ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ သမ္မတ Donald Trump အစိုးရဟာ တောင်တရုတ်ပင်လယ် အရေးမှာ ASEAN နိုင်ငံတွေကို သူ့ဘက်ကနေ ရပ်တည်ဖို့ စည်းရုံးနေသလို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ရိုဟင်ဂျာပြဿနာအတွက် ဝေ၀ဖန်ပေမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးမယ်လို့ ဆိုပါတယ်။ အမေရိကန်မူဝါဒ ဘယ်လောက် ထိရောက်အောင်မြင်နိုင်ပါသလဲ၊ သူတပါး လူ့အခွင့်အရေးကို ဝေဖန်ရလောက်အောင် Trump အစိုးရ ကိုယ်တိုင်ကကော လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာပါရဲ့လား၊ Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ Prof. David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ Donald Trump အစိုးရဟာ တက်ခါစတုန်းက အရှေ့ တောင်အာရှကို မပြောနဲ့၊ အာရှတိုက်ကိုတောင် သိပ်ကိုအလေးအနက် မထားခဲ့ပါဘူး။ အခုတောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး တရုတ်နဲ့အပြိုင်အဆိုင် ဖြစ်လာခဲ့တဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ စင်္ကာပူ အာဆီယံအစည်းအဝေးမှာ စပြီးတော့ အရှေ့ တောင်အာရှကိစ္စကို အရေးတကြီးလုပ် ပြောလာတယ်လို့ ထင်ပါတယ်။ ဆရာကြီး ဒါကို သဘောတူပါသလား။ ဒီကိစ္စမှာ အရှေ့ တောင်အာရှက အမေရိကန်အတွက် ဘယ်လောက်အထိ အရေးကြီးပါသလဲ။
ဖြေ ။ ။ အမေရိကန်နိုင်ငံခြားရေးဝါဒမှာ အရှေ့ တောင်အာရှရဲ့  အခန်းကဏ္ဍက သိပ်ကိုအရေးကြီးပါတယ်။ ခင်များပြောသလိုပါပဲ တောင်တရုတ်ပင်လယ်ကိစ္စဟာ အမေရိကန်ပြည်ထောင်စုအတွက် သိပ်အရေးကြီးပါတယ်။ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ရရှိရေးအပေါ်မှာ လုံခြုံရေးကိစ္စ မှီခိုနေတာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံကို လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး အလေးထားလာတာကိုလည်း ပထမဦးဆုံးအကြိမ် တွေ့လာရပါတယ်။
ဒုတိယသမ္မတ Mike Pence ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး ရိုဟင်ဂျာကိစ္စကို ပြောခဲ့ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က အခြေအနေတွေကို ပြင်ပလူတွေထက်၊ သူတို့က ပိုသိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာမှာ ဘယ်လောက်ဆိုးဆိုးဝါးဝါး ထိခိုက်နေတယ်ဆိုတာ အသိအမှတ်မပြုရာ၊ ငြင်းပယ်ရာ ရောက်နေပါတယ်။
မေး ။ ။ ဒါပေမဲ့ သူက ရိုဟင်ဂျာအရေးမှာသာ ရှုတ်ချပေမယ့်၊ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး ဖော်ဆောင်ရေးမှာကြတော့ ကူညီအားပေးသွားမယ်လို့ ဆိုထားပါတယ်။
ဖြေ ။ ။ သဘောကတော့ အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ စိတ်ဝင်စားပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သိပ်ပြင်းပြင်းထန်ထန် မဝေဖန်နဲ့၊ သူက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် နောက်ဆုံးမျှော်လင့်ချက်ပဲလို့ ပြောဆိုကြပါတယ်။ ကျနော့်အမြင်မှာတော့ ဒီအယူအဆဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ သူဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အရင်အစိုးရထက် ပိုပြီးတော့ စိတ်ဝင်စားမှု မပြသပါဘူး။ ရိုဟင်ဂျာကိစ္စသာမက၊ သတင်းလွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုတွေ ရှိနေဆဲပါ။ ဒါကို သူမဖြေရှင်းပါဘူး။ စစ်အစိုးရလက်အောက်မှာထက် လွတ်လပ်မှုတွေ ရှိလာခဲ့ပေမယ့် ဖိနှိပ်ချုပ်ချယ်မှုတွေက ရှိနေဆဲပါ။ အဲဒီလွတ်လပ်မှုတွေက တကယ်တော့ ဦးသိန်းစိန်လက်ထက်မှာ အစပျိုးခဲ့တာပါ။ အခုဆိုရင် Amnesty International ကလည်း သူ့အပေါ် ချီးမြှင့်ထားတဲ့ဆုကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။ ကျနော်ကတော့ ဒီလိုမရုတ်သိမ်းသင့်ဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေဘက်က ဒီလိုပဲ လုပ်လာကြတော့ သူ့ရဲ့  ဂုဏ်သိက္ခာ ပိုမိုထိခိုက်ကျဆင်းလာပါတယ်။
မေး ။ ။ ဒါပေမဲ့ အဲဒီဆုတံဆိပ်တွေ ရုတ်သိမ်းတဲ့ကိစ္စက ဘယ်လောက်အထိ အရေးကြီးလို့လဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ Amnesty International က အမှန်တကယ်အားဖြင့် နိုင်ငံတကာအစိုးရတွေရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်တာကလွဲလို့ အာဏာ၊ လုပ်ပိုင်ခွင့် စတာတွေ တခုမှ မရှိပါဘူး။ ဒါဟာ အင်မတန်လိုအပ်တဲ့ကိစ္စတခု ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း AI အဖွဲ့ဝင်တယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေကို ဆုတံဆိပ်တွေ ချီးမြှင့်တာ သိပ်လွယ်လင့်တကူ နိုင်လွန်ပါတယ်။ ဒီိကိစ္စကို ကျနော် ဆောင်းပါးရေးထားပါတယ်။ ချီးမြှင့်ထားတဲ့ ဆုတံဆိပ်ကို ပြန်မရုတ်သိမ်းသင့်ပါဘူး။ မပေးခင်ကတည်းက သေချာစဉ်းစဉ်းစားစား လုပ်သင့်ပါတယ်။
မေး ။ ။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ Mike Pence ကိစ္စကို ပြန်ကောက်ချင်ပါတယ်။ ဗြိတိန်က လူတယောက်က ရေးပါတယ် Pence ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆရာလုပ်နေပေမယ့် သူတို့နိုင်ငံမှာတော့ အမေရိကန်အလယ်ပိုင်းကလာတဲ့ လူတွေကို ရက်ရက်စက်စက် လုပ်နေတယ်လို့ ရေးထားတာကို တွေ့ရပါတယ်။ တကယ်တော့ Trump အစိုးရက သူများကို ဝေဖန်နိုင်လောက်အောင် သူ့အနေနဲ့၊ သူ့အစိုးရဘက်မှာ လူ့အခွင့်အရေးကို ဘယ်လောက်အထိ ဂရုစိုက်လို့လဲဆိုတာကို ပြောနေကြတာ အများကြီး ကြားနေရပါတယ်။ ဒီကိစ္စကို ဘယ်လိုပြောချင်ပါလဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ဆီမှာလည်း ပြဿနာတွေ အများကြီးပါ။ အမေရိကန်ပြည်ထောင်စုလည်း ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။ အမေရိကတိုက်အလယ်ပိုင်းက လာနေတဲ့လူတွေကိစ္စ၊ သမ္မတအိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်က သတင်းယူတာကို ပိတ်ပင်ခံရတဲ့ကိစ္စတွေမှာဆိုရင် သတင်းလွတ်လပ်ခွင့် ပြဿနာ ရှိနေပါတယ်။ ဆိုတော့ အမေရိကန်ပြည်ထောင်စုမှာလည်း ဒီမိုကရေစီနဲ့ အခွင့်အရေးကိစ္စတွေမှာ ပြဿနာတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ဒီအခြေခံ သဘောတရား အယူအဆတွေကိုတော့ သူများအတွက်ကော၊ ကျနော်တို့ကိုယ်တိုင်အတွက်ပါ ချုပ်ကိုင်ထားရမှာပါ။ ပြဿနာ ရှိနေတာကို ဖော်ထုတ်ပြောဆိုကြရမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စအပေါ် တုံ့ပြန်ကိုင်တွယ်မှု မတူကွဲပြားတဲ့အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့  သြဇာမှေးမှိန်သွားပြီး တရုတ်ရဲ့ သြဇာ ပိုကြီးထွားလာနေပါတယ်။ ဒါဟာ ကျနော်တို့ ဘေးကျပ်နံကျပ် အခြေအနေ ဖြစ်လာပါတယ်။
မေး ။ ။ ဒီနေရာမှာ ဆော်ဒီအာရေးဗျာကို လက်နက်ရောင်းတဲ့ကိစ္စလည်း တဆက်တည်း ပြောသင့်တယ်လို့ ထင်ပါတယ်။ ဆော်ဒီအာရေဗျာ က သူတို့နိုင်ငံအတွင်းမှာ လူ့အခွင့်အရေးခေါင်းပါးတဲ့အပြင် ယီမင်စစ်ပွဲမှာ ဝင်ရောက်စွက်ဖက်နေတော့ ကမ္ဘာ့အကြီးဆုံး အငတ်ဘေး ကျရောက်မယ့် အန္တရာယ် ကြုံနေရပါတယ်။ ဒါကလဲ အမေရိကန်ပြည်ထောင်စုက လက်နက်ရောင်းနေဆဲ ဖြစ်ပါတယ်။ သမ္မတ Donald Trump ကိုယ်တိုင်ကလည်း လက်နက်ရောင်းရဖို့က ပိုအရေးကြီးတယ်လို့ ပြောနေပါတယ်။
ဖြေ ။ ။ ဒီဆော်ဒီကို လက်နက်ရောင်းတဲ့ကိစ္စမှာ အမေရိကန်ရဲ့  မူဝါဒကို ကျနော်လည်း သဘောမတူပါဘူး။ ဒါပေမဲ့ တချိန်တည်းမှာ နိုင်ငံတိုင်းဟာ သူ့အကျိုးစီးပွားနဲ့ လုပ်ချင်တဲ့ဆန္ဒ၊ ဒါပေမဲ့ စံသတ်မှတ်ချက်ကို ချင့်ချိန်ရမှာ ဖြစ်ပါတယ်။ နောက်တချက်က ဒါဟာ အများနဲ့ ပတ်သက်သလား။ တဦးတယောက်ကိစ္စလားဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတခုက အမေရိကန်ပြည်ထောင်စုကို လူသိရှင်ကြား ဝေဖန်တယ်ဆိုရင် သမ္မတက လူသိရှင်ကြား တုံ့ပြန်ရမှာ ဖြစ်ပါတယ်။ တဦးတယောက်ချင်း ဝေဖန်တာမျိုးဆိုရင်တော့ ဒါကို သီသီသန့်သန့် ပြုပြင်နိုင်မယ့်နည်းလမ်းတခု ရှိနိုင်ပါတယ်။
မြန်မာနိုင်ငံကို လူသိရှင်ကြားဝေဖန်ရင် မြန်မာနိုင်ငံကလည်း အမျိုးသားရေးအခြေခံနဲ့ တုံ့ပြန်လာမှာ ဖြစ်ပါတယ်။ ဒါက သဘာဝပါပဲ။
မေး ။ ။ နောက်တခု မေးချင်တာက ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စမှာ မြန်မာနိုင်ငံဘက်ကရော၊ ဘင်္ဂလားဒေ့ရှ်ဘက်ကရော နှစ်ဘက်သဘောတူထားကြပေမယ့် နိုင်ငံတကာ NGO၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေက ဒီကိစ္စကို ဟန့်တားနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကို ဘယ်လိုမြင်ပါသလဲ။ ဘာဖြစ်လို့ ဟန့်တားနေကြလဲ။
ဖြေ ။ ။ ဟုတ်တယ်လေ … အဲဒါ အခြေအနေမှန်ပဲ။ မြန်မာအစိုးရက သူတို့ကို တကယ်ပြန်ပြီးတော့ လက်မခံချင်ကြဘူး။ သူတို့ဟာ ငါတို့ဆီက မဟုတ်ဘူး။ တိုင်းရင်းသားမဟုတ်ဘူး။ သူတို့ကို ဖယ်ရှားပစ်ချင်တယ်။ ဒါကို လူသိရှင်ကြား မလုပ်နိုင်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ အပေးအယူလုပ်ပြီး မှုန်ဝါးဝါး လုပ်ပြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့ကို မလိုချင်ကြဘူး။ မထားချင်ကြဘူး။
မေး ။ ။ မဟုတ်သေးပါဘူး။ မြန်မာအစိုးရက သူတို့ကို လူတိုင်းကို လက်မခံဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဥပဒေနဲ့ ကိုက်ညီတဲ့လူကို နိုင်ငံသား ပေးမယ်လို့တောင် ပြောနေပါတယ်။
ဖြေ ။ ။ ဘယ်လောက်လဲ တစ်ဆယ်ရာခိုင်နှုန်းလား။ တစ်ရာခိုင်နှုန်းလား။
မေး ။ ။ ဒါကတော့ အထောက်အထားပေါ်မှာ မူတည်မှာပါ။ အထောက်အထားပြနိုင်တဲ့လူကို လက်ခံမယ်လို့ ပြောထားတာကို တွေ့ရပါတယ်။ နောက်တခုက ဆရာကြီးက တိုင်းရင်းသားဆိုတာကို ထည့်ပြောသွားတယ်။ တိုင်းရင်းသားဆိုတာက ဌာနေတိုင်းရင်းသား Ingenious people တွေကိုသာ မြန်မာတွေက တိုင်းရင်းသားလို့ သတ်မှတ်ကြတာပါ။
ဖြေ ။ ။ သူတို့ဟာ တိုင်းရင်းသားမဟုတ်ဘူး၊ ဒါကြောင့် သူတို့ဟာ နိုင်ငံသားမဟုတ်ဘူးလို့ လူတွေက ပြောနေကြတာ မဟုတ်လား။ သူတို့နိုင်ငံသား ဖြစ်ဖို့ဆိုရင် သူတို့ဘိုးဘွားတွေဟာ ၁၈၂၃ ခုနှစ် မတိုင်ခင်ကတည်းကစပြီး နေထိုင်ခဲ့ကြောင်း သက်သေပြရမယ်လို့ ၁၉၈၂ နိုင်ငံသားဥပဒေမှာ ပြဌာန်းထားတယ်လေ။ ဆိုတော့ ဒါဟာ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ဒါဟာ သိပ်ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။
မေး ။ ။ ဒါကို ထားလိုက်ပါတော့ ကျနော် အစက ရည်ရွယ်ထားခဲ့တဲ့ အကြောင်းအရာကို ပြန်ကောက်ဆွေးနွေးလိုပါတယ်။ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်အရေးမှာ အရှေ့ တောင်အာရှနိုင်ငံတွေကို တရုတ်နဲ့ အပြိုင်အဆိုင် စည်းရုံးနေပါတယ်။ အမေရိကန်ရဲ့  ဆွဲဆောင်မှုကို အရှေ့ တောင်အာရှနိုင်ငံတွေ လိုက်ပါလာလိမ့်မယ်လို့ ထင်ပါသလား။
ဖြေ ။ ။ အရှေ့ တောင်အာရှနိုင်ငံတွေက အမေရိကန်ပြည်ထောင်စုဘက် မပါချင်သလို၊ တရုတ်ဘက်လည်း မပါချင်ပါဘူး။ သူတို့ဟာ နှစ်ဘက်စလုံးကို လိုချင်ပါတယ်။ ဒါမှမဟုတ် နှစ်ဘက်စလုံးကို မလိုချင်ကြပါဘူး။ ဒီလိုပဲ ပြောရမှာပါ။ တနည်းပြောရရင် ဒီနှစ်ဘက်နဲ့ သူတို့ ထိန်းညှိချင်ပါတယ်။ သူတို့ဟာ တရုတ်နဲ့ ကင်းကွာလို့ မရနိုင်ဘူးဆိုတာကို သူတို့သိပါတယ်။ ပထဝီအနေအထားအရ၊ စီးပွားရေးအရ ကင်းကွာလို့ မရနိုင်သလို၊ လူမျိုးရေးအရလည်း အဲဒီနိုင်ငံတွေမှာ တရုတ်လူမျိုးတွေ အများကြီးနေနေကြတာပါ။ တချိန်တည်းမှာပဲ တရုတ်က တဘက်သတ်ကြီးစိုးမှာကိုလည်း သူတို့ မလိုလားကြပါဘူး။ ထိန်းညှိတဲ့အနေနဲ့ အမေရိကန်ကိုလည်း လိုချင်ကြပါတယ်။ သိပ်ကောင်းတဲ့ နိုင်ငံခြားဆက်ဆံရေး ချဉ်းကပ်မှုပါ။ သို့သော် ဖြစ်နိုင်မဖြစ်နိုင်တာကိုတော့ ကျနော် မသိပါဘူး။
မေး ။ ။ ဒီတောင်တရုတ်ပင်လယ်ကိစ္စဟာ ဒေသတွင်း ပြဿနာကိစ္စသာ ဖြစ်တယ်၊ ဒေသတွင်းနိုင်ငံတွေကြားမှာသာ ဖြေရှင်းရမှာ ဖြစ်တယ်။ အမေရိကန်နဲ့ မဆိုင်ဘူးလို့ တရုတ်ဘက်က ပြောသလို၊ အရှေ့ တောင်အာရှ နိုင်ငံတချို့ ကလည်း ဒီအတိုင်းပဲ ပြောနေကြပါတယ်။
ဖြေ ။ ။ ဒါ ဒေသတွင်းကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ရေကြောင်းကိစ္စကတော့ နိုင်ငံတကာကိစ္စ ဖြစ်နေပါတယ်။ အဲဒီက မလက္ကာရေလက်ကြားဆိုရင် မလေးရှားနဲ့ အင်ဒိုနီးရှားတို့က သူတို့နဲ့သာဆိုင်တယ်လို့ ပြောကောင်းပြောကြမှာပါ။ ဒါပေမဲ့ ကျနော်တို့အားလုံးရဲ့  အကျိုးစီးပွားလည်း ရှိနေပါတယ်။ ဒီရေလမ်းကြောင်းတွေဟာ နိုင်ငံတိုင်းအကျိုးစီးပွားနဲ့ ပတ်သက်နေပါတယ်။ အင်္ဂလိပ်ရေလက်ကြားလည်း ဒီလိုပါပဲ။ ဒါဟာ နိုင်ငံတကာနဲ့ဆိုင်ပါတယ်။ ဒီအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ စံတရပ် သတ်မှတ်ပေးထားဖို့ပဲ လိုအပ်ပါတယ်။ တောင်တရုတ်ပင်လယ်ကြတော့ တရုတ်က အားလုံးကို သူတယောက်ပဲပိုင်တယ်ဆိုပြီး လုပ်နေတာပါ။ သူတို့စာသင်ကျောင်းတွေမှာ ကလေးတွေကိုလည်း ဒီလိုပဲ သင်ပေးနေတယ်လို့ ကျနော့်ကို တရုတ်မိတ်ဆွေတွေက ပြောပါတယ်။
မေး ။ ။ တောင်တရုတ်ပင်လယ်ဟာ ရေလမ်းအတွက် အရေးကြီးသလိုပဲ မြန်မာနိုင်ငံကလည်း တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာကိုထွက်ဖို့ အရေးကြီးတဲ့နေရာ ဖြစ်ပါတယ်။ ဒီအတွက် သူတို့က လူ့အခွင့်အရေးကို ဂရုမစိုက်ဘဲ၊ ဖိပြီးတော့ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေ လုပ်နေပါတယ်။ ဒီအချိန်မှာ လူ့အခွင့်အရေးကိစ္စကို ပြောနေတဲ့ အမေရိကန်နိုင်ငံက တရုတ်နဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ထင်ပါသလား။
ဖြေ ။ ။ စီးပွားရေးအရ ကျနော်တို့ မယှဉ်ပြိုင်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ကျနော်တို့ထက် တရုတ်က အများကြီး ငွေကြေးစိုက်ထုတ်နိုင်ပါတယ်။ ပြီးတော့ တရုတ်က ရေနံပိုက်လိုင်းတွေ၊ ကျောက်ဖြူဆိပ်ကမ်း သဘောတူညီချက်၊ ရထားလမ်း စတာတွေ ရှိနေပါပြီ။ ဒါတွေဟာ ယူနန်ပြည်နယ်အတွက်လည်း သိပ်အရေးကြီးပါတယ်။ ဆိုတော့ တရုတ်ကို ကျနော်တို့က စီးပွားရေးအရ မယှဉ်ပြိုင်နိုင်ပါဘူး။ ကျနော်တို့ဘက်က လုပ်နိုင်တာကတော့ ကျင့်ဝတ်သိက္ခာဆိုင်ရာနည်းလမ်း Moral Way အရသာ တစုံတရာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ Moral kind of influence ဆိုတာ လက်တွေ့အားဖြင့် ဘယ်လိုကိစ္စမျိုးကို အဓိပ္ပါယ်ဖွင့်ရမလဲ။
ဖြေ ။ ။ ဒါကိုတော့ ကျနော်လည်း မသိပါဘူး။ ဒုသမ္မတ Mike Pence ကတော့ တခုခုလုပ်ဖို့ အားထုတ်နေပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ Pence ကို သိပ်အထင်မကြီးပါဘူး။ သူက မှန်ရာတွေ တော်တော်များများ ပြောခဲ့တယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လုံးဝပယ်ချလိုက်ပါတယ်။ ဒါက စစ်တပ်ရဲ့  အခန်းကဏ္ဍကို စိုးရိမ်နေလို့ဆိုတာကို အားလုံးသိကြပါတယ်။