သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားပြဿနာ ဖြေရှင်းရ ဘာ့ကြောင့်ခက်


တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်အတွက် အခက်ခဲဆုံးဖြစ်တဲ့ တိုင်းရင်းပြဿနာအပေါ် လက်ရှိအစိုးရ ကိုင်တွယ်ဖြေရှင်းနေပေမယ့် ရလာဒ် မတွေ့ရသေးဘူးလို့ ပါမောက္ခ David Steinberg ကဆိုပါတယ်။ ဒီတိုင်းရင်းသားပြဿနာ ဖြေရှင်းရတာ ဘာကြောင့် ခက်ခဲရသလဲဆိုတာကို မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ နိုင်ငံရေးအသိ Ethnic Nationalism ပိုပြီးတော့ ကြီးထွားလာတယ်လို့ ကျနော် ထင်မြင်မိပါတယ်။ အဲဒါ မှန်ပါလား။ မှန်တယ်ဆိုရင် ဘာကြောင့် ဒီလိုဖြစ်လာရတယ်ဆိုတာကို သုံးသပ်ပြပါ။

ဖြေ ။ ။ ဒါဟာ လောကနိယာမတရပ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ ကမ္ဘာနဲ့အဝှမ်း တွေ့နေရပါတယ်။ အမေရိကန်ပြည်ထောင်စု အပါအဝင်ပါပဲ။ ဒါပေမဲ့ မြန်မာပြည်အတွက် ပိုပြီးတော့ စိုးရိမ်ရတာက တိုင်းရင်းသားအုပ်စုတချို့နဲ့ ဗမာတွေကြား အတိတ်က စစ်ပွဲတွေ ရှိခဲ့တာတွေ၊ အမြင်မကြည်လင်မှုတွေ ရှိနေလို့ ဖြစ်ပါတယ်။ ဒါတွေကြောင့် အခြေအနေတွေ ပိုပြီးတော့ဆိုးနေပါတယ်။ ပြီးတော့ ဒီမိုကရေစီ ဖြစ်ထွန်းလာတော့ အရာရာကို လူသိရှင်ကြား လူထုရှေ့မောက် ငြင်းခုန်ရတာတွေ ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ စေ့စပ်ညှိနှိုင်းမှုတွေဆိုတာ လူထုရှေ့မရောက်ဘဲ၊ အချင်းချင်းပဲ သီးခြားလုပ်ရတာက ပိုပြီးတော့ ထိရောက်နိုင်တာပါ။ အချင်းချင်းညှိနှိုင်းလို့ သဘောတူညီမှုတွေရတော့မှ လူထုရဲ့ လက်ခံအတည်ပြုမှုကို ရယူရတာပါ။ လူထုရဲ့ လက်ခံအတည်ပြုမှုကို ရယူရမှာပါ။ အဆင့်တိုင်းမှာ လူထုရှေ့ရောက်အောင် တင်ပြညှိနှိုင်းတာ အတော်ခက်ခဲပါတယ်။

မေး ။ ။ ဒီတိုင်းရင်းသားလူမျိုးရေး ပြဿနာ ပြေလည်ရေးအတွက် အခုလက်ရှိ NLD အစိုးရရဲ့ အားထုတ်မှုတွေအပေါ် ဘယ်လိုသုံးသပ်လိုပါလဲ။

ဖြေ ။ ။ တိုင်းရင်းသားပြဿနာဟာ မြန်မာနိုင်ငံရဲ့ အဓိကအကျဆုံးပြဿနာလို့ ကျနော် အမြဲတမ်း ပြောခဲ့ပါတယ်။ ဒါဟာ လွတ်လပ်ရေး ရခဲ့ကတည်းပါ။ ဒါကို စစ်တပ်က ပိုပြီးဆိုးအောင် လုပ်ခဲ့ပါတယ်။ ဦးနုအရပ်သားအစိုးရကလည်း မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အဖို့ကတော့ ဒီပြဿနာ ပြေလည်အောင် လုပ်ကိုလုပ်ရမှာပါ။ ဒါဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ပြဿနာ ဖြစ်နေရုံတင်မကပါဘူး၊ ပင်လုံသဘောတူညီချက် ရရှိရေးမှာ သူ့ဖခင်ကိုယ်တိုင် အဓိကဦးဆောင်ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကိစ္စကို တကယ်ကိုင်တွယ်လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့လဲ ရလဒ်ထွက်ပေါ်လာတာကို မတွေ့ရသေးပါဘူး။

မေး ။ ။ အဲဒီလို ရလဒ် ထွက်ပေါ်မလာနိုင်တာ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ အရေးကြီးတဲ့အချက်တွေ ရှိပါတယ်။ ဘယ်ဟာက ပိုပြီးတော့ အရေးကြီးတာ မဟုတ်ဘဲ၊ ရေတွက်ရမယ်ဆိုရင်တော့ (၁) စစ်တပ်က ဖော်ထုတ်ပြောဆိုနေတဲ့ သူတို့ရဲ့ အဓိကပန်းတိုင်က အမျိုးသားစည်းလုံးညီညွှတ်ရေး ဖြစ်ပါတယ်။ တိုင်းရင်းသားတချို့ထဲက အဖွဲ့အစည်းတချို့ဟာ အစတုန်းက လွတ်လပ်ရေး တောင်းဆိုခဲ့တယ်။ အခုတော့ လွတ်လပ်ရေး မဟုတ်တော့ဘူး၊ ဖယ်ဒရယ်ပုံစံတမျိုးမျိုး တောင်းဆိုနေကြတယ်။ ဒါပေမဲ့ ဘယ်သူကမှ အဓိပ္ပါယ်မဖွင့်ကြပါဘူး။ ဖယ်ဒရယ်စနစ်ကတော့ သင့်တော်တယ်လို့ ကျနော် ထင်ပါတယ်။ ဘယ်လိုပုံစံဖြစ်မယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဘယ်အတိုင်းအတာအထိ ရယူမယ်ဆိုတာကို သတ်မှတ်ပြောဆိုတာကို မတွေ့ရသေးပါဘူး။ သဘောကွဲလွဲမှုတွေကိုပဲ တွေ့နေရပါတယ်။ ဒီအပေါ်မှာ စစ်တပ်က လွန်စွာသံသယ ရှိနေပါတယ်။

မေး ။ ။ တိုင်းရင်းသားအင်အားစုတွေ ယူဆထားတာကတော့ စစ်တပ်ဟာ သူတို့ကို လက်နက်စွန့်ဖို့သာ အဓိက လိုလားနေတယ်လို့ ပြောနေကြပါတယ်။

ဖြေ ။ ။ စစ်တပ်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်တခုတည်း ရှိရမယ်။ ဒါဟာ ငါတို့ပဲလို့ ဆိုပါတယ်။ ဆိုတော့ မင်းတို့က ငါတို့အထဲကို ဝင်ရမယ်။ လက်နက်ချ၊ ဒါမှမဟုတ် လက်နက်စွန့်၊ ပြီးနောက် ငါတို့နဲ့အတူ ဆွေးနွေးရမယ်လို့ ဆိုပါတယ်။ ဒီလိုပြောနေတာ ငြိမ်းချမ်းရေးလမ်းစ မဟုတ်ဘူးလို့ တိုင်းရင်းသားတွေဘက်က ပြောနေတာ ကျနော် လုံးဝသဘောတူပါတယ်။

မေး ။ ။ ဆိုတော့ တကယ်လုပ်သင့်တာက နိုင်ငံရေးဆွေးနွေးပွဲတွေကို အရင်လုပ်။ သဘောတူညီမှုရမှ လက်နက်စွန့်ဆိုမယ့်သဘောပေါ့။

ဖြေ ။ ။ အဲဒီနောက် လုပ်ရမှာက ဒီတိုင်းရင်းသားအင်အားစုတွေကို တိုင်းပြည်ရဲ့ စစ်တပ်ထဲ ဘယ်လိုပေါင်းစည်းထည့်သွင်းမလဲဆိုတာ ဖြစ်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ကိစ္စပါ။ စိတ်ကောင်းစေတနာကောင်းနဲ့ လုပ်ရင်တော့ အဆင်ပြေနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ပြည်နယ်တခုချင်းဆီမှာ National Guards ဆိုတာ ရှိပါတယ်။ ပြည်ထောင်စုစစ်တပ်က လိုအပ်ရင် သူတို့ကို ဆင့်ခေါ်နိုင်သလို၊ သူတို့ဒေသအတွင်း လုပ်ငန်းတာဝန်တွေလည်း ရှိပါတယ်။ ရေကြီးတာ၊ ငလျင်လှုပ်တာ၊ ဟာရီကိန်းမုန်တိုင်းဝင်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် လုပ်ဆောင်ရပါတယ်။ လက်နက်အင်အား အတော်အသင့်ရှိပြီးတော့ ဒါဟာ ပြည်နယ်အားလုံးစည်းလုံးညီညွှတ်ရေးအတွက် ခြိမ်းခြောက်မှု မရှိစေရပါဘူး။ ဒီပြည်နယ်တပ်ဖွဲ့တွေဟာ ပြည်တွင်းစစ်မတိုင်ခင်ကတည်းက ရှိလာခဲ့တာပါ။ ဒါမျိုး ဖြစ်နိုင်ပါ့မလားဆိုတာ မြန်မာတွေ စဉ်းစားသင့်ပါတယ်။

မေး ။ ။ နောက်တခု ကျနော်မေးချင်တာက တိုင်းရင်းသားပြဿနာနဲ့ တရုတ်ရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားပြဿနာ ပြေလည်ရေးမှာ တရုတ်အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးသလဲ ဖြစ်ပါတယ်။

ဖြေ ။ ။ တရုတ်ကတော့ ငြိမ်းချမ်းနေတဲ့ နယ်စပ်ဒေသတွေ ရှိနေစေချင်ပါတယ်။

မေး ။ ။ နယ်စပ်ဒေသတွေပဲလား။ တနိုင်ငံလုံး ငြိမ်းချမ်းရေး မဟုတ်ဘူးလား။

ဖြေ ။ ။ သေချာပါတယ်။ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်ထွန်းဖို့ တရုတ်က လိုလားပါတယ်။ ဒါပေမဲ့ အမြဲတမ်း သူတို့ ဦးစားပေးနေတာက နယ်စပ်ဒေသပါ။ ပြီးတော့ အဲဒီနယ်စပ်မှာ အမေရိကန်တွေ ရှိနေမှာကိုလည်း သူတို့ မလိုလားပါဘူး။ ဒါဟာ တရုတ်အတွက် သိပ်ပြီးတော့ အရေးကြီးပါတယ်။

မေး ။ ။ ဆိုတော့ တရုတ်က နယ်စပ်ဒေသ ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်စေချင်တယ်ဆိုရင် ဘာဖြစ်လို့ UWSA ဝတပ်ဖွဲ့ကို အဆင့်မြင့်လက်နက်တွေ ထောက်ပံ့နေရတာလဲ။

ဖြေ ။ ။ ဒါက သိပ်မေးသင့်တဲ့ မေးခွန်းပါ။ ဝတွေကို ဟိုတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီက သိမ်းသွင်းခဲ့ပါတယ်။ ပြီးတော့ ဝတို့ဟာ တရုတ်အတွက် အထူးကိစ္စရပ်တရပ်လည်း ဖြစ်ပါတယ်။ နံပတ်တစ် တိုင်းရင်းသားအဖွဲ့တွေထဲမှာ ဝတပ်ဖွဲ့ဟာ အင်အားအကောင်းဆုံး ဖြစ်ပါတယ်။ နံပတ်နှစ် ဝတွေဟာ စီးပွားရေး၊ ယဉ်ကျေးမှု၊ အခြေခံအားဖြင့် ယူနန်နဲ့ ခွဲခြားလို့ မရပါဘူး။ ဆက်နွှယ်မှု၊ ရင်းနှီးမြုပ်နံှမှု၊ ကျောင်းတွေကအစ ဘာသာစကား သင်ကြားပို့ချမှုတွေမှာ တရုတ်ဘာသာစကားကပဲ ဖြစ်ပါတယ်။ သူတို့ဟာ သီးခြားပြည်နယ်လိုချင်ကြတာပါ။ ရှမ်းပြည်နယ်ရဲ့ အစိတ်အပိုင်းလည်း မဖြစ်ချင်ကြပါဘူး။ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းလည်း မဖြစ်ချင်ကြပါဘူး။ နောက်သိထားသင့်တဲ့ အချက်တချက်ကတော့ ဒီနယ်စပ်က လူမျိုးစုတွေဟာ မြန်မာနိုင်ငံထဲက လူဦးရေအတိုင်းပဲ တရုတ်ဘက်မှာ ရှိနေကြပါတယ်။ သူတို့ဟာ နယ်စပ်တဘက်တချက် ဥဒဟို ဝင်ထွက်သွားလာလှုပ်ရှားနေကြတာပါ။

မေး ။ ။ ဆိုရင် တရုတ်က သူတို့ကို ဘာကြောင့် လက်နက်တပ်ဆင်ပေးရသလဲ။

ဖြေ ။ ။ ဝကို တရုတ်လက်နက်တပ်ဆင်တာ ကျနော် မလိုလားပါဘူး။ ဘယ်အဖွဲ့အစည်းကိုမှ တရုတ်က လက်နက်တပ်ဆင်တာကို မလိုလားပါဘူး။ တကယ်တမ်း မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ တာဝန်ရှိတာက မြန်မာပြည်သားတွေ ဖြစ်ပါတယ်။ တရုတ်လည်း မဟုတ်ပါဘူး။ အမေရိကန်လည်း မဟုတ်ပါဘူး။ ခက်တော့ သိပ်ခက်ခဲပါလိမ့်မယ်။ အချိန်ယူရပါလိမ့်မယ်။

မေး ။ ။ တရုတ်က ဒီ ဝတွေကို ကူညီထောက်ပံ့နေတာဟာ မြန်မာအစိုးရအပေါ် အပေးအယူလုပ်၊ ဈေးဆစ်ဖို့ Bargining Chip အနေနဲ့ သုံးတယ်လို့ တချို့က တွက်ကြပါတယ်။ ဟုတ်ပါသလား။

ဖြေ ။ ။ ဘာအတွက် ဈေးဆစ်ရမှာလဲ။

မေး ။ ။ သူတို့ရဲ့ အကျိုးစီးပွား ဘာညာပေါ့။

ဖြေ ။ ။ ဒီအတွက်က မလိုအပ်ဘူး ထင်ပါတယ်။ သူတို့က အကျပ်ကိုင်ဈေးဆစ်စရာ မလိုတော့ပါဘူး။ မြန်မာဘက်က ငွေကြေးအမြောက်အမြား လိုအပ်နေပါတယ်။ တရုတ်က ဒီငွေတွေကို ချေးနိုင်ပါတယ်။ အထူးသဖြင့် တရုတ်ဖွင့်ထားတဲ့ အခြေခံအဆောက်အဦးဘဏ်တွေ ရှိနေပါတယ်။

မေး ။ ။ တဆက်တည်း မေးချင်တာက အမေရိကန်သမ္မတ Donald Trump က Obama လက်ထက်က ထားရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အခု စွန့်လွှတ်လိုက်ပြီလို့ ဆိုရမလား။

ဖြေ ။ ။ Trump အစိုးရက Obama အစိုးရ လုပ်ခဲ့သမျှ တခုမကျန် ဖျက်ဆီးချင်နေတာပါ။

အောင်မြင်မှု မှန်သမျှလည်း ဖျက်မှာပါ။ သူပြောတဲ့မိန့်ခွန်းတွေမှလည်း တွေ့ရပါတယ်။

မေး ။ ။ တရုတ်က မြန်မာနိုင်ငံကို သုံးပြီးတော့ အိန္ဒိသမုဒ္ဒရာကို ကြီးဆိုးလာနိုင်တယ်ဆိုတဲ့ မဟာဗျူဟာ ပြဿနာပေါ့။ ဒါကို Trump အစိုးရက ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား။

ဖြေ ။ ။ တရုတ်က အိန္ဒိယသမုဒ္ဒရာဘက် ထွက်ပေါက်လိုချင်နေတာ ကျနော် နားလည်ပါတယ်။ Trump က ဒါတွေကို မသိပါဘူး။ သူ့အစိုးရအဖွဲ့က ဒါတွေကို သိနားလည်သူတွေ ပြောနေတာကိုလည်း သူနားမထောင်ပါဘူး။ Scot Marciel က သိပ်ကောင်းပါတယ်။ Derek Mitchellကလည်း သိပ်ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဒီကိစ္စအတွက် ရေရှည်မူဝါဒ ချမှတ်တဲ့နေရာမှာ လွှမ်းမိုးမှု လုံးဝမရှိပါဘူး။ ဘာမှမတတ်နိုင်ပါဘူး။ ဒါဟာ ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စပါ။

မေး ။ ။ ပြည်တွင်းကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိနေသမျှ စစ်တပ်က အာဏာချုပ်ကိုင်နေအုံးမှာပဲပေါ့။

ဖြေ ။ ။ စစ်တပ်က အကြောင်းပြနေစရာ မလိုတော့ပါဘူး။ အခုလည်း သူတို့က အာဏာချုပ်ကိုင်ထားတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရအဖို့ အကန့်အသတ်တွေ အဆမတန် ရှိနေတာပါ။ ဒါပေမဲ့ စစ်တပ်ရဲ့ ထိန်းချုပ်မှု ယုတ်လျော့သွားနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မိုက်မိုက်ရူးရူးနဲ့ မဟုတ်တာတခုခု လုပ်မလာရင် - ဥပမာ လွတ်လပ်ရေး ယူတာမျိုး။ နောက်တချက်က မြန်မာလူအဖွဲ့အစည်းအတွင်းမှာ အာဏာတက်လမ်းကို စစ်တပ်ကကြီးပဲ မချုပ်ကိုင်ဘဲ ကျန်တဲ့ပြည်သူတိုင်းရင်းသားတွေအတွက်ပါ လမ်းဖွင့်ပေးနေတာနဲ့အမျှ ပြောင်းလဲလာနိုင်ပါတယ်။ ပိုပြီးတော့ ပွင့်လင်းလာတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့လည်း လိုအပ်ပါတယ်။ အခုလောလောဆယ်မှာတော့ သိပ်မတွေ့ရသေးပါဘူး။

မေး ။ ။ နောက်ဆုံးမေးချင်တာတခုကတော့ တိုင်းရင်းသားလက်နက်ကိုင် ပြဿနာသည် စီးပွားရေးနဲ့သာ ပတ်သက်တယ်။ ဒီဒေသတွေ ဖွံ့ဖြိုးတိုးတက်လာပြီဆိုရင် ဘယ်သူမှ လက်နက်စွန့်ပြီးဆိုရင် ဘယ်သူမှ အသက်စွန့်ပြီး လက်နက်ကိုင် တိုက်တော့မှာ မဟုတ်ဘူးဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဆရာကြီး ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ ဒါပေမဲ့ ဒီလိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ဆုံး ပြင်ရပါလိမ့်မယ်။ ဒေသအာဏာပိုင်တွေ သူတို့ဒေသနဲ့ဆိုင်တဲ့ အခွန်အကောက်တွေကို သုံးစွဲနိုင်ခွင့် ပေးရပါမယ်။ ဒေသဥပဒေပြု လွှတ်တော်တွေကို ပိုပြီးတော့ အာဏာအပ်နှင်းရပါလိမ့်မယ်။ ဥပဒေပြုခွင့်၊ ထိန်းချုပ်ခွင့်တွေ ပေးရပါမယ်။ အဲဒါမှ ဆူပူသောင်းကျန်းမှုတွေ ကျဆင်းသွားပါလိမ့်မယ်။

XS
SM
MD
LG