ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ The Voice ဂျာနယ်မှာ "ကျည်ထောင်စုသစ္စာ" ဆိုတဲ့ သရော်စာရေးသားသူကို ဖမ်းဆီးအရေးယူပြီး၊ အမုန်းတရား ဖြန့်ချီဟောပြောနေသူတွေကိုတော့ လွတ်လပ်ခွင့်ပေးထားတဲ့ မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုဟာ မူမှန်ပါရဲ့လား။ လက်နက်ရှိသူတွေရော သြဇာအာဏာရှိသူတွေပါ မီဒီယာလွတ်လပ်ခွင့် ကို အသိအမှတ်ပြုကြပါရဲ့လား ဆိုတာ BNI အတိုင်ပင်ခံ အယ်ဒီတာ ဦးဇင်လင်း၊ လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရ ရွေးကောက်တင်မြှောက်တဲ့ အစိုးရ တက်လာပြီးကတည်းက မီဒီယာဟာ လွတ်လပ်ခွင့် ရှိလာတယ်ဆိုပြီးတော့ အတော်လေး အားတတ်လာကြပါတယ်။ နိုင်ငံတကာ မီဒီယာ လွတ်လပ်ခွင့် တိုင်းတာတဲ့ဇယားထဲမှာလည်း မြန်မာနိုင်ငံ အဆင့်အများကြီး တက်လာပါတယ်။ ၂၀၁၇ မှာ ကြည့်မယ်ဆိုရင် အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားပြီးရင် ထိုင်းတို့အထက်မှာ မြန်မာနိုင်ငံက ရှိနေပါတယ်။ ဆိုတော့ အသေးစိတ်တွေကို မပြောခင် မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်က ဒီနှစ်တွေအတွင်းမှာ ဆက်တိုက်ဆက်တိုက် တနှစ်ပြီးတနှစ် တိုးတက်လာတယ်လို့ အကြမ်းမျဉ်း ပြောနိုင်ပါသလား။
ဦးဇင်လင်း ။ ။ ကျနော်တို့ သတင်းစာနဲ့ စာနယ်ဇင်းတွေကို အမှတ်တမဲ့ကြည့်လိုက်ရင် အရင်နဲ့နှိုင်းယှဉ်ပြီးတော့ အတော်အတန် လွတ်လပ်လာတယ်လို့ ပြောကြရတာပေါ့။ ဟိုတုန်းကတော့ လွတ်လွတ်လပ်လပ် သတင်းစာတွေလည်း မထုတ်ခဲ့ရ၊ ဂျာနယ်တွေကလည်း စစ်ဆေးရေးချ။ အခုတော့ စီစစ်ရေး မရှိတော့တာအပါအဝင် ဂျာနယ်တွေ၊ စာအုပ်စာတမ်းတွေ လွတ်လွတ်လပ်လပ်၊ လွယ်လွယ်ကူကူ ထုတ်လို့ရလာတဲ့ အနေအထားလေးပေါ်ကြည့်ရင်တော့ စစ်အစိုးရလက်ထက်နဲ့စာရင် တော်တော်လေး မြှင့်လာတယ်လို့ ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးသိန်းသန်းဦး .. မြန်မာနိုင်ငံ တရားဥပဒေအရ မီဒီယာလွတ်လပ်ခွင့်ကို ဘယ်လောက်များ အကာအကွယ် ပေးပါလဲ။ အခုအခါမှာ လွတ်လပ်ခွင့်ရှိလာအောင် တရားဥပဒေနဲ့ ပြဌာန်းပြီးတော့ ကာကွယ်ပေးထားပါလား။
ဦးသိန်းသန်းဦး ။ ။ ပေးမထားတဲ့အပြင် မီဒီယာတွေကို တရားစွဲထားတာတွေ မရပ်ဘူး။ လူထုအစိုးရ တက်လာတယ်ဆိုပေမယ့်လဲ ပြည်ထောင်စုတရားစီရင်ရေးစနစ်ဆိုတာ အရင်စစ်အာဏာအစိုးရလက်ထက်က ရေးဆွဲထားတဲ့ ဥပဒေတရပ် - အဲဒီမှာလဲ မီဒီယာတွေကို ကာကွယ်စောင့်ရှောက်ထားတာ မရှိဘူး။ နောက်တခါ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ၊ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ သဘောတူစာချုပ် - အဲဒါမျိုးကိုလဲ ကျနော်တို့ အစိုးရက လက်မှတ်မထိုးရသေးတဲ့အတွက် နိုင်ငံသားတွေ အပါအဝင်၊ သတင်းမီဒီယာသမားတွေရဲ့ ကာကွယ်ထားတဲ့ဥပဒေ လုံလုံလောက်လောက် မရှိဘူးလို့ ပြောရမှာပါ။
ဦးကျော်ဇံသာ ။ ။ အရင်တုန်းက မရှိခဲ့တဲ့ ဥပဒေမျိုး၊ မီဒီယာလွတ်လပ်ခွင့်ကို တမင်ရည်ရွယ်ပြီးတော့ မီဒီယာလွတ်လပ်ခွင့် ဥပဒေ မရှိဘူးလား။
ဦးသိန်းသန်းဦး ။ ။ အဲဒါတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေက မသုံးဘူး။ ဆွဲလို့ရှိရင် တရားဥပဒေလမ်းကြောင်းအရ သွားရမှာ။ ဥပမာအားဖြင့် The Voice မှာ ဖော်ပြတဲ့ ကျည်းထောင်စုသစ္စာနဲ့ ပတ်သက်လို့ တရားစွဲတဲ့အခါမှာ ဒီ Press Law နဲ့ သွားရမှာကို မသွားဘဲနဲ့ ဒီထက်ပြင်းထန်တဲ့ ၆၆(ဃ) နဲ့ သုံးကြတယ်။ အဲဒီတော့ မီဒီယာဥပဒေက ပြဌာန်းထားတယ် ဆိုသော်ငြားလဲ အဲဒီဥပဒေကို သိပ်ပြီးတော့ အသုံးမတည့်လှဘူး။ သုံးချင်တဲ့အခါကြရင် ပြင်းပြင်းထန်ထန် လုပ်ချင်တဲ့ တခြားဥပဒေနဲ့ သုံးတာကို တွေ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ The Voice မှာ သရော်စာ Satire ရေးတာကို အာဏာရှိတဲ့ အသိုင်းအဝိုင်းအနေနဲ့ ဘာဖြစ်လို့ ဒီလောက်တောင် အကဲဆတ်စရာ ဖြစ်ရလဲ။
ဦးဇင်လင်း ။ ။ အကဲဆတ်တယ်လို့ပဲ ပြောရမှာပေါ့။ ညောင်မြစ်တူးတော့ ပုတ်သင်ပေါ်တယ် ဆိုသလို ဒီကိစ္စနဲ့ ဘယ်အထိ သွားမလဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအထိ သွားမှာ။ အခုကလဲ NLD အစိုးရက အာဏာရတယ် ဆိုသော်ငြားလဲ အောက်ကယန္တရားကြီးက အရင်ယန္တရားဟောင်းကြီး။ NLD က ဝန်ကြီးပဲ အသစ်ဖြစ်ပြီးတော့ ကျန်တဲ့အောက်က ယန္တရားက ဗျူရိုကရက်ယန္တရားက အဟောင်းဖြစ်နေတုန်းပဲ။ အခုကိစ္စက ကျနော်တို့ အရပ်သားအစိုးရ NLD က ဒီလောက်ကြီး မဟုတ်ပေမယ့် တဘက်က စိုးရိမ်စိတ် ကြီးမားနေတဲ့ တပ်မတော်ပိုင်းကတော့ တပ်မတော်ကို ထိခိုက်လာတယ်လို့ ယူဆရင်တော့ သူတို့ကတော့ နည်းနည်းလေးမှ လေတိုက်မခံနိုင်တဲ့သဘော ရှိတယ်။ ပြောရလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအထိ ထိခိုက်သွားမှာစိုးလို့ စိုးရိမ်နေပုံရောက်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးသိန်းသန်းဦး ခင်များ Deprivation Defination အသေရေဖျက်မှုဆိုရင် ရာဇသတ်ကြီး ပြစ်မှုဆိုင်ရာမှာ ပါတယ်ဆိုရင် ဥပဒေအားဖြင့် ဆွဲတဲ့လူက အသေရေပျက်ကြောင်း Burden of Proof က ဘယ်သူဆီမှာရှိလဲ။ တရားလိုဘက်မှာ ရှိတယ်မဟုတ်ဘူးလား။ ကျနော် ကြားဖူးသလောက်။ ဆိုတော့ အခု ၆၆(ဃ)နဲ့ကြတော့ ဘယ်အချက်ကို တရားလိုဘက်က သက်သေပြရမလဲ။
ဦးသိန်းသန်းဦး ။ ။ ၆၆(ဃ) က အလွန်ရှုပ်ထွေးတယ်။ တိကျပြတ်သားတာလဲ မရှိဘူး။ ပြဌာန်းထားတဲ့အထဲမှာ လိုသလိုဆွဲထားတာ။ ဥပမာ ဒီလို Electronic ဆက်သွယ်ရေး ယန္တရား၊ ကွန်ရက်တွေကို သုံးပြီးတော့ Intimidation ခြိမ်းခြောက်တာတွေ၊ Deprivation အသရေဖျက်တာတွေ - ဒါကတော့ ပြစ်မှုဆိုင်ရာ ဥပဒေမှန်သမျှဟာ သက်သေခံမှု ပုဒ်မ (၁၀၁) အရ တရားလိုဘက်က သက်သေအထောက်အထား ပြရမယ်။ အဲဒီတော့ ကျည်းထောင်စုသစ္စာနဲ့ ပတ်သက်ရင်တော့ သူ့အနေနဲ့ ပြောနိုင်တာကတော့ ဒါကတော့ သူတို့ကပဲ သက်သေပြရမှာ။ ဒါသည် ဒီအချက်ဆိုတယ်။ အခုန ကင်းလွှတ်ခွင့်တွေ ဒီမှာ စာပေလွတ်လပ်ခွင့်ကို သူတို့က အသေရေဖျက်မှု ပုဒ်မ ၅၀၀ - ၄၉၉ မှာ ရေးထားတာ အများကြီးပဲ။ အဲဒီဟာတွေနဲ့ နွယ်ပြီးတော့ Defination အနေနဲ့ အသေရေဖျက်စေတယ်လို့ ပြောရင်တော့ အဲဒီအထဲက အပိုင်းတွေကို ကာကွယ်ရမှာ။ ဒါ သဘောရိုးနဲ့ပြောတာ၊ လွတ်လပ်ခွင့်အရ ရေးတာ၊ ဒါက ရေးသားခွင့်ရှိပါတယ်။ အဲဒီအနေအထားမျိုးမှာ ရုပ်ရှင်တခုကို ဝေဖန်တာ၊ လှောင်ပြောင်တဲ့ဟာ အဲဒီအပိုင်းတွေရှိတော့ အဲဒါတွေနဲ့ မသက်ဆိုင်ဘူး။ တမင်ကို အသေရေပျက်စေပါတယ်ဆိုတာကို သူတို့ဘက်က သက်သေပြရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် သိချင်တာက ဥရောပတိုက်က တချို့နိုင်ငံတွေမှာ အကြမ်းဖက်ဝါဒ ပျံ့နံှ့လာတဲ့အတွက်ကြောင့် လွတ်လပ်ခွင့်တချို့ကို သူတို့ စတေးပြီးတော့ ဟန့်တားရမယ့်သဘော ဖြစ်လာတယ်ဆိုတာမျိုး တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာကြတော့ အမုန်းစကားတွေကို လှုံဆော်နေတဲ့ ကိစ္စတွေလည်း အများကြီး ကြားနေရပါတယ်။ အဲဒီကိစ္စ ဒီသရော်စာကိစ္စကို အရေးယူသလို၊ ထိထိရောက်ရောက် အရေးယူမှု ရှိပါသလား။
ဦးသိန်းသန်းဦး ။ ။ ဒီဥစ္စာက ဒီမိုကရေစီ လိုလားသူတွေနဲ့ ဒီမိုကရေစီကို ဆန့်ကျင်သူတွေနဲ့ ပဋိပက္ခက မပြီးသေးဘူး။ အာဏာလွန်ဆွဲထားတာ ရှိနေတယ်။ အဲဒီ အာဏာလွန်ဆွဲပွဲရဲ့ နောက်ကွယ်မှာ အခုနပြောတဲ့ Hate Speech တွေ ရှိပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ ပဋိပက္ခဖြစ်အောင် ကြိုတင်ပြီးတော့ မီးမွှေးနေတဲ့၊ ကြံစည်းနေတဲ့ အမှုတွေ ရှိတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီကို သွားနေတဲ့အစိုးရကို ခလုတ်တိုက် လဲစေချင်တယ်။ ကျနော် မြင်တာကတော့ ဒီသရော်စာလေးဟာ တကယ်တော့ ဘာမှမဖြစ်လောက်ပါဘူး။ ဒါက တယောက်နဲ့တယောက် ညှိညှိနှိုင်းနှိုင်း လုပ်ရမယ့်ကိစ္စ။ နောက်တခါ အရေးယူမယ်ဆိုရင်လဲ မီဒီယာဥပဒေ သူတို့ပြောထားတဲ့အတိုင်း ရှိတယ်။ မီဒီယာဥပဒေနဲ့ပဲ အရေးယူရမှာ ဖြစ်တယ်။ ဒီအပြင် စာနယ်ဇင်းကောင်စီ Press Council လည်း ရှိတယ်။ အဲဒီကြားထဲကမှ ဒါကို မအောင့်နိုင်သည်တိုင် မီဒီယာ လုပ်တယ်ဆိုတာက သတင်းမီဒီယာ လွတ်လပ်ခွင့်၊ နောက်တခြား ဒီထက်မက ပွင့်ပွင့်လင်းလင်း ရေးလာမယ့်၊ ပြောလာမယ့် လူတွေကို Block ဟန့်တားလိုက်တာပဲလို့ အဲဒီလိုပဲ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်မြန်မာနိုင်ငံ မီဒီယာလောကသားတွေ ခံပြင်းနေတဲ့ စကားတခု ကြားနေရပါတယ်။ အခုတလောမှာ မီဒီယာက လူတွေက ကျီးကန်းလို ဝိုင်းအာကြတယ်ဆိုတဲ့အတွက်ကြောင့် မီဒီယာ ကို အရပ်သားစကားနဲ့ ပြောရရင် ကျေးဇူးကန်းလေသလား။ မီဒီယာရဲ့ တန်းဖိုးကို သူတို့ အသိအမှတ် မပြုတဲ့သဘောလား ။ အဲဒီစကားနဲ့ ပတ်သက်လို့ ဆရာ့အမြင်၊ သဘောထားကို ကြားချင်ပါတယ်။
ဦးဇင်လင်း ။ ။ ဒီဟာတော့ အမှန်ပြောရလို့ရှိရင် မီဒီယာရဲ့ ကျေးဇူးတရားကို မသိတတ်၊ မီဒီယာကို အသုံးမချတတ်ရင်တော့ အဲဒီလို ပုဂ္ဂိုလ်မျိုး၊ အဲဒီလို ပါတီမျိုး၊ အဲဒီလို အဖွဲ့အစည်းမျိုးတွေက ရေရှည်မခံတတ်ဘူး။ ကျနော်တို့ ထိုင်းမှာနေလာခဲ့တဲ့ အတွေ့အကြုံအရဆိုရင် Thaksin ဘာကြောင့် ပြုတ်ကျသွားသလဲဆိုရင် အရေးကြီးတဲ့ မီဒီယာသမားတွေကို တိုက်ခိုက်တာက စတာပဲ။ အဲဒီက စပြီးတော့ နောက်ဆုံးမှာ Thaksin ဟာ အခုအချိန်အထိ တိုင်းပြည်က ထွက်ပြေးရတဲ့ အခြေအနေထိ ရောက်သွားတယ်။ ဒါကြောင့်မို့ သူတို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြန်ပြေလည်အောင် ဖြေရှင်းသင့်တယ်။ မီဒီယာဟာ အခုမှ မဟုတ်ဘူး။ အင်မတန် မိုးထဲရေထဲ၊ အင်မတန်ကို အခက်အခဲကြုံနေရတဲ့ အချိန်အခါမှာ ဒီမိုကရေစီကို ရှေ့ဆောင်မယ့် ပါတီတရပ်၊ ဒီမိုကရေစီကို ရှေ့ဆောင်မယ့် ပုဂ္ဂိုလ်တယောက် အခုလို အာဏာရလာအောင်၊ နေရာရလာအောင် မီဒီယာသမားတွေကလည်း သူ့ထောင့်ကနေ တာဝန်ကျေကျေ ဝိုင်းခဲ့ဝန်းခဲ့ပါတယ်။ အပြင်ရောက်နေတဲ့လူကော၊ အထဲရောက်နေတဲ့လူကော တော်တော်ခက်ရာခက်ဆစ် လုပ်ခဲ့ကြရပါတယ်။ ထောင်ကျတန်းကျ လုပ်ခဲ့ကြရတယ်။ သေတဲ့သူတွေ သေသွားကြတယ်။ အဲဒီလို လုပ်ခဲ့တဲ့ အစဉ်အလာတွေကိုတော့ ကျနော်တို့ မပုတ်ခတ်သင့်ဘူးလို့ ကျနော်တို့ အဲဒီလို ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် အဲဒီမှာ တခွန်းမေးချင်တာက မီဒီယာဘက်ကရော မှန်ကန်တဲ့ လမ်းကြောင်းကိုရောက်ပြီး၊ မီဒီယာ ကျင့်ဝတ်အတိုင်း၊ သိက္ခာအတိုင်း အမှန်အကန် သွားနေပြီလား။ ဘာတွေများ ပြင်ဖို့ လိုအပ်သေးတယ် ထင်ပါလဲ။
ဦးဇင်လင်း ။ ။ သတင်းထောက်တွေ၊ သတင်းစာသမားတွေကတော့ တကယ်ကြိုးစားနေကြတာပါ။ တကယ်ပဲ သူတို့ လိုအပ်တဲ့ သင်တန်းတွေတက်တယ်။ လိုအပ်တဲ့ ကျင့်ဝတ်တွေ ဖြည့်ဆည်းတယ်။ အပြန်အလှန်လည်း ကူညီတယ်။ အပြန်အလှန်လည်း သတိပေးတယ်။ အဲဒီလို ရှိတယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံမှာ စောစောက ကျနော်ပြောခဲ့တဲ့ အာဏာလွန်ဆွဲပွဲ ဖြစ်နေတဲ့အခါကြတော့ ဒီကြားထဲမှာ ဝင်ပြီးတော့ မီဒီယာအယောင်ဆောင်ပြီးတော့ မီဒီယာအရေခြုံပြီးတော့ မီဒီယာကို နာမည်ဖျက်တာတွေ ခံနေရတယ်။ အဲဒါလဲ ရည်ရွယ်ချက်ရှိတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ မီဒီယာကို နာမည်ပျက်အောင် လုပ်နေတာသည်၊ စတုတ္ထမဏ္ဍိုင်ကို ရိုက်ချိုးနေတာသည် အာဏာရှင်တွေရဲ့ စရိုက်ပဲဖြစ်တယ်။ တဖြည်းဖြည်းနဲ့ နောက်ရွေးကောက်ပွဲ နီးလာလေ၊ နီးလာလေ မီဒီယာလောကမှာ ပြဿနာတွေ ပိုပြီးတော့ ကြီးထွားလာစရာတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကတည်းက မီဒီယာတချို့ကို နောက်ကွယ်ကနေ ငွေအားကြေးအားနဲ့ သိမ်းသွင်းနေတာတွေ။ ငွေအားကြေးအားနဲ့ ကိုင်တွယ်ခြိမ်းခြောက်နေတာတွေ ဒါမျိုးတွေ စဖြစ်လာပြီ ဆရာ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက အင်ဒိုနီးရှားဆိုပါတော့ မြန်မာနိုင်ငံထက် နည်းနည်းစောပြီးတော့ သူတို့မှာလဲ ဒီမိုကရေစီ အခွင့်အလမ်း ရလာတယ်။ မီဒီယာတွေလည်း အများကြီး ရေးလာကြတယ်။ ဒါပေမဲ့ တချို့သုံးသပ်သူတွေက ဘာပြောလဲဆိုတော့ မီဒီယာ လွတ်လပ်ခွင့်ထဲမှာ မီဒီယာတွေဟာ ဘဏ္ဍာရေးအားဖြင့်၊ Financially not free yet စီးပွားရေးအားဖြင့် အမှီအခို ကင်းမဲ့စွာ ရပ်တည်နိုင်တဲ့ မီဒီယာဆိုတာ ခပ်ရှားရှား။ အဲဒါကြောင့်လဲ မီဒီယာဟာ စစ်မှန်တဲ့ လမ်းကြောင်းပေါ် မရောက်နိုင်တဲ့ အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာကော မီဒီယာတွေဟာ တကယ့် လွတ်လွတ်လပ်လပ် ဘဏ္ဍာရေးအားဖြင့် ရပ်တည်နိုင်ကြပါလား။ အဲဒီအခက်အခဲကြောင့် လိုချင်တဲ့လမ်းကို တည့်တည့်မတ်မတ် မလျှောက်လှမ်းနိုင်တာကော မရှိဘူးလား။
ဦးဇင်လင်း ။ ။ အဲဒါလဲ ဒီနေ့ စိန်ခေါ်မှုထဲမှာ အကြီးဆုံး စိန်ခေါ်မှုပါ။ ဗမာပြည်မှာ သတင်းစာ လွတ်လပ်ခွင့် ရှိသလားလို့ မေးလို့ရှိရင် အခု အရေးအကြီးဖြစ်နေတဲ့ ပြဿနာသည် Media Ownership ပေါ့ - မီဒီယာတွေကို ဘယ်သူတွေက ကိုင်တွယ်ထားတာလဲ။ ပိုင်ဆိုင်ထားတာလဲဆိုတဲ့ ဒီမေးခွန်းဟာ ဒါ အကြီးဆုံး မေးခွန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပိုင်ရှင်တွေရဲ့ အလိုကျ ခန့်ထားတဲ့ အယ်ဒီတာတွေရဲ့ ဖော်ဆောင်ချင်တဲ့ အနေအထားအတိုင်း သတင်းတွေ လုပ်နေရတယ်။ အောက်ခြေမှာ တကယ့်ကို သတင်းသမား စိတ်ဓါတ်နဲ့ အလုပ်လုပ်နေတဲ့ သတင်းထောက်လေးတွေ သတင်းတွေကို တကယ်မှန်မှန်ကန်ကန် ပြည်သူထဲက သတင်းတွေကို တင်ပြချင်တယ်။ ဖော်ပြချင်တယ်။ ဒါပေမဲ့ ဖော်ပြလို့ မရဘူး ဖြစ်နေတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ ပိုင်ရှင်တွေက ခွင့်မပြုတာ။ ပိုင်ရှင်တွေရဲ့ သဘောထားကို သိနေတဲ့ အယ်ဒီတာတွေက ကြိုတင်ပြီးတော့ Self-censor လုပ်နေတာ။ ဒါကြောင့် အခုဖြစ်နေတာက ဗမာပြည်မှာ သတင်းသမား အတော်များများက တော်တော်ဆင်ဆင်ခြင်ခြင် နဲ့ ကြိုတင်ပြီး Self-censor သဘော ရှိပါတယ်။ ဒီအထဲမှာ တခု ကျနော် ထည့်ပြောချင်တာက တိုင်းရင်းသားသတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဆိုရင် လုံးဝပစ်ပယ်ခံထားရသလို ဖြစ်နေပါတယ်။