တနင်္ဂနွေနေ့ည သန်းခေါင်ကျော်ချိန်က ပဲခူးရိုးမထဲမှာ ပြင်းအား ၄.၇ ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့ပြီး ၁၂ ရက်နေ့က ပြင်းအား ၆.၀ ရှိတဲ့ငလျင် လှုပ်ပြီးကတည်းကဆိုရင် အဲဒီပတ်ဝန်းကျင်မှာ ပြင်းအား ၄.၀ နဲ့အထက် နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်တာ ၉ ကြိမ်ရှိသွားပြီး မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
တနင်္ဂနွေနေ့မနက် ၆ နာရီလောက်တုန်းကလည်း ကမ္ဘာအေးမြေငလျင်စခန်းရဲ့မြောက်ဘက် ၁၅၀ မိုင်ခန့်အကွာ ဖြူးမြို့ရဲ့ အနောက်တောင်ဘက် ၂၅ မိုင်လောက်အကွာကို ဗဟိုပြုပြီး ပြင်းအား ၄.၅ ရှိတဲ့ ငလျင်တခုလှုပ်သွားတ်ယလို့ မိုးလေဝနဲ့ ဇလဗေဗ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
စနေနေ့ည ၈ နာရီကျော်တုန်းကလည်း ဖြူးမြို့အနောက်တောင်ဘက် ၁၆ မိုင်လောက်အကွာ်ကို ဗဟိုပြုပြီး ပြင်းအား ၄.၃ ရှိတဲ့ ငလျင်တခု လှုပ်ပါသေးတယ်။ စနေနေ့လယ်ပိုင်းတုန်းကတော့ ရန်ကုန်၊ ထန်းတပင်မြို့နားကို ဗဟိုပြုပြီး ပြင်းအား ၃.၉ ရှိတဲ့ ငလျင်လှုပ်သွားပြီး ရန်ကုန်ဒေသခံတွေ အသေအချာ သိလိုက်ကြရပါတယ်။
သောကြာနေ့မနက် အစောပိုင်းကစပြီး ၄၈ နာရီအတွင်း နိုင်ငံတ၀န်း ငလျင်ငယ်အတော်များများ လှုပ်ခတ်တာဟာ ဖြူးမြို့ အနောက်တောင်ဘက် ပဲခူးရိုးမမှာလှုပ်ခဲ့တဲ့ ပြင်းအား ၆ ငလျင်ရဲ့ နောက်ဆက်တွဲငလျင်တွေလို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ က ဘူမိဗေဒပညာရှင်တွေက ယူဆတဲ့အကြောင်း ကော်မတီရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
အခုလို ငလျင်ငယ်တွေ ဖြစ်ရတာဟာ မြေထုချပ်တွေ ပိုပြီး လှုပ်ရှားလာတာကြောင့် ဖြစ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။