သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စကားေျပာလာေသာ စကားတခြန္း


India Prime Minister Narendra Modi meet with Myanmar born indian
စကားေျပာလာေသာ စကားတခြန္း
please wait

No media source currently available

0:00 0:11:36 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ “ကုလား” ဆိုတဲ့ အေခၚအေဝၚဟာ ခြဲျခားႏွိမ့္ခ်တဲ့ သေဘာျဖစ္လို႔ ေျပာင္းလဲေခၚေဝၚဖို႔ အေခၚခံရသူတခ်ိဳ႕က ေျပာလာၾကပါတယ္။ ဒီစကားလုံးဟာ ဘယ္အခ်ိန္က ဘယ္လိုအဓိပၸါယ္နဲ႔ စတင္ေပၚေပါက္ခဲ့တာလဲ။ ဘာေၾကာင့္ မႏွစ္ၿမိဳ႕စရာ ျဖစ္လာရသလဲ ဆိုတာေတြကို အေမရိကန္ျပည္ေထာင္စု Northern Illinois (အီလီႏြိဳက္) တကၠသိုလ္၊ အေရွ႕ေတာင္အာရွဌာန ပါေမာကၡ (အၿငိမ္းစား) ျမန္မာစာေပပညာရွင္ ဦးေစာထြန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီ ‘ကုလား’ ဆိုတဲ့ အေခၚအေဝၚဟာ မူလက ခြဲျခားႏွိမ့္ခ်ဆက္ဆံတဲ့ အဓိပၸါယ္မ်ိဳး မသက္ေရာက္ခဲ့ဘူးလို႔ ဆရာဦိးေစာထြန္းက အခုလိုစေျပာပါတယ္။

ေျဖ ။ ။ နံပတ္တစ္ကေတာ့ ခြဲျခားဆက္ဆံတဲ့သေဘာေတာ့ မသက္ေရာက္ခဲ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ပုဂံေခတ္အလႈရွင္ေတြစာရင္းထဲမွာ ကြၽန္အလႈရွင္၊ ဒါမွမဟုတ္ အႏုပညာသည္အလႈရွင္တို႔ထဲမွာ ကုလားပန္တ်ာသည္လည္း ပါတယ္။ ျမန္မာပန္တ်ာသည္လည္း ပါတယ္။ ဒီေတာ့ ဒါေတြက ခြဲျခားဆက္ဆံတာ မဟုတ္တဲ့အျပင္၊ သူတို႔ေက်ေက်နပ္နပ္ လက္ခံထားတဲ့ အသုံးအႏႈန္းပါပဲ။ အဓိပၸါယ္ပါပဲ။ ဘာမွ ပုဂံေခတ္က သုံးခဲ့တုန္းက ႐ိုင္းစိုင္းတဲ့အဓိပၸါယ္မေဆာင္ပါဘူး။ ႐ိုင္း႐ိုင္းစိုင္းစိုင္း မရွိပါဘူး။

ေမး ။ ။ မူရင္းအဓိပၸါယ္ကေရာ ကုလဆိုတဲ့ ပါဠိစကားကေန ဆင္းသက္လာတယ္ဆိုတာ ဟုတ္ပါသလား။

ေျဖ ။ ။ မူရင္းအဓိပၸါယ္မွာ ႏွစ္မ်ိဳး ရွိပါတယ္။ တမ်ိဳးက တေနရာကေန ကူးလာလို႔ ‘ကူးလာ’ ကေန ‘ကုလား’ လို႔ အဲဒီလိုလည္း ေျပာတာ ရွိပါတယ္။ အေျပာမ်ားတာက ကုလ ဆိုတာက လာတာျဖစ္ဖို႔ မ်ားပါတယ္။ အေဆြအမ်ိဳးဆိုတဲ့ အဓိပၸါယ္ပါပဲ။ တ႐ုတ္က သူတို႔ကိုယ္သူတို႔ ‘ေပါက္ေဖာ္’ လို႔ ဆိုသလို ကုလားကိုလည္း ကိုယ္က ‘ကုလ’ လို႔ အမ်ိဳးလို႔ ဆိုခ်င္ပုံေပါက္ပါတယ္။ ဒီမွာ တခုေပါ့ - ကုလားဆိုတဲ့ စကားလုံးဟာ မ႐ိုင္းတဲ့သက္ေသတခုကေတာ့ က်ေနာ္တို႔ ဗမာေတြကို ခမာေတြက ဘယ္လိုေခၚသလဲ။ ဦးေက်ာ္ဇံသာ သတိထားမိမွာပါ။

ေမး ။ ။ က်ေနာ္ မသိပါဘူး ဆရာ။

ေျဖ ။ ။ ဗမာေတြကို ကုလားလို႔ ေခၚပါတယ္။ သူတို႔ေခၚတာကေတာ့ ‘ကုလ’ လို႔ ေခၚပါတယ္။ ဒီေတာ့ ခမာေတြက ဗမာကို ေခၚသလို၊ ဗမာေတြက ကုလားကိုေခၚတာ အတူတူပဲလို႔ က်ေနာ္ေတာ့ ျမင္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ ဗမာေတြကလဲ တခ်ိဳ႕လူနာမည္မွာေတာင္ ကုလားဆိုတဲ့ နာမည္ထားခဲ့တာပဲ။ ဦးကုလားတို႔ ရာဇဝင္ဆရာတို႔ဆိုရင္။ ခ်ိဳးႏွိမ္တယ္ဆိုရင္ ဒီနာမည္ကို ဘယ္ခံယူမလဲ ဆရာ။

ေျဖ ။ ။ ဒါေပါ့ခင္မ်ား။

ေမး ။ ။ ဒီလို ခြဲျခားဆက္ဆံတယ္ဆိုတဲ့ အဓိပၸါယ္မ်ိဳး သက္ေရာက္လာတာ ဘယ္အခ်ိန္ေလာက္ကလို ခန႔္မွန္းမိပါသလဲ။

ေျဖ ။ ။ က်ေနာ္ ႐ုတ္တရက္ သတိထားမိတာကေတာ့ ေညာင္ရမ္းေခတ္၊ (၁၆) ရာစုေလာက္။ အိုင္ခ်င္းေတြထဲမွာ စကားတလုံး ရွိပါတယ္။ အဲဒါက ‘ျမင္းမွာ အုန္းခြံ၊ ကြၽန္မွာ ကုလား’ ဆိုတဲ့ စကားတလုံး ရွိပါတယ္။ ျမင္းမွာ အုန္းခြံ၊ ကြၽန္မွာ ကုလား ဆိုေတာ့ အဲဒီစကားကေန ဆက္စပ္ၿပီးေတာ့ ကုလားဆိုတာ အနိမ့္စား၊ အခိုင္းအေစးလို႔ အဲဒီသေဘာ ရလာတာမ်ိဳးရယ္၊ အဲဒီအခ်ိန္ေလာက္မွာ နည္းနည္းသတိထားမိပါတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ အက်င့္တခုလည္း ရွိတယ္။ ဗမာလူမ်ိဳးရဲ႕ အက်င့္သက္သက္ေတာ့ မဟုတ္ပါဘူး။ တျခားလူမ်ိဳးေတြလည္း ရွိပါတယ္။ အဲဒါ ဘာလဲဆိုေတာ့ သူမ်ားကို နိမ္နိမ္ျပဳျပဳ၊ မႈိခ်ိဳးမွ်စ္ခ်ိဳး ေျပာခ်င္တဲ့ အက်င့္မ်ိဳးေလးေတြကလဲ အရင့္အရင္က ရွိေနခဲ့တယ္။ ရွိေနေတာ့ အထူးသျဖင့္ အခုနေျပာတဲ့ ကုလား ဆိုပါေတာ့။ ေနာက္ပိုင္းၾကေတာ့ က်ေနာ္တို႔ (၁၈) ရာစုႏွစ္ေလာက္မွာ အီတလီတို႔ ဘာတို႔ဘက္က အျဖဴသာသနာျပဳေတြ ေရာက္လာတာ ရွိတယ္။ အီတလီ၊ အာေမနီယန္တို႔ ဒီကိုလာတဲ့အခါၾကေတာ့ သူတို႔က ဟိုဘက္ အညာဘက္မွာေရာက္ၿပီးေတာ့ အေျခခ်ေနၾကတယ္။ ေနၾကေတာ့ သူတို႔ကိုလည္း ကုလားလို႔ ေခၚတယ္။ ကုလားလို႔ေခၚၿပီးေတာ့ ကုလားကို ႐ိုး႐ိုးမေခၚဘဲ၊ ေနာက္တီးေနာက္ေတာက္ေတြ လုပ္ၾကတယ္။ ဘယ္လိုလုပ္သလဲဆိုေတာ့ အရင္တုန္းက က်ေနာ္တို႔ ၾကားဖူးမွာေပါ့။ ‘ဗမာ ဗမာ လူလိမၼာ၊ ကုလား ကုလား ဘာညာ’ ဆိုတာမ်ိဳး။ အဲဒီလိုပဲ သူတို႔က ဘယ္လိုလုပ္တတ္သလဲဆိုေတာ့ ‘တဘူးမစား ကုလားသား၊ မ်က္ႏွာမသစ္ ကုလားညစ္’ အဲဒါမ်ိဳးေတြ သူတို႔ေျပာၾကတာရွိတယ္။ အျဖဴေတြ သာသနာျပဳ ပုဂၢိဳလ္ေတြကို။ အဲဒီလို သူတို႔ေတြက စလားေနာက္လား လုပ္ၾကတယ္ေတြ ရွိတယ္။ အဲဒါက အက်င့္။ အဲဒီလိုအက်င့္ေတြက စၿပီးေတာ့ ဒီစကားလုံးက ႐ိုင္းသလိုလို ထင္သြားၾကတာေပါ့။ အဲဒီလို ျပႆနာမ်ိဳးပါပဲ။

ေမး ။ ။ အဲဒီအခ်ိန္က ဒီကိစၥကို ခံျပင္းကန႔္ကြက္တာ၊ သို႔တည္းမဟုတ္ ကုလား-ဗမာ အဓိက႐ုဏ္းဆိုတဲ့ လူမ်ိဳးေရး၊ လူ႔အသိုင္းအဝိုင္းအတြင္းမွာ ပဋိပကၡ ျဖစ္တာေတြေကာ အေထာက္အထား ေတြ႕ဖူးပါသလား။ က်ေနာ္ သိသေလာက္ကေတာ့ အဂၤလိပ္ေခတ္ေရာက္မွ စီးပြားေရးသမားအားျဖင့္ အိႏၵိယသားေတြကက ပိုၿပီးတြယ္က်ယ္လာေတာ့ ျမန္မာတိုင္းရင္းသားေတြက နာက်ည္းခံျပင္းလာတာဆိုၿပီးေတာ့ က်ေနာ္ စဥ္းစားမိပါတယ္။ အဲဒီထက္ ေရွ႕က်တဲ့ အဓိက႐ုဏ္းအေထာက္အထားေတြမ်ား ရွိပါသလား။

ေျဖ ။ ။ သက္ဦးစံပိုင္ေခတ္ကေတာ့ အဓိက႐ုဏ္းက မျဖစ္ႏိုင္ဘူး။ ေနာက္ၿပီးေတာ့ လူဦးေရအေနနဲ႔လဲ အဂၤလိပ္ေခတ္မွာေလာက္ မမ်ားဘူး။ အဂၤလိပ္ေခတ္မွာေတာ့ မ်ားလည္းမ်ားသြားၿပီး တဘက္ကလဲ စီးပြားေရး၊ ဘာညာဆိုၿပီး အဲဒီလို မလိုလားစရာေတြနဲ႔ ျဖစ္လာတဲ့အခါၾကေတာ့ ပိုၿပီးဆိုးသြားတဲ့သေဘာေဆာင္တဲ့ သေဘာ ျဖစ္ေတာ့မယ္ ထင္ပါတယ္။

ေမး ။ ။ အဲဒီသက္ဦးစံပိုင္ေခတ္တုန္းကေတာ့ ဘုရင္ေတြရဲ႕ နန္းတြင္းထဲမွာ ဘုရင္ေတြရဲ႕ နီးစပ္တဲ့အသိုင္းအဝိုင္းတြင္းမွာ ၿမိဳ႕စားနယ္စားေတြအျဖစ္ အိႏၵိယဘက္ကလာတဲ့ မူရင္းအားျဖင့္ အဲဒီဘက္ကလာတဲ့လူေတြကို ရာထူးေတြ ေပးခဲ့တာရွိမယ္ ထင္ပါတယ္။

ေျဖ ။ ။ ရွိပါတယ္။ ဥပမာ ကုလားၿမိဳ႕စားတို႔ ဘာတို႔ အဲဒီလိုသုံးခဲ့တာေတြ ရွိပါတယ္။ သူတို႔အေနနဲ႔ ႐ိုင္းတယ္လို႔လဲ သေဘာမထားဘူး။ ေက်ေက်နပ္နပ္ လက္ခံၾကတယ္။ ကုလားဝန္တို႔ ဘာတို႔ဆိုတာ ရွိပါတယ္။

ေမး ။ ။ အခုၾကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ခံျပင္းၿပီးေတာ့ တခ်ိဳ႕က ဒီအသုံးအႏႈန္းကို ျပင္သင္တယ္လို႔ ေျပာလာၾကတယ္ဆိုေတာ့ သူတို႔က အိႏၵိယႏြယ္ဖြားလို႔ ေခၚေစခ်င္တယ္ ဆိုလားလို႔ ဆရာ။ က်ေနာ္ စဥ္းစားမိတာက ဒီကုလားဆိုတာ သူတို႔ကိုေခၚတဲ့အျပင္ ဒီကုလားနဲ႔ ဆက္စပ္ေနတဲ့ စကားလုံးေတြ ျမန္မာစကားမွာ အမ်ားႀကီးပါ။ ကုလားထိုင္၊ ကုလားပဲ စသည္ျဖင့္ေပါ့။ အဲဒါေတြကို ဘယ္လိုလုပ္သင့္ပါလဲ။ တကယ္လို႔ ေျပာင္းမယ္ဆိုရင္ အဲဒါေတြကိုပါ လိုက္ေျပာင္းရမွာေပါ့။

ေျဖ ။ ။ က်ေနာ္ကေတာ့ ဒါေတြကေတာ့ ေျပာင္းစရာ မလိုဘူးလို႔ထင္တယ္။ ဟိုတခါတုန္းက က်ေနာ္တို႔ မူလတန္းသမိုင္းဖတ္စာထဲမွာ တခုပါသြားပါတယ္။ အဲဒါကေတာ့ ပဲခူးသမိုင္းနဲ႔ ပတ္သက္ပါတယ္။ ပဲခူးသမိုင္းမွာ ေရွးဦးအစဥ္အလာကိုယ္က ေျပာေနတာက ကုလားေတြနဲ႔ ဉာဏ္ရည္ၿပိဳင္ရတာ။ အဲဒီေတာ့ ခုႏွစ္ေတာင္ရွိတဲ့ ကုလားႀကီးနဲ႔ ပဲခူးကမြန္နဲ႔ ပညာၿပိဳင္တာ ပါတဲ့အခါၾကေတာ့ အဲဒီမွာ ကုလားဆိုတာ အရင့္အရင္ကရွိတယ္။ အဲဒါကို ဖတ္စာထဲမွာ ႏိုင္ငံျခားသားလို႔ ျပင္လိုက္တဲ့အခါၾကေတာ့ အဓိပၸါယ္ေတြက ေတာ္ေတာ္ကိုဆိုးဝါးသြားတယ္။ ဘယ္လိုမွ သမိုင္းနဲ႔ မဆက္စပ္ေတာ့ဘူး။ ေနာက္ေတာ့ အိႏၵိယႏြယ္ဖြား၊ အိႏၵိယသားတို႔ အဲဒီလိုေျပာတယ္နဲ႔ တူပါတယ္။ ဒါလဲပဲ မူလအရသာေတာ့ မရွိေတာ့ဘူးေပါ့။ အဲဒါမ်ိဳးေတြ ႀကဳံရပါတယ္။ က်ေနာ္ကေတာ့ အကုန္လုံး ျပန္ျပင္တာမ်ိဳးေတာ့ သိပ္ျဖစ္ႏိုင္မယ္ မထင္ပါဘူး။

ေမး ။ ။ တကယ္ေတာ့ ျမန္မာ့ယဥ္ေက်းမႈလဲပဲ အိႏၵိယကလာတဲ့ ယဥ္ေက်းမႈ အမ်ားစုေပါ့။ ဘာသာသာသနာေရးကအစဆိုေတာ့ အဲဒီေလာက္ အေျခခံၿပီးလာခဲ့ၿပီးေတာ့ ျမန္မာလူမ်ိဳးေတြဟာ အဲဒီယဥ္ေက်းမႈကိုေတာ့ ဆက္လက္က်င့္သုံးလာၿပီးေတာ့ ဒီလိုအခုအခါမွာ ေခတ္သစ္မွာ မလိုမုန္းတီးတဲ့စိတ္ေတြ တခ်ိဳ႕ဆီမွာ ေပၚလာၾကတယ္။ အဲဒီကိစၥကိုေကာ ဆရာအေနနဲ႔ ဘယ္လိုသုံးသပ္လိုပါလဲ။ ဘာျဖစ္လို႔ ဒီလိုေျပာင္းလဲသြားရသလဲ။

ေျဖ ။ ။ ဘာျဖစ္လို႔ ေျပာင္းလဲသြားသလဲဆိုေတာ့ အတူတူမေနတတ္တာပဲ၊ စုေပါင္းၿပီးေတာ့ ေနတာထိုင္တာ၊ တေယာက္နဲ႔တေယာက္ ခြင့္လြတ္သည္းခံေနတာထိုင္တာ သေဘာထားမႀကီးလို႔ ျဖစ္မွာပါ။ ဒီမွာတခု က်ေနာ္သြားစဥ္းစားၾကည့္မိတာက လူေတြရဲ႕ စိတ္ဓါတ္ယဥ္ေက်းမႈနဲ႔မ်ား အမ်ားႀကီးဆိုင္လိမ့္မယ္ ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေစာေစာကပဲ တ႐ုတ္မိတ္ေဆြတေယာက္နဲ႔ ေဆြးေႏြးျဖစ္ပါတယ္။ က်ေနာ္ ၾကားထားတာက တ႐ုတ္ေတြက ဗမာေတြကို ဘယ္လိုေခၚသလဲဆိုေတာ့ ဟိုးအရင္တုန္းက - က်ေနာ္ၾကားဖူးတာကေတာ့ ‘ေအာ္တဝ’ ပဲ ၾကားဖူးတယ္။ ‘ေအာ္တဝ’ ဆိုတာက ေခြးမည္း လို႔ေျပာတာ။ ဗမာကို ေခြးမည္းဆိုၿပီး ေခၚတာ။ သူတို႔ကို ေမးၾကည့္ေတာ့ သူတို႔ၾကားဖူးတာက ‘ေအာ္တာကြီ’ တဲ့၊ ‘ကြီ’ က သရဲ။ အဲဒီေတာ့ သရဲမည္း ျဖစ္ေနတယ္။ အဲဒီလိုေခၚတာပဲ သိပ္ေတာ့ ပိုၿပီးေတာ့ မယဥ္ေက်းပါဘူး။ အဲဒါေျပာရမွာကိုပဲ က်ေနာ့္မိတ္ေဆြက က်ေနာ္ကို အားနာေနတယ္၊ ေၾကာက္ေနတယ္။ စိတ္ဆိုးမွာကို စိုးရိမ္လို႔။ သူတို႔ဝန္ခံပါတယ္။ သူတို႔ကလည္း ဒီမွာေနတဲ့ တ႐ုတ္ေတြဆိုေတာ့ က်မတို႔တ႐ုတ္ေတြက ေတာ္ေတာ့ကို ႐ိုင္းခဲ့တာပါဆိုၿပီး ေျပာပါတယ္။ အခုေတာ့ အဲဒီစကားေတြ မသုံးေတာ့ပါဘူးလို႔ အဲဒီလို ေျပာပါတယ္။ အဲဒီေတာ့ ဒါေတြက ႐ိုင္းေနတဲ့ကာလ၊ စိတ္က မဆင္ခ်ဥ္တဲ့ကာလက လူသားေတြရဲ႕ အမူအက်င့္ပါပဲ။ တ႐ုတ္က ဗမာကို အဲဒီလိုေခၚတာမွ မဟုတ္ပါဘူး။ က်ေနာ္တို႔ ဗမာေတြက တိုင္းရင္းသားေတြအေပၚမွာ ေတာ္ေတာ့ကို ရက္ရက္စက္စက္ ေျပာတာဆိုတာေတြ ရွိပါတယ္။ ကုလားမႏိုင္ ရခိုင္မဲ၊ တကယ္ေတာ့ ရခိုင္ေမးလို႔ ဟိုဘက္က ေျပာင္းျပစ္လိုက္ေတာ့ ေတာ္ေသးပါတယ္။ အဲဒါေတြ အမ်ားႀကီးပါ။

ေမး ။ ။ လိုရာဆြဲၿပီး ေတြးတာနဲ႔ တူပါတယ္။

ေျဖ ။ ။ ေနာက္ေတာ့ ခ်င္းလက္ ပတၱျမားေရာက္ေတာ့ ဘာတို႔ဆိုတာ ေတာ္ေတာ့ကိုဆိုးတဲ့ကိစၥေတြပါ။ အဲဒါေတြက တကယ့္ကို ႐ိုင္းစိုင္းတဲ့ေခတ္က ႐ိုင္းစိုင္းတဲ့ အျပဳအမႈေတြပါ။ ဒါကို ႐ိုင္းတုန္းက သုံးတာပါလားဆိုတာကို က်ေနာ္တို႔က သတိထားမိဖို႔လိုတယ္။ ငါတို႔ အခုယဥ္ေက်းတဲ့ေခတ္ေရာက္ၿပီဆိုရင္ ဒါေတြသုံးတာကို ရွက္စရာလို႔ သေဘာထားဖို႔ အဲဒါအေရးႀကီးတယ္ ထင္ပါတယ္။ အခုန က်ေနာ္နဲ႔ ေဆြးေႏြးတဲ့ တ႐ုတ္မိတ္ေဆြဆိုရင္ အဲဒါေတြကို ျပန္ေျပာရမွာေတာင္ ရွက္စရာလို႔ ျမင္ေနပါတယ္။ အဲဒီလို ရွက္တတ္ဖို႔ လိုပါတယ္။ အဲဒီေတာ့ ကုလားေခၚတာကို မႀကိဳက္ရင္ အဲဒါကိုေတာ့ က်ေနာ္တို႔က ျပင္ရမွာေပါ့။ တလိုင္းကိုေတာင္မွ က်ေနာ္တို႔ တလိုင္းလို႔ မေခၚေတာ့ဘူးေလ။ မြန္လို႔ ေခၚလာၾကတယ္ဆိုေတာ့ အဲဒီေတာ့ သူတို႔ႀကိဳက္တဲ့ဟာကိုေခၚဖို႔ပဲ ရွိပါတယ္။


==Unicode==

မြန်မာနိုင်ငံမှာ “ကုလား” ဆိုတဲ့ အခေါ်အဝေါ်ဟာ ခွဲခြားနှိမ့်ချတဲ့ သဘောဖြစ်လို့ ပြောင်းလဲခေါ်ဝေါ်ဖို့ အခေါ်ခံရသူတချို့က ပြောလာကြပါတယ်။ ဒီစကားလုံးဟာ ဘယ်အချိန်က ဘယ်လိုအဓိပ္ပါယ်နဲ့ စတင်ပေါ်ပေါက်ခဲ့တာလဲ။ ဘာကြောင့် မနှစ်မြို့စရာ ဖြစ်လာရသလဲ ဆိုတာတွေကို အမေရိကန်ပြည်ထောင်စု Northern Illinois (အီလီနွိုက်) တက္ကသိုလ်၊ အရှေ့တောင်အာရှဌာန ပါမောက္ခ (အငြိမ်းစား) မြန်မာစာပေပညာရှင် ဦးစောထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီ ‘ကုလား’ ဆိုတဲ့ အခေါ်အဝေါ်ဟာ မူလက ခွဲခြားနှိမ့်ချဆက်ဆံတဲ့ အဓိပ္ပါယ်မျိုး မသက်ရောက်ခဲ့ဘူးလို့ ဆရာဦိးစောထွန်းက အခုလိုစပြောပါတယ်။

ဖြေ ။ ။ နံပတ်တစ်ကတော့ ခွဲခြားဆက်ဆံတဲ့သဘောတော့ မသက်ရောက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပုဂံခေတ်အလှုရှင်တွေစာရင်းထဲမှာ ကျွန်အလှုရှင်၊ ဒါမှမဟုတ် အနုပညာသည်အလှုရှင်တို့ထဲမှာ ကုလားပန်တျာသည်လည်း ပါတယ်။ မြန်မာပန်တျာသည်လည်း ပါတယ်။ ဒီတော့ ဒါတွေက ခွဲခြားဆက်ဆံတာ မဟုတ်တဲ့အပြင်၊ သူတို့ကျေကျေနပ်နပ် လက်ခံထားတဲ့ အသုံးအနှုန်းပါပဲ။ အဓိပ္ပါယ်ပါပဲ။ ဘာမှ ပုဂံခေတ်က သုံးခဲ့တုန်းက ရိုင်းစိုင်းတဲ့အဓိပ္ပါယ်မဆောင်ပါဘူး။ ရိုင်းရိုင်းစိုင်းစိုင်း မရှိပါဘူး။

မေး ။ ။ မူရင်းအဓိပ္ပါယ်ကရော ကုလဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ ။ ။ မူရင်းအဓိပ္ပါယ်မှာ နှစ်မျိုး ရှိပါတယ်။ တမျိုးက တနေရာကနေ ကူးလာလို့ ‘ကူးလာ’ ကနေ ‘ကုလား’ လို့ အဲဒီလိုလည်း ပြောတာ ရှိပါတယ်။ အပြောများတာက ကုလ ဆိုတာက လာတာဖြစ်ဖို့ များပါတယ်။ အဆွေအမျိုးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တရုတ်က သူတို့ကိုယ်သူတို့ ‘ပေါက်ဖော်’ လို့ ဆိုသလို ကုလားကိုလည်း ကိုယ်က ‘ကုလ’ လို့ အမျိုးလို့ ဆိုချင်ပုံပေါက်ပါတယ်။ ဒီမှာ တခုပေါ့ - ကုလားဆိုတဲ့ စကားလုံးဟာ မရိုင်းတဲ့သက်သေတခုကတော့ ကျနော်တို့ ဗမာတွေကို ခမာတွေက ဘယ်လိုခေါ်သလဲ။ ဦးကျော်ဇံသာ သတိထားမိမှာပါ။

မေး ။ ။ ကျနော် မသိပါဘူး ဆရာ။

ဖြေ ။ ။ ဗမာတွေကို ကုလားလို့ ခေါ်ပါတယ်။ သူတို့ခေါ်တာကတော့ ‘ကုလ’ လို့ ခေါ်ပါတယ်။ ဒီတော့ ခမာတွေက ဗမာကို ခေါ်သလို၊ ဗမာတွေက ကုလားကိုခေါ်တာ အတူတူပဲလို့ ကျနော်တော့ မြင်ပါတယ်။

မေး ။ ။ အဲဒီတော့ ဗမာတွေကလဲ တချို့လူနာမည်မှာတောင် ကုလားဆိုတဲ့ နာမည်ထားခဲ့တာပဲ။ ဦးကုလားတို့ ရာဇဝင်ဆရာတို့ဆိုရင်။ ချိုးနှိမ်တယ်ဆိုရင် ဒီနာမည်ကို ဘယ်ခံယူမလဲ ဆရာ။

ဖြေ ။ ။ ဒါပေါ့ခင်များ။

မေး ။ ။ ဒီလို ခွဲခြားဆက်ဆံတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်လာတာ ဘယ်အချိန်လောက်ကလို ခန့်မှန်းမိပါသလဲ။

ဖြေ ။ ။ ကျနော် ရုတ်တရက် သတိထားမိတာကတော့ ညောင်ရမ်းခေတ်၊ (၁၆) ရာစုလောက်။ အိုင်ချင်းတွေထဲမှာ စကားတလုံး ရှိပါတယ်။ အဲဒါက ‘မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား’ ဆိုတဲ့ စကားတလုံး ရှိပါတယ်။ မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား ဆိုတော့ အဲဒီစကားကနေ ဆက်စပ်ပြီးတော့ ကုလားဆိုတာ အနိမ့်စား၊ အခိုင်းအစေးလို့ အဲဒီသဘော ရလာတာမျိုးရယ်၊ အဲဒီအချိန်လောက်မှာ နည်းနည်းသတိထားမိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ အကျင့်တခုလည်း ရှိတယ်။ ဗမာလူမျိုးရဲ့ အကျင့်သက်သက်တော့ မဟုတ်ပါဘူး။ တခြားလူမျိုးတွေလည်း ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ သူများကို နိမ်နိမ်ပြုပြု၊ မှိုချိုးမျှစ်ချိုး ပြောချင်တဲ့ အကျင့်မျိုးလေးတွေကလဲ အရင့်အရင်က ရှိနေခဲ့တယ်။ ရှိနေတော့ အထူးသဖြင့် အခုနပြောတဲ့ ကုလား ဆိုပါတော့။ နောက်ပိုင်းကြတော့ ကျနော်တို့ (၁၈) ရာစုနှစ်လောက်မှာ အီတလီတို့ ဘာတို့ဘက်က အဖြူသာသနာပြုတွေ ရောက်လာတာ ရှိတယ်။ အီတလီ၊ အာမေနီယန်တို့ ဒီကိုလာတဲ့အခါကြတော့ သူတို့က ဟိုဘက် အညာဘက်မှာရောက်ပြီးတော့ အခြေချနေကြတယ်။ နေကြတော့ သူတို့ကိုလည်း ကုလားလို့ ခေါ်တယ်။ ကုလားလို့ခေါ်ပြီးတော့ ကုလားကို ရိုးရိုးမခေါ်ဘဲ၊ နောက်တီးနောက်တောက်တွေ လုပ်ကြတယ်။ ဘယ်လိုလုပ်သလဲဆိုတော့ အရင်တုန်းက ကျနော်တို့ ကြားဖူးမှာပေါ့။ ‘ဗမာ ဗမာ လူလိမ္မာ၊ ကုလား ကုလား ဘာညာ’ ဆိုတာမျိုး။ အဲဒီလိုပဲ သူတို့က ဘယ်လိုလုပ်တတ်သလဲဆိုတော့ ‘တဘူးမစား ကုလားသား၊ မျက်နှာမသစ် ကုလားညစ်’ အဲဒါမျိုးတွေ သူတို့ပြောကြတာရှိတယ်။ အဖြူတွေ သာသနာပြု ပုဂ္ဂိုလ်တွေကို။ အဲဒီလို သူတို့တွေက စလားနောက်လား လုပ်ကြတယ်တွေ ရှိတယ်။ အဲဒါက အကျင့်။ အဲဒီလိုအကျင့်တွေက စပြီးတော့ ဒီစကားလုံးက ရိုင်းသလိုလို ထင်သွားကြတာပေါ့။ အဲဒီလို ပြဿနာမျိုးပါပဲ။

မေး ။ ။ အဲဒီအချိန်က ဒီကိစ္စကို ခံပြင်းကန့်ကွက်တာ၊ သို့တည်းမဟုတ် ကုလား-ဗမာ အဓိကရုဏ်းဆိုတဲ့ လူမျိုးရေး၊ လူ့အသိုင်းအဝိုင်းအတွင်းမှာ ပဋိပက္ခ ဖြစ်တာတွေကော အထောက်အထား တွေ့ဖူးပါသလား။ ကျနော် သိသလောက်ကတော့ အင်္ဂလိပ်ခေတ်ရောက်မှ စီးပွားရေးသမားအားဖြင့် အိန္ဒိယသားတွေကက ပိုပြီးတွယ်ကျယ်လာတော့ မြန်မာတိုင်းရင်းသားတွေက နာကျည်းခံပြင်းလာတာဆိုပြီးတော့ ကျနော် စဉ်းစားမိပါတယ်။ အဲဒီထက် ရှေ့ကျတဲ့ အဓိကရုဏ်းအထောက်အထားတွေများ ရှိပါသလား။

ဖြေ ။ ။ သက်ဦးစံပိုင်ခေတ်ကတော့ အဓိကရုဏ်းက မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ လူဦးရေအနေနဲ့လဲ အင်္ဂလိပ်ခေတ်မှာလောက် မများဘူး။ အင်္ဂလိပ်ခေတ်မှာတော့ များလည်းများသွားပြီး တဘက်ကလဲ စီးပွားရေး၊ ဘာညာဆိုပြီး အဲဒီလို မလိုလားစရာတွေနဲ့ ဖြစ်လာတဲ့အခါကြတော့ ပိုပြီးဆိုးသွားတဲ့သဘောဆောင်တဲ့ သဘော ဖြစ်တော့မယ် ထင်ပါတယ်။

မေး ။ ။ အဲဒီသက်ဦးစံပိုင်ခေတ်တုန်းကတော့ ဘုရင်တွေရဲ့ နန်းတွင်းထဲမှာ ဘုရင်တွေရဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွင်းမှာ မြို့စားနယ်စားတွေအဖြစ် အိန္ဒိယဘက်ကလာတဲ့ မူရင်းအားဖြင့် အဲဒီဘက်ကလာတဲ့လူတွေကို ရာထူးတွေ ပေးခဲ့တာရှိမယ် ထင်ပါတယ်။

ဖြေ ။ ။ ရှိပါတယ်။ ဥပမာ ကုလားမြို့စားတို့ ဘာတို့ အဲဒီလိုသုံးခဲ့တာတွေ ရှိပါတယ်။ သူတို့အနေနဲ့ ရိုင်းတယ်လို့လဲ သဘောမထားဘူး။ ကျေကျေနပ်နပ် လက်ခံကြတယ်။ ကုလားဝန်တို့ ဘာတို့ဆိုတာ ရှိပါတယ်။

မေး ။ ။ အခုကြတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခံပြင်းပြီးတော့ တချို့က ဒီအသုံးအနှုန်းကို ပြင်သင်တယ်လို့ ပြောလာကြတယ်ဆိုတော့ သူတို့က အိန္ဒိယနွယ်ဖွားလို့ ခေါ်စေချင်တယ် ဆိုလားလို့ ဆရာ။ ကျနော် စဉ်းစားမိတာက ဒီကုလားဆိုတာ သူတို့ကိုခေါ်တဲ့အပြင် ဒီကုလားနဲ့ ဆက်စပ်နေတဲ့ စကားလုံးတွေ မြန်မာစကားမှာ အများကြီးပါ။ ကုလားထိုင်၊ ကုလားပဲ စသည်ဖြင့်ပေါ့။ အဲဒါတွေကို ဘယ်လိုလုပ်သင့်ပါလဲ။ တကယ်လို့ ပြောင်းမယ်ဆိုရင် အဲဒါတွေကိုပါ လိုက်ပြောင်းရမှာပေါ့။

ဖြေ ။ ။ ကျနော်ကတော့ ဒါတွေကတော့ ပြောင်းစရာ မလိုဘူးလို့ထင်တယ်။ ဟိုတခါတုန်းက ကျနော်တို့ မူလတန်းသမိုင်းဖတ်စာထဲမှာ တခုပါသွားပါတယ်။ အဲဒါကတော့ ပဲခူးသမိုင်းနဲ့ ပတ်သက်ပါတယ်။ ပဲခူးသမိုင်းမှာ ရှေးဦးအစဉ်အလာကိုယ်က ပြောနေတာက ကုလားတွေနဲ့ ဉာဏ်ရည်ပြိုင်ရတာ။ အဲဒီတော့ ခုနှစ်တောင်ရှိတဲ့ ကုလားကြီးနဲ့ ပဲခူးကမွန်နဲ့ ပညာပြိုင်တာ ပါတဲ့အခါကြတော့ အဲဒီမှာ ကုလားဆိုတာ အရင့်အရင်ကရှိတယ်။ အဲဒါကို ဖတ်စာထဲမှာ နိုင်ငံခြားသားလို့ ပြင်လိုက်တဲ့အခါကြတော့ အဓိပ္ပါယ်တွေက တော်တော်ကိုဆိုးဝါးသွားတယ်။ ဘယ်လိုမှ သမိုင်းနဲ့ မဆက်စပ်တော့ဘူး။ နောက်တော့ အိန္ဒိယနွယ်ဖွား၊ အိန္ဒိယသားတို့ အဲဒီလိုပြောတယ်နဲ့ တူပါတယ်။ ဒါလဲပဲ မူလအရသာတော့ မရှိတော့ဘူးပေါ့။ အဲဒါမျိုးတွေ ကြုံရပါတယ်။ ကျနော်ကတော့ အကုန်လုံး ပြန်ပြင်တာမျိုးတော့ သိပ်ဖြစ်နိုင်မယ် မထင်ပါဘူး။

မေး ။ ။ တကယ်တော့ မြန်မာ့ယဉ်ကျေးမှုလဲပဲ အိန္ဒိယကလာတဲ့ ယဉ်ကျေးမှု အများစုပေါ့။ ဘာသာသာသနာရေးကအစဆိုတော့ အဲဒီလောက် အခြေခံပြီးလာခဲ့ပြီးတော့ မြန်မာလူမျိုးတွေဟာ အဲဒီယဉ်ကျေးမှုကိုတော့ ဆက်လက်ကျင့်သုံးလာပြီးတော့ ဒီလိုအခုအခါမှာ ခေတ်သစ်မှာ မလိုမုန်းတီးတဲ့စိတ်တွေ တချို့ဆီမှာ ပေါ်လာကြတယ်။ အဲဒီကိစ္စကိုကော ဆရာအနေနဲ့ ဘယ်လိုသုံးသပ်လိုပါလဲ။ ဘာဖြစ်လို့ ဒီလိုပြောင်းလဲသွားရသလဲ။

ဖြေ ။ ။ ဘာဖြစ်လို့ ပြောင်းလဲသွားသလဲဆိုတော့ အတူတူမနေတတ်တာပဲ၊ စုပေါင်းပြီးတော့ နေတာထိုင်တာ၊ တယောက်နဲ့တယောက် ခွင့်လွတ်သည်းခံနေတာထိုင်တာ သဘောထားမကြီးလို့ ဖြစ်မှာပါ။ ဒီမှာတခု ကျနော်သွားစဉ်းစားကြည့်မိတာက လူတွေရဲ့ စိတ်ဓါတ်ယဉ်ကျေးမှုနဲ့များ အများကြီးဆိုင်လိမ့်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စောစောကပဲ တရုတ်မိတ်ဆွေတယောက်နဲ့ ဆွေးနွေးဖြစ်ပါတယ်။ ကျနော် ကြားထားတာက တရုတ်တွေက ဗမာတွေကို ဘယ်လိုခေါ်သလဲဆိုတော့ ဟိုးအရင်တုန်းက - ကျနော်ကြားဖူးတာကတော့ ‘အော်တဝ’ ပဲ ကြားဖူးတယ်။ ‘အော်တဝ’ ဆိုတာက ခွေးမည်း လို့ပြောတာ။ ဗမာကို ခွေးမည်းဆိုပြီး ခေါ်တာ။ သူတို့ကို မေးကြည့်တော့ သူတို့ကြားဖူးတာက ‘အော်တာကွီ’ တဲ့၊ ‘ကွီ’ က သရဲ။ အဲဒီတော့ သရဲမည်း ဖြစ်နေတယ်။ အဲဒီလိုခေါ်တာပဲ သိပ်တော့ ပိုပြီးတော့ မယဉ်ကျေးပါဘူး။ အဲဒါပြောရမှာကိုပဲ ကျနော့်မိတ်ဆွေက ကျနော်ကို အားနာနေတယ်၊ ကြောက်နေတယ်။ စိတ်ဆိုးမှာကို စိုးရိမ်လို့။ သူတို့ဝန်ခံပါတယ်။ သူတို့ကလည်း ဒီမှာနေတဲ့ တရုတ်တွေဆိုတော့ ကျမတို့တရုတ်တွေက တော်တော့ကို ရိုင်းခဲ့တာပါဆိုပြီး ပြောပါတယ်။ အခုတော့ အဲဒီစကားတွေ မသုံးတော့ပါဘူးလို့ အဲဒီလို ပြောပါတယ်။ အဲဒီတော့ ဒါတွေက ရိုင်းနေတဲ့ကာလ၊ စိတ်က မဆင်ချဉ်တဲ့ကာလက လူသားတွေရဲ့ အမူအကျင့်ပါပဲ။ တရုတ်က ဗမာကို အဲဒီလိုခေါ်တာမှ မဟုတ်ပါဘူး။ ကျနော်တို့ ဗမာတွေက တိုင်းရင်းသားတွေအပေါ်မှာ တော်တော့ကို ရက်ရက်စက်စက် ပြောတာဆိုတာတွေ ရှိပါတယ်။ ကုလားမနိုင် ရခိုင်မဲ၊ တကယ်တော့ ရခိုင်မေးလို့ ဟိုဘက်က ပြောင်းပြစ်လိုက်တော့ တော်သေးပါတယ်။ အဲဒါတွေ အများကြီးပါ။

မေး ။ ။ လိုရာဆွဲပြီး တွေးတာနဲ့ တူပါတယ်။

ဖြေ ။ ။ နောက်တော့ ချင်းလက် ပတ္တမြားရောက်တော့ ဘာတို့ဆိုတာ တော်တော့ကိုဆိုးတဲ့ကိစ္စတွေပါ။ အဲဒါတွေက တကယ့်ကို ရိုင်းစိုင်းတဲ့ခေတ်က ရိုင်းစိုင်းတဲ့ အပြုအမှုတွေပါ။ ဒါကို ရိုင်းတုန်းက သုံးတာပါလားဆိုတာကို ကျနော်တို့က သတိထားမိဖို့လိုတယ်။ ငါတို့ အခုယဉ်ကျေးတဲ့ခေတ်ရောက်ပြီဆိုရင် ဒါတွေသုံးတာကို ရှက်စရာလို့ သဘောထားဖို့ အဲဒါအရေးကြီးတယ် ထင်ပါတယ်။ အခုန ကျနော်နဲ့ ဆွေးနွေးတဲ့ တရုတ်မိတ်ဆွေဆိုရင် အဲဒါတွေကို ပြန်ပြောရမှာတောင် ရှက်စရာလို့ မြင်နေပါတယ်။ အဲဒီလို ရှက်တတ်ဖို့ လိုပါတယ်။ အဲဒီတော့ ကုလားခေါ်တာကို မကြိုက်ရင် အဲဒါကိုတော့ ကျနော်တို့က ပြင်ရမှာပေါ့။ တလိုင်းကိုတောင်မှ ကျနော်တို့ တလိုင်းလို့ မခေါ်တော့ဘူးလေ။ မွန်လို့ ခေါ်လာကြတယ်ဆိုတော့ အဲဒီတော့ သူတို့ကြိုက်တဲ့ဟာကိုခေါ်ဖို့ပဲ ရှိပါတယ်။

XS
SM
MD
LG