သမ္မတထရမ့် မိန့်ခွန်း မပြောခင် အိမ်ဖြူတော်ရှေ့ ဆန္ဒပြသူတွေကို ကြိုတင်ရှင်းလင်း
မြို့တော်ဝါရှင်တန်ဒီစီမှာ ရှိတဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော် အရှေ့က Lafayette ပန်းခြံမှာ ဆန္ဒပြသူတွေကို ရဲတွေ အင်အားသုံး ရှင်းလင်းတဲ့ ဗီဒီယိုပါ။ တချို့နေရာတွေမှာ အကြမ်းဖက်ဆန္ဒပြမှုတချို့ ရှိနေပြီး ဆဲရေးတိုင်းထွာတာ၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာမျိုးတွေ ရှိနိုင်တယ်ဆိုတာ ကြိုတင်သတိပေးပါတယ်။ ဒေသစံတော်ချိန် ဇွန်လ ၁ ရက်နေ့ တနင်္လာနေ့ ညနေပိုင်း ၆ နာရီလောက်က သမ္မတထရမ့် မိန့်ခွန်း မပြောခင်၊ သမ္မတကိုယ်တိုင် အိမ်ဖြူတော်ဝင်း အတွင်းက အပြင်ဘက်ကို ထွက်လာပြီး Lafayette ပန်းခြံရှေ့က St. John စိန့်ဂျွန်းဘုရားကျောင်း မှာ ဓာတ်ပုံမရိုက်ခင် အခုလို ဆန္ဒပြသူတွေကိုကြိုတင်ရှင်းလင်းထားခဲ့တာပါ။ ဇွန်လ ၁ ရက်နေ့၊ ဝါရှင်တန် ဒီစီမှာ ညမထွက်ရ အမိန့်ဟာ ည ၇ နာရီလောက်ကတည်း စပြီး သက်ရောက်ပေမဲ့လည်း မြို့ထဲမှာ ဆန္ဒပြသူအမြောက်အမြား ဟာ အခု ည ၁၀ နာရီ ကျော်တဲ့အထိ ဆက်လက် လှည့်လည် ဆန္ဒပြနေတုန်းပါ။ ဒေသစံတော်ချိန် ည ၁၁ လောက်မှာတော့ လူစုကွဲသွားကြပါတယ်။ မြို့တော် တခွင် နဲ့ အရေးကြီးတဲ့ ရုံးအဆောက်အအုံတွေ နားမှာ ရဲနဲ့ ပြည်နယ်လုံခြုံရေး အစောင့်အတပ် အများအပြား ချထားစောင့်ကြပ်နေပြီး တော့ စစ်တပ် ရဟတ်ယာဉ် နဲ့လည်း ကောင်းကင်မှာ လှည့်နေတဲ့အတွက် အရင်နေ့တွေကလိုတော့ မီးရှို့၊ ဖျက်ဆီးတာတွေ မတွေ့ရပါဘူး။ ည ၇ နာရီကနေ မနက် ၆ နာရီ အထိ မထွက်ရအမိန့်ဟာ မရှိမဖြစ် လိုအပ်တဲ့ လုပ်သားတွေ ဖြစ်တဲ့ ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေ နဲ့ သတင်းမီဒီယာသမားတွေအတွက် သူတို့ အလုပ်အသွားအပြန် နဲ့ အလုပ်လုပ်နေချိန်အတွက်တော့ ကင်းလွတ်ခွင့်ရမှာပါ။ နောက်ပြီး ဇွန်လ ၂ ရက်နေ့ဟာ မြို့တော် ဝါရှင်တန်ဒီစီ အတွက် မြို့ကောင်စီ ရွေးကောက်ပွဲ၊ ဒီမိုကရက်တစ်ပါတီတွင်း ရွေးကောက်ပွဲတွေ ကျင်းပတဲ့ ရက်ဖြစ်တဲ့အတွက်လည်း ရွေးကောက်ပွဲ တာဝန်ရှိသူတွေ၊ စေတနာဝန်ထမ်းတွေ နဲ့ မဲပေးဖို့သွားတဲ့ မဲဆန္ဒရှင်တွေလည်း သူတို့ တာဝန်သူတို့ ထမ်းဆောင်နေတယ်ဆိုရင် ကင်းလွတ်ခွင့်ရမယ်လို့ ဒီစီ မြို့တော်ဝန် Mureil Bowser က ထုတ်ပြန်ထားပါတယ်။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၂ ဒီဇင်ဘာ၊ ၂၀၂၄
နှစ် ၂၀ ပြည့် ဆူနာမီဘေး အမှတ်တရ ဇာတ်လမ်းတွဲ
-
၁၂ ဒီဇင်ဘာ၊ ၂၀၂၄
ဆိုရှယ်မီဒီယာ လူကြည့်များသတင်းတို
-
၁၁ ဒီဇင်ဘာ၊ ၂၀၂၄
အရှေ့အလယ်ပိုင်းမှာ ရုရှားရဲ့ မဟာမိတ်ဆုံးရှုံးမှု
-
၀၉ ဒီဇင်ဘာ၊ ၂၀၂၄
ဆီးရီးယားအစိုးရ ပြုတ်ကျသွားပြီးနောက် ပြည်သူတွေ ပျော်ရွှင်
-
၀၉ ဒီဇင်ဘာ၊ ၂၀၂၄
ဆီးရီးယား အနာဂါတ် လူထုစီမံနိုင်ဟု သမ္မတဘိုင်ဒန် ပြောဆို
-
၀၅ ဒီဇင်ဘာ၊ ၂၀၂၄
ဟားမတ်စ်ဖမ်းဆီးခံ ဓါးစာခံအရေး အစ္စရေးလူထု စိုးရိမ်