့ ယောကျ်ားစစ်စစ်ဖြစ်ခြင်း အရာကတော့ အခုနပြောတဲ့ လိင်စိတ်သဘောသဘာဝ မဟုတ်ဘဲနဲ့ လူသားကဲသို့ လူသားစစ်စစ်ဖြစ်ရဲ့လား။ ဖန်ဆင်ပြီးတော့ လူယောင်ဖန်ဆင်ပြီးတော့ ဝတ်တာလား အဲဒီလိုပုံစံမျိုးနဲ့ မေးတယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် နှစ်မျိုးတော့ ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်ပြောချင်တဲ့ကိစ္စတခုက ဘယ်လိုပဲဖြစ်ဖြစ် ရဟန်းဝတ်နည်းနဲ့ ကျင့်ကြံပြီးတော့ ဒီလိုမျိုး သိက္ခာပုဒ်တွေ မချိုးဖောက်ဘူးဆိုရင်တော့ ဒီဟာမျိုးကို လူသားအနေနဲ့ မြင်စေချင်တယ်။ ပြီးတော့ လိင်စိတ်ကွဲပြားမှုပေါ် အခြေခံပြီးတော့ ဒါမျိုးတွေကို အသိအမှတ်မပြုသင့်ဘူးဆိုတဲ့ ထောက်ပြချက်တွေ ပြောလာပါတယ်။ သံဃာတော်တချို့ကလည်း ဒီလိုဝိနည်းနဲ့ ဟောပြောချက်တွေကို ပုံဖော်ပြီးတော့ ဒါတကယ်တမ်းဆိုရင် အဲဒါမဟုတ်ဘူးဆိုတဲ့ ရေးသားပြောဆိုချက်တွေ ရှိလာပါပြီ။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု စပ်စုချင်တာက ကိုအောင်မျိုးမင်းတို့လို ပုဂ္ဂိုလ်တွေထဲက တယောက်ယောက်များ ရဟန်းဝတ်ဖို့ ကြိုးပမ်းဖူးပါသလား။ လက်ခံခဲ့တာ ရှိပါသလား။
ဦးအောင်မျိုးမင်း ။ ။ ရှိပါတယ်။ ဒါကတော့ သိမ်မတက်ခင်မှာ မေးတဲ့မေးခွန်းကိုဖြေတော့ ယောကျ်ားဖြစ်လာဆိုတော့ ယောကျ်ားဖြစ်တယ်ဆိုပြီး ဖြေကြားတဲ့သူတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လိင်စိတ်မတူဘူးပြောပြော ကိုယ့်ခန္ဓာကိုယ်က အမျိုးသား ခန္ဓာကိုယ်ပဲဖြစ်နေတော့ ယောကျ်ားဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်နေပါတယ်။ ဒီဟာက ခန္ဓာကိုယ်နဲ့ မဆိုင်ဘူး။ လိင်စိတ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်စိတ်ခံယူမှုအပိုင်းနဲ့ သက်ဆိုင်တဲ့အတွက် ဒါမျိုးနဲ့ ယောကျ်ားလို့ပြောပြီးတော့ ရဟန်းဝတ်ခဲ့တာတွေ၊ ဒါနဲ့ပတ်သက်ပြီတော့ သာသနာဘောင် ဝင်ခဲ့တာတွေ အများကြီးရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက ကိုအောင်မျိုးမင်း မြန်မာပြည်ထဲဝင်ပြီး ဆောင်ရွက်လာပြီးတဲ့နောက်မှာ ဒီလို လိင်စိတ်ကွဲပြားသူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုတစုံတရာ တွေ့လာရပြီလို့ ယူဆပါသလား။ ဘယ်အပိုင်းမှာ တိုးတက်လာပါလဲ။
ဦးအောင်မျိုးမင်း ။ ။ ဥပဒေပိုင်းဆိုင်ရာအရ ပြုပြင်ပြောင်းလဲမှုကို တရားဝင်အဆုံးအထိ မရောက်လာသေးပေမယ့် ဒါနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ၊ ကြိုးပမ်းမှုတွေ ရှိလာတယ်။ လိင်စိတ်ကွဲပြားသူတွေ အယူအဆနဲ့ အမျိုးသမီးအခွင့်အရေး လုပ်ဆောင်သူတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေ၊ ရှေ့နေတွေ ဥပဒေပညာရှင်တွေရဲ့ ပံ့ပိုးမှုတွေ ဒါတွေအားကောင်းလာပါတယ်။ လိင်စိတ်ကွဲပြားသူတွေနဲ့ လိင်စိတ်ကွဲပြားသူ မဟုတ်သောသူတွေ လက်တွဲလုပ်ဆောင်မှုတွေ ရှိလာတယ်။ ဒါက ပထမတချက်ပါ။ နောက်တခုကတော့ လူထုကြားထဲမှာ အသိမြင်ပြောင်းလာမှုပါ။ တချို့သောမီဒီယာတွေ တီဗီသတင်းတွေမှာ သူတို့ရဲ့အားမာန်တွေ၊ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို လူ့အခွင့်အရေးရှုထောင့်နဲ့ ငြိမ်းချမ်းတဲ့…တွေ ပေါ်လာပြီးမှ ကျနော်တို့ အရင်တုန်းက ဘယ်လိုမှမရှိခဲ့တဲ့ကိစ္စတွေ ဖြစ်လာတယ်။ နောက်ထပ်တခုက ကိုယ့်ရဲ့လိင်စိတ်ကို မဖုံးမကွယ် ပြောနိုင်သူများ ဌာနစုံမှာ ပေါ်လာပါပြီ။ အရင်တုန်းက ဒီလိုမျိုး လူတွေကို မိတ်ကပ်၊ ဆံပင်၊ နတ်ကတော်စတဲ့ နေရာတွေမှာ ရှိနေခဲ့ပေမယ့် အခုဆိုရင် NGO အသိုင်းအဝိုင်း၊ နိုင်ငံရေးပါတီအသိုင်းအဝိုင်း၊ ထူးချွန်တဲ့ စီးပွားရေးအသိုင်းအဝိုင်းစတဲ့ အသိုင်းအဝိုင်းတွေမှာ လူသိရှင်ကြား ပြောလာတဲ့လူမျိုးတွေ ရှိလာတာကို ဂုဏ်ယူစရာ တွေ့လာရပါပြီ။