သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WHO ဝန်ထမ်း ပစ်သတ်ခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီ အလုပ်ဖြစ်ပါ့မလား


သတင်းဓာတ်ပုံ - Myanmar President Office
သတင်းဓာတ်ပုံ - Myanmar President Office

(Zawgyi/Unicode)

ရခိုင်မြောက်ပိုင်းက မင်းပြားမြို့နယ်မှာ WHO ကားပစ်ခတ်ခံရပြီး ဝန်ထမ်းတဦး သေဆုံးသွားတာနဲ့ ပတ်သတ်ပြီး အစိုးရက စုံစမ်းရေးအဖွဲ့ ဖွဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေတဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။

ရခိုင်မြောက်ပိုင်းက မင်းပြားမြို့နယ်မှာ WHO ကားပစ်ခတ်ခံရပြီး ဝန်ထမ်းတဦး သေဆုံးသွားတာနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ သမ္မတရုံးက စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို ဖွဲ့စည်းလိုက်တယ်လို့ သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

အခုဖွဲ့လိုက်တဲ့ ကော်မတီထဲမှာ (ပြည်သူ့လွှတ်တော်ရဲ့ နိုင်ငံသားများ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကတော့ ဒီကော်မတီထဲမှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသလို နိုင်ငံတော်သမ္မတရုံးမှာတွဲဖက် တာဝန်ယူထား တဲ့ ဗိုလ်မှူးကြီးထိန်လင်းကတော့ အတွင်းရေးမှူးအဖြစ်တာဝန်ယူထားပြီး ကမ္ဘာ့ကုလသမဂ္ဂအကြီးတန်း အကြံပေးပုဂ္ဂိုလ် (အငြိမ်းစား) ဒေါက်တာစုစုသာထွန်းနဲ့ လူကယ်ပြန်ညွန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်တို့ကတော့ ဒီကော်မတီထဲမှာ အဖွဲ့ဝင် အဖြစ်တာဝန်ယူထားကြတာလည်းဖြစ်ပါတယ်။

မင်းပြားမြို့နယ်မှာ WHO ယာဉ်ပစ်ခတ်ခံရတာဟာ AA အဖွဲ့က ပစ်တာဖြစ်တယ်လို့ တပ်မတော် ကပြောဆိုထားသလို အစိုးရကလည်း ထုတ်ပြန်ထားတာဖြစ်ပြီးမှ အခုအချိန်မှာ စုံစမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့ရ တာဟာ WHO ရဲ့ တောင်းဆိုချက် ကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

"စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရတဲ့ အဓိက အကြောင်းအရင်းက WHO က သူတို့ သေချာတောင်းဆိုထားလို့ တောင်းဆိုလို့ဒီဟာနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေး လုပ်ပေးပါဆိုပြီးတော့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တခုက တောင်းဆိုတဲ့ အခါကျတော့ အစိုးရက လုပ်ပေးရတဲ့ဘ သဘောပါ။

နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီနဲ့ ပတ်သတ်ပြီး ပြည်သူလုထု တွေကြားထဲမှာ ဖြစ်စဉ်မှန်ကို ဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ရှိနေကြပေမယ့် ဒီစုံစမ်းမှုကနေ ရလဒ်ကောင်းတွေ ထွက်လာနိုင်တယ်လို့ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

"အစိုးရကတော့ ကော်မတီရဲ့ ခေါင်းဆောင်ပေါ့နော် ... ဒါကို ဖွဲ့ပေးလိုက်တာ သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာလည်း ထည့်ပေး ထားတယ်လေ။ အကုန်လုံး တပ်တွေရော ရဲတွေရော အဲဒီမှာ ဖြစ်ပျက်ခဲ့တဲ့ ဒေသခံတွေရော မေးမြန်းစုံစမ်းပြီး တင်မယ်ဆိုတော့ ဒါကဘက်မလိုက်တဲ့ဟာထွက်လာဖို့တော့ များပါတယ် ဘာဖြစ်လို့လည်း ဆိုတော့အရင်တုန်းက အစီရင်ခံစာတစ်ခုရှိခဲ့တယ်လေ နောက်ဆုံးမှာ ဒါနဲ့ ပတ်သတ်ပြီးတော့လဲ ဝေဖန်ခဲ့ကြတာပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ တကယ့်ကို သမာသမကျတဲ့ အစီခံစာထွက်လာတာပဲ အခုလည်း ဒီသဘောပဲ ဖြစ်မှာပဲ။"

အခုဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီဟာ အစိုးရက ဖွဲ့ပေးလိုက်တဲ့ ကော်မတီဖြစ်တာကြောင့် ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မှန်ကန်တဲ့ ရလဒ်ထွက်လာမှာ မဟုတ်ဘူးလို့ ရခိုင့်ဦးဆောင်ပါတီက ပြောခွင့် ရဦးကျော်ဇော်ဦးက ပြောပါတယ်။

"ဖြစ်စဉ်မှန်ကို ဖော်ထုတ်နိုင်မယ်လို့တော့ မယူဆဘူးဗျာ။ မယူဆဘူးဆိုတာက စကတည်းက သူက အစိုးရက ဖွဲ့ထားတာ။ အစိုးရက မကြာသေးခင်ကပဲ ဘာပြောထားလဲဆိုတော့ တပ်မတော်ကို ချီးကျူးပါတယ်လို့ ပြောထားတယ်။ ဆိုတော့ တိုက်ပွဲနေမြေမှာ အငြင်းပွားနေတဲ့ဟာက တပ်မတော်ရှိမယ် ပြီးတော့ သူနဲ့ တိုက်နေတဲ့ AA ရှိမယ်။ ဆိုတော့ အဲဒီမှာ တပ်မတော်ကို ကာကွယ်ပြီးတော့ တခြားတဖွဲ့ကိုများ သို့တည်းမဟုတ် လူပုဂ္ဂိုလ်တစ်ယောက်ယောက် အဖွဲ့တခုခုကိုများ အပြစ်ပုံချမလားဆိုပြီး ဘက်လိုက်နိုင်တယ်ဆိုတာက သိသာ နေပြီးသား။ အဲတာကြောင့် ကျနော်တို့ကတော့ မှန်ကန်တဲ့ ရလဒ်ထွက်လာမယ်လို့ မထင်ဘူး။"

ဓာတ်ခွဲခန်းနမူနာတွေ သယ်ဆောင်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကားဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက် နေ့က ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရာမောင်တံတားအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် WHO ဝန်ထမ်း တဦး သေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG