သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရားမ၀င် လိုင်မဲ့ကားတွေ မြန်မာအစိုးရ အရေးယူမည်


မြန်မာပြည်တွင်းတရားမဝင်လိုင်စင်မဲ့ တင်သွင်းလာတဲ့ မော်တော်ယာဉ်စင်းရေ အဆမတန်တိုးလာပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုထိခိုက်လာနိုင်တာကြောင့် ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး စီမံချက်နဲ့ အရေးယူတော့မှာဖြစ်တယ်လို့ တိုင်းနဲ့ ပြည်နယ်အလိုက် စီမံခန့်ခွဲမှုကော်မတီတွေကနေ တရားဝင်စာထုတ်ပြန်ထားပါတယ်။ ဒီလိုအရေးယူမယ့်အခြေအနေကြောင့် လိုင်စင်မဲ့ယာဉ်တွေ အသုံးပြုနေကြတဲ့ ပရဟိတလူမှုရေးအသင်းအဖွဲ့တွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပရဟိတအကျိုးဆောင်တွေကပြောပါတယ်။ VOA အလုပ်သင်သတင်းထောက် စိုင်းပြည့်သူက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အားနည်းချက်တွေကြောင့် အခုလိုလိုင်စင်မဲ့ မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေများပြားလာပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာနိုင်တာကြောင့်သက်ဆိုင်ရာအဖွဲ့များပေါင်းပြီး စီမံချက်တခုအနေနဲ့ ဖမ်းဆီးအရေးယူမယ်လို့ စကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီကနေ ဇွန်လ၂၁ရက်နေ တရားဝင်စာထုတ်ပြန်ထားသလို အခြားပြည်နယ်တိုင်းတွေမှာလည်း သက်ဆိုင်ရာဌါနများကို တရားဝင်စာထုတ်ထားတာတွေ့ရတယ်လို့ ပရဟိတအသင်းတာဝန်ခံတွေကပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာတရားမဝင်လိုင်စင်မဲ့ယာဉ်တွေကို ဥပဒေအရ စီစစ်အရေးယူနေတာကြောင့် လိုင်စင်မဲ့ယာဉ်တွေ အသုံးပြုနေရတဲ့ ပရဟိတ လူမှုကူညီရေးအဖွဲ့အစည်းတွေအတွက် အဓိကရင်ဆိုင်နေရတဲ့အခက်အခဲတစ်ခုဖြစ်လာတယ်လို့ ပခုက္ကူမြို့က”ပုံညမုဒိတာ”ပရဟိတအသင်းရဲ့အတွင်းရေးမှူးကိုမင်းမင်းက VOA ကိုပြောပါတယ်။

“အဲစာပို့တာရှိတယ်တိုင်းဒေသကြီးအစိုးရအနေနဲ့ရှိတယ်၊လိုင်စင်မဲ့ဖမ်းမယ်ပေါ့ဗျာသံဃာတော်တွေကားတွေရယ်နောက်ဒီ လူထု အဖွဲ့အစည်းတွေရဲ့ကားတွေ လိုင်စင်မရှိရင် ဖမ်းဆီးမယ်အခုတော့ ပညာပေးကာလပေါ့နော်။ ဒီ (၇) လပိုင်း ၁၁ရက်နေ့ ဒီတရားဝင်။ ဒါဖမ်းမယ်ပြီးရင် သိမ်းမယ်ပေါ့။ အဲ့ဒီလိုမျိုးပြောတာ။ ဖမ်းတာဆီးတာက အရပ်သားတွေဆို ဖမ်းတယ်။ အဖွဲ့အစည်းကားတွေတော့ သတိပေးတာပေါ့၊ ပညာပေးကာလ ဆိုပြီးတော့လေ။”

ပရဟိတအမည်ခံပြီး ကိုယ်ကျိုးအတွက် မတော်လောဘနဲ့ လိုင်စင်မဲ့ယာဉ်တွေအသုံးပြုတဲ့ မသမာသူ လူတချို့ ရဲ့ လုပ်ရပ်တွေကြောင့် နံမည်ပျက်ရတယ် လို့လည်း ကိုမင်းမင်းက ပြောပါတယ်။

“စစ်ဆေးမှုတွေတောက်လျှောက်လုပ်၊အဲ့ဒါစစ်ဆေးမှုကိုလက်ခံနိုင်တယ်ဘယ်နေရာမှာမသင်္ကာလို့စစ်တယ်လက်ခံနိုင်တယ်ဒါပေမယ့်ဒီလိုင်စင်မရှိလို့ဆိုပြီးလူရောကားရောဒုက္ခရောက်မဲ့အနေအထားမျိုးတော့မဖြစ်စေချင်ဘူးပေါ့စစ်ပါဒီဥစ္စာတွေကလည်းအတုအရောင်တွေကလည်းပေါ်ထွက်လာတာတွေတွေ့တော့လေ။အဲ့ဒါတွေဒေသအချင်းချင်းနဲ့ဒီအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်မှုလေးနဲ့တကယ်ကိုမသင်္ကာဖွယ်ရာရှိနေတဲ့အဖွဲ့အစည်းဆိုကျနော်တို့အရပ်ဖက်အဖွဲ့အစည်းတွေကိုတိုင်တိုင်ကြားပြီးတော့လေအဲ့ဒါတွေလည်းပပျောက်စေချင်တာပေါ့၊အဲ့ဒါလည်းအမှန်ပါ။ ”

အလားတူဘဲ (၇) နှစ်ကြာရပ်တည်လာခဲ့တဲ့ ရွှေဘိုခရိုင်ပရဟိတ အသင်းချုပ်ကို ဆက်သွယ်မေးမြန်းခဲ့ရာပြန်ကြားရေးတာဝန်ခံ ကိုဝင်းက ဒီအခက်အခဲတွေကြောင့် ပရဟိတလူမှုရေးလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ အခုလိုပြောပါတယ်။

“အစိုးရကလည်းသူတို့အကြောင်းရှိတဲ့အတွက်ကြောင့် သူ့ဟာသူတွေးပြီးတော့ သက်ဆိုင်ရာအထူးသဖြင့်မုံရွာ၊ပခုက္ကူကြောငြာချက်စာရွတ်စာတန်းတွေကိုတွေ့ရတယ်တွေ့ရတဲ့အခါကျတော့ကျနော်တို့အဖွဲ့အစည်းတွေကိုအဲ့လိုဖမ်းဆီးခံရမှာစိုးလို့ ဒီလိုပဲနားလိုက်တာပဲ။“

ရန်ကုန်တိုင်းဒေသကြီးရှိလူမှုအဖွဲ့အစည်းပေါင်း၁၈၀ကျော်ရှိတဲ့အထဲမှာတရားဝင်အသင်းမှတ်ပုံတင်မရှိတဲ့အသင်းများရှိနေသလိုသူတို့အသုံးပြုနေတဲ့ယာဉ်အများစုဟာလိုင်စင်မဲ့တွေဖြစ်တဲ့အတွက်တရားဝင်ကားလိုင်စင်ရရှိရေးကိုပရဟိတအဖွဲ့တွေစုစည်းပြီးရန်ကုန်တိုင်းဒေသကြီိးအစိုးရအဖွဲ့နဲ့ပြည်ထောင်စုအဆင့်ထိစုပေါင်းတင်ပြသွားမယ်လို့ဇွန်လ၃၀ရက်နေ့ကကျင်းပတဲ့အစည်းအဝေးမှာကမကထပြုသူတွေပြောဆိုထားပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG