သုံးရလွယ်ကူစေသည့် Link များ

၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့အခါ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင် မဲပေးခွင့်ရှိတဲ့ သူတွေထဲမှာ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတွေ မဲပေးခွင့်ရှိတယ်လို့ သမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ထောက်ခံမှုတွေအပေါ် အငြင်းပွားမှုတွေ အခုရက်ပိုင်းတွေအတွင်း ဆက်တိုက် ဖြစ်နေပါတယ်။

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူဦးရေ အများဆုံးရှိတဲ့ ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း ကတော့ လွှတ်တော် နဲ့ သမ္မတက ဆုံးဖြတ်ပြီးဖြစ်တဲ့ အတွက် သူ့အနေနဲ့ ဥပဒေအရ အကောင်းဆုံး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းမှာ ယာယီ သက်သေခံလက်မှတ် White Card ကိုင်ဆောင်သူတွေ မဲပေးခွင့် ရှိတယ်လို့ သမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ကို လက်မခံသူ တော်တော်များများ ရှိနေကြတာပါ။ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတွေဟာ နိုင်ငံသားတွေ မဖြစ်သေးတဲ့အတွက် မဲပေးခွင့်တွေ မရှိသင့်ဘူးလို့ အငြင်းပွားမှုတွေ ရှိနေပါတယ်။

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ အများဆုံးရှိတဲ့ ရခိုင်ပြည်နယ် အတွင်းက ရခိုင်လူမျိုး အများစုကလည်း မူဆလင် လူနည်းစုတွေ အနေနဲ့ အခုလို အခွင့်အရေးပေးမဲ့ အခြေအနေကို လက်မခံပဲ ကန့်ကွက်မှုတွေလည်း ရှိနေတာပါ။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း ကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ….

“အခုက ဥပဒေမှာပါတဲ့ အပြင်ကို လွှတ်တော်က အတည်ပြုတာကျတော့ ကျနော်တို့က ပြန်ပြီးတော့မှ ဒါကြီးကို ချေပဖို့ဆိုတဲ့ အနေအထားမှာတော့ နည်းနည်းတော့ ခက်တာပေါ့နော်။ အဲဒီတော့ ကျနော်တို့ကတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် တယောက်အနေနဲ့ ပြောရရင်တော့ ကျနော့်ရဲ့ ရခိုင်ပြည်နယ်က ရခိုင်ပြည်သူ ပြည်သားတွေကလည်း ဒါနဲ့ပတ်သက်လို့ စိတ်ထဲမှာတော့ ခံစားမှုရှိတယ်ဆိုတာကို သိရတဲ့အတွက် ကျနော့်အနေနဲ့ကတော့ အဆင်ပြေအောင်ပဲ ကျနော်ကတော့ လုပ်သွားရမယ့် သဘောမျိုးတော့ ရှိတာပေါ့နော်။ ကျနော်ကလည်း တဖက်ကလည်း ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်သလို၊ တဖက်ကလည်း ဒါကကျနော့်ရဲ့ ရခိုင်တိုင်းရင်းသားများရဲ့ အမျိုးသားရေးကိစ္စနဲ့ ဆက်စပ်တာဖြစ်တဲ့အတွက် ကျနော်ကတော့ သမာသမတ် ကျကျနဲ့ပဲ ဥပဒေဘောင် အတွင်းကနေ ရပ်တည်ပြီးတော့မှ ဒီကိစ္စကို ကျနော်တို့က အကောင်းဆုံးဖြစ်အောင် ကျော်လွှားနိုင်အောင်တော့ ကျနော် ဆောင်ရွက်ရမှာပေါ့။”

အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများမှာ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတွေ အနေနဲ့ မဲပေးခွင့် မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တချို့က ပြောပါတယ်။ မြန်မာ့အရေး လေ့လာအကဲဖြတ် ဦးဘိုဘိုကျော်ငြိမ်း ကတော့ အခုလို ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ရှိတယ်လို့ ပြည်ထောင်စု အစိုးရနဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခုလို ဝေဖန်လိုက်ပါတယ်။

“ဦးကတော့ ဒါကိုဆန့်ကျင်တယ်၊ ရှင်းရှင်းပြောရင် ဘယ်သူပဲ ထောက်ခံထောက်ခံ။ ရှင်းရှင်းပြောရရင်တော့ ဒီဟာက ဘာလဲဆိုတော့ ဘယ်နိုင်ငံမှာမဆို Any form of temporary ပေါ့၊ ဘယ်နိုင်ငံမှာမဆို ယာယီဖြစ်နေတဲ့လူသည် ဘယ်တော့မှ၊ ကွာခြားချက်က တိုင်းရင်းသားနဲ့ နိုင်ငံသားနဲ့ ကွာတာက အဲဒါပဲ။ နိုင်ငံရေး ဖိအားပေးမှုကြောင့်လို့ပဲ ဦးကယူဆတယ်။ ဦးကတော့ ဘာအကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ် လုံးဝသဘောမတူဘူး။ အဲဒီအတွက် ကျမ်းကျိန်တာ မရှိသေးတဲ့လူကို သူတို့က ယာယီပဲ သဘောထားတယ်။ သစ္စာခံလို့ သဘောမထားဘူး။ တိုင်းပြည်အပေါ် သစ္စာမခံပဲနဲ့ ဘယ်သူ့မှာမှ မဲပေးပိုင်ခွင့် မရှိဘူး။”

ပြည်တွင်းမှာ မူဆလင် အများစုနဲ့ စုဖွဲ့ထားတဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ ပြောခွင့်ရှိသူ ဦးစလင်း ကတော့ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေ မဲပေးခွင့် ရှိတယ်လို့ အစိုးရနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ်မှာ ကြိုဆိုတယ်လို့ ပြောပါတယ်။

“အဲဒါဆိုရင် ဟိုဥစ္စာ ၂ ရက်နေ့က ဆုံးဖြတ်ခဲ့တဲ့ Referendum draft law နဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ တော်တော်ကို တရားမျှတတယ်လို့ ကျနော်ထင်ပါတယ်။”

ဖေဖော်ဝါရီလ ၂ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေ အတွင်းမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းလို့ အမည်ပေးထားတဲ့ ဒီဥပဒေကြမ်းကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြတာပါ။ အဲဒီ ဥပဒေကြမ်းထဲက အချက်တချက်ဖြစ်တဲ့ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေ မဲပေးခွင့်ရှိတယ်လို့ လွှတ်တော်က ဆုံးဖြတ်ချက်ကို ကန့်ကွက်နေကြတာလည်း ဖြစ်ပါတယ်။

သမ္မတရဲ့ သဘောထားမှတ်ချက် အပါအဝင်၊ ပြည်ထောင်စု လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်အရ White Card ကိုင်ဆောင်သူတွေ မဲပေးခွင့်ရှိတယ်ဆိုတဲ့ အချက်ဟာ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောပါတယ်။

“ကျနော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မညီဘူးဗျ။ ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံသား မဟုတ်တဲ့ လူတွေကို နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပိုင်ခွင့် ပေးမထားဘူး။ အဲဒီတခုတည်းနဲ့ကို နိုင်ငံသား မဟုတ်တဲ့သူကို မဲပေးခွင့် ပြုတယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တကယ့်ကို ပြဿနာ ဖြစ်သွားပြီ။"

မေး။ ။ ဆရာ့အနေနဲ့ ဒီအချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တယ်လို့ ပြောဆိုလာတဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အခြေခံဥပဒေ ခုံရုံးမှာ အဆုံးအဖြတ်ခံဖို့ တင်ပြတာတွေ ရှိတယ်လို့လည်း ကြားပါတယ်။ အဲဒါရော အခြေအနေ ဘယ်လိုရှိလဲခင်ဗျ။

ဖြေ။ ။ “အဲဒါလည်း အခုလုပ်နေတယ်ခင်ဗျ။ ကျနော်တို့ မိတ်ဆွေတွေ၊ ကျနော်တို့ဘက်က ပါတီဘက်က လူတွေကလေ လက်မှတ်တွေ စုဖို့အတွက်ရယ် ဆွေးနွေးနေကြပါတယ်။ ကျနော်တို့ ၂၃ ယောက် ရရင်ပြီးပါပြီ။ ရမှာပါ၊ NLD ဖက်ကလည်း ထိုးမှာပါ။ ကျနော်တို့ PR တုန်းကလည်း ထိုးပေးခဲ့တယ်လေ။ ဦးအောင်ကြည်ညွန့်တို့၊ ဘာတို့ညာတို့ အများကြီးပါ၊ အမျိုးသားလွှတ်တော်ဖက်ကလေ။ ကျနော်တို့ ဒီဖက်က တိုင်းရင်းသား ပါတီတွေကို တော်တော် အားကိုးပါတယ်။”

ရခိုင်ပြည်နယ် အစိုးရဘက်ကတော့ အခုလို white card ကိုင်ဆောင်သူတွေ မဲပေးခွင့်ရှိတယ်လို့ ဆုံးဖြတ်ချက် ရှိပေမဲ့ သူတို့အနေနဲ့ ရခိုင်ပြည်နယ်တွင်းက မူဆလင် လူနည်းစုတွေ နိုင်ငံသားတွေ ဖြစ်လာဖို့ကတော့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ပဲ ဆုံးဖြတ်မှာ ဖြစ်တဲ့အကြောင်း ဗွီအိုအေကို ပြောဆိုပါတယ်။

တဆက်တည်းမှာပဲ - ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကြောင့် ယာယီနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရရုံသာမက၊ အထွေထွေ ရွေးကောက်ပွဲတွေမှာပါ မဲပေးခွင့်ရဖို့ လမ်းပွင့်သွားစေခဲ့တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

မဲပေးခွင့်နဲ့ပတ်သက်လို့ အစိုးရရော လွှတ်တော်မှာ ဒီအယူအဆ ဒီမူဝါဒ ရှိနေတဲ့အတွက်ဖြစ်တယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် (စစ်တွေ) က ပြောပါတယ်။ ဦးသန်းမောင် (စစ်တွေ) ကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါ။

လက်ရှိ တည်ဆဲဥပဒေတွေအရ ယာယီနိုင်ငံသားလက်မှတ် ကိုင်ဆောင်သူတွေအနေနဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရနေတာကြောင့် လွှတ်တော်မှာ တိုင်းရင်းသားပါတီအချို့က ကန့်ကွက်တင်ပြမှုတွေ ရှိနေချိန်မှာပဲ အခုလို ဆန္ဒခံယူပွဲဥပဒေကြမ်းထဲမှာ ယာယီနိုင်ငံသားလက်မှတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့် လွှတ်တော်က အတည်ပြုလိုက်တာကြောင့် ရခိုင်တိုင်းရင်းသားတွေ အပါအ၀င် တိုင်းရင်းသားအချို့က လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအရ ယာယီနိုင်ငံသားလက်မှတ် ကိုင်ဆောင်သူတွေဟာ ၁၅ သိန်းရှိပြီး၊ အဲဒီအထဲ ၁၀ သိန်းကျော်ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ရှိတယ်လို့ သိရတာပါ။ အခုလို ဆန္ဒခံယူပွဲမှာ ယာယီ နိုင်ငံသားတွေ မဲပေးခွင့်ပြုလိုက်တာကြောင့် ရွေးကောက်ပွဲမှာပါ သူတို့ မဲပေးခွင့်ရဖို့ အလားအလာ ရှိသွားတယ်လို့ တရားလွှတ်တော်ရှေ့နေ့ ဦးသန်းမောင် (စစ်တွေ) က ယူဆပါတယ်။

“ဆန္ဒခံယူပွဲအတွက်ပါပဲ။ ဒါပေမဲ့ ဒီဟာက ရွေးကောက်ပွဲဥပဒေရဲ့ ရှေ့ပြေးလို့ ပြောလို့ရတယ်။ သဘောကတော့ဗျာ အခြေခံဥပဒေမှာ အရေးကြီးတဲ့ ပုဒ်မတွေကို ပြောင်းမယ်ဆိုရင် နိုင်ငံသား မဲဆန္ဒရှင်တွေရဲ့ ၇၅ ရာခိုင်နှုန်းတို့၊ ၅၀ ရာခိုင်နှုန်းကျော်တို့ ဘာတို့ အဲ့လို ခက်ခဲတဲ့ ပုဒ်မတွေကို ပြောင်းဖို့လုပ်တာ။ ဆိုလိုတဲ့သဘောကတော့ အခြေခံဥပဒေကိုတောင် ပြောင်းနိုင်တဲ့ ဆန္ဒခံယူပွဲအတွက်ကို ခွင့်ပြုတယ်ဆိုရင် သာမန်အမတ်တွေကို ရွေးတယ်တို့၊ လွှတ်တော်တဲ့ အမတ်တွေကို ရွေးတာမှာတော့ သေချာပေါက် ဒီဟာသည် white card ကို ခွင့်ပြုတော့မယ်ဆိုတဲ့သဘော၊ မီးစိမ်းပြလိုက်တဲ့ သဘောပါပဲခင်ဗျ။”

မေး။ ။ ဘာကြောင့်ပါလဲခင်ဗျ။ ဘာကြောင့် သေချာသလောက်ဖြစ်သွားပြီလဲ။

ဖြေ။ ။ “ဟို politically sensitive ဖြစ်တဲ့ အရေးပါတဲ့ ပုဒ်မတွေကို ပြောင်းမယ်ဆိုရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအဆင့်ထိ လုပ်ရတယ်။ ဒီ့ထက် အရေးသိပ်မကြီးတဲ့ ဒီ့ထက် ပိုပြီးတော့ ဥပဒေမှာဆိုရင်ပေါ့လေ နိမ့်တဲ့ ရွေးကောက်ပွဲဥပဒေမှာလည်း ဒီ white card ကို မဲပေးခွင့်ပေးဖို့ဆိုတာ သေချာသလောက် ဖြစ်သွားတယ်လို့ ကျနော် တွေးတယ်ပေါ့နော်။”

မေး။ ။ နောက်ထပ် ကျနော်တခုသိချင်တာက လက်ရှိ တည်ဆဲ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲမှာကော ဒီယာယီနိုင်ငံသားတွေထဲမှာရော မဲပေးခွင့် ပေးထားလား။

ဖြေ။ ။ “ဒီဥပဒေက အရင်ရှိတယ်ပဲပြောပြော၊ မရှိဘူးပဲပြောပြော ဒါကို white card တွေကို မဲဆန္ဒမပေးသင့်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်မှာပါ အားလုံး တော်တော်များများ တိုင်းရင်းသားပါတီတွေပေါ့နော် ရခိုင်ပါတီတွေ ဦးဆောင်ပြီးတော့တော့ အခု တင်နေတယ်ပေါ့။ ၂၀၁၀ တုန်းက white card ကို မဲပေးခွင့် ပေးခဲ့တယ်ဗျာ။ အဲ့ဒါကို မကြိုက်လို့ အခု ပြည်ထောင်စုလွှတ်တော်မှာ တောက်လျှောက် ဆန့်ကျင်ကန့်ကွက် နေခဲ့ကြတုန်းမှာ အခု ၂၀၁၅ ဆိုတဲ့ တာဝင်ခါနီးကျတော့မှ ဒီပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေမှာ white card ကို မဲပေးခွင့် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တာဆိုတော့ ဥပဒေတော့ မထွက်သေးဘူး။ ဒါပေမဲ့ အတော်တော်များများက အမြင်ကတော့ ရှင်းသွားပြီ။ ဒီ white card တွေကို မဲပေးခွင့်ပေးတော့မယ်ဆိုတာ။”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အချေအတင် ဆွေးနွေးခဲ့ကြရတာပါ။ ရခိုင်လွှတ်တော်အမတ်တွေက အဲဒီထဲပါတဲ့ ယာယီနိုင်ငံသားတွေ မဲပေးခွင့်ကို ကန့်ကွက်ခဲ့သလို၊ လွှတ်တော်ထဲမှာရှိတဲ့ မူဆလင် လွှတ်တော်အမတ်တွေနဲ့ ၀ နဲ့ မိုင်းလားဒေသ လွှတ်တော်အမတ်တွေကတော့ ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။ မဲခွဲရာမှာတော့ ယာယီနိုင်ငံသားတွေ မဲပေးခွင့်ရှိတယ်ဆိုတဲ့ အချက်က အနိုင်ရခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG