သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဝန်ထမ်းတွေ ဘာကြောင့် CDM ဆက်လုပ်နေကြတာလဲ


ဓာတ်ပုံ - ရိုက်တာ
ဓာတ်ပုံ - ရိုက်တာ

(Zawgyi/Unicode)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ကျောင်းဆရာဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေ သိန်းနဲ့ချီ ရှိပါတယ်။ ဒီအထဲမှာ အမျိုးသမီး ပညာရေးဝန်ထမ်းတွေ အများအပြား ပါဝင်ပါတယ်။ CDM လုပ်တဲ့ ဝန်ထမ်းတွေကို စစ်အုပ်ချုပ်ရေးကောင်စီက အလုပ်ကနေရပ်ဆိုင်းတာ အပါအဝင် ဖိအားတွေ မျိုးစုံပေးနေပေမဲ့ အများစုကတော့ CDM ဆက် လုပ်နေကြဆဲဖြစ်ပါတယ်။ သူတို့ ဘာ့ကြောင့် CDM လှုပ်ရှားမှုမှာ ဆက်လက် ပါဝင်နေကြတာပါလဲ။ CDM လှုပ်ရှားမှုကြောင့် ပညာရေးကဏ္ဍမှာ ထိခိုက်မှုတွေရော ဖြစ်လာနိုင်ပါသလား။ အဆင့်မြင့်ပညာဦးစီးဌာန လက်ထောက် ကထိကတဦးဖြစ်တဲ့ ဆရာမနွေကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ဆရာမနွေက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒါကိုလက်မခံနိုင်လို့ CDM လုပ်ကြတဲ့ အစိုးရဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေထဲမှာ တယောက်အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လို အခြေအနေတွေကြောင့် CDM စ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။ အခုရော CDM ဆက် လုပ်နေတုန်းပဲ ဆိုတာ ပြောပြပေးပါလားရှင့်။

“ညီမတို့က စစ်တပ်အုပ်ချုပ်တာမျိုးကို မကြိုက်ဘူးပေါ့။ အရင်ကတည်းက စစ်တပ်အုပ်ချုပ်တာကို မကြိုက်ဘူး။ နောက်ပြီးတော့ ဒီမိုကရေစီ စနစ်ကို ပြောင်းသွားတဲ့အချိန်မှာ ညီမတို့ပညာရေးစနစ်ကလည်း အများကြီး ပြောင်းလာတယ်။ အဲ့တော့ အဲ့ဒါကို ညီမတို့က သဘောကျနေတယ်ပေါ့နော်။ ညီမတို့ textbook အဟောင်းတွေ ပညာရေးစနစ် အဟောင်းကြီးတွေမှာ သင်နေရတာထက်စာရင် ကလေးတွေလည်း စာသင်ရတာ ပျော်တယ်။ အကြောင်းအရာတွေ အသစ် အသစ်တွေ ပေးရတယ်။ စာမေးပွဲစစ်တဲ့ပုံစံလည်း ပြောင်းသွားတယ်ပေါ့နော်။ အဲ့ဒီလို ပညာရေးမှာ အပြောင်းအလဲတွေ ဖြစ်လာပြီးခါမှ စစ်တပ်က အာဏာပြန်သိမ်းလိုက်တယ် ဆိုတဲ့အခါကျတော့ ညီမတို့ရဲ့ ပညာရေး အခြေအနေကြီးက နောက်ပြန်ဆုတ်သွားတာမျိုးကို တွေးမိတဲ့အခါကျတော့ အဲ့ဒီအခြေအနေကို လုံး၀ မကြိုက်ဘူး။ အဲ့ဒါကြောင့်မိုလို့ ကျောင်းမသွားကြဖို့ ဆုံးဖြတ်တယ်။ လောလောဆယ် အခြေအနေ မတည်ငြိမ်တာကြောင့်မိုလု့ိ ကျောင်းမသွားကြဘူးလို့ အစပိုင်း ဆုံးဖြတ်ပေမဲ့လည်း အာဏာသိမ်းပြီးတော့ ၂ ရက်၊ ၃ ရက် ကနေ ၁ ပတ်အတွင်းမှာတော့ ဆရာဝန်တွေက စပြီးတော့ CDM လုပ်ကြတယ်။ အဲ့ဒီအချိန်မှာ ညီမတို့လည်း CDM ဆိုတာ လုပ်လို့ရတယ် ဆိုတာကိုသိပြီးတော့ CDM လုပ်ကြမယ်ဆိုပြီးတော့ ညီမတို့လိုပဲ စိတ်ဓာတ်တူတဲ့ ဆရာ ဆရာမတွေ အချင်းချင်း အဆက်အသွယ်ရပြီးတော့ CDM လုပ်ကြမယ်ဆိုပြီး လုပ်ဖြစ်တာပါ။”

လက်ရှိရော CDM ဆက်ပြီး လုပ်နေတာလား။ ပြောပြပါဦး။

“အခုလက်ရှိလဲ ညီမ CDM လုပ်နေပါတယ်။ ညီမတို့ကို စပြီးတော့ notice လိုပေးတယ်။ သတိပေးစာပေးတယ်။ ပေးပြီးသွားတော့ order ထွက်တယ်။ ယာယီရပ်နား လိုမျိုးပေါ့နော်။ တာဝန်ကနေ ယာယီ ရပ်နားလိုက်ပြီ ဆိုပြီးတော့ order ထွက်လာတယ်။ order တွေကတော့ facebook ပေါ်မှာတော့ တွေ့နေရတယ်ပေါ့နော်။ removal ဆိုပြီးတော့ ညီမတို့ကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ပြီ ဆိုပြီးတော့။ ညီမဆီကိုတော့ ပြီးခဲ့တဲ့တပတ်ကမှ order အမြန်ချောပို့နဲ့ ရောက်လာပါတယ်။”

အဲ့ဒီတော့ အခုလိုမျိုး CDM လုပ်တဲ့အတွက်ကြောင့်မိုလို့ အထူးသဖြင့် စာသင်ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာဆိုရင် ကျောင်းဆရာ ဆရာမတွေ ပိုပြီးတော့ ဖိအားပေး ခံရတယ်ဆိုတာ ကြားရတယ်။ ကိုယ် ကိုယ်တိုင်ရော CDM လုပ်နေတဲ့အတွက် ကိုယ့်ကိုရော ဖိအားပေးတာမျိုး ကြုံရတာရှိလား။ ဘာတွေ ကြုံရတာ ရှိပါလဲ။

“ညီမတို့ကိုတော့ ဖုန်းဆက်ပြီးတော့ အကြောင်းကြားတာမျိုး ရှိတယ်။ ကျောင်းကနေပြီးတော့ အကြီးအကဲတွေ ဖုန်းဆက်တယ်။ ကျောင်းအုပ်ကြီးကိုယ်တိုင် ဖုန်းဆက်တယ်။ သူတို့အကြိမ်ကြိမ် ဖုန်းဆက်ပြီးတော့ သတိပေးတယ်။ ကျောင်းကို ပြန်လာဖို့ပေါ့နော်။ ပြန်လာဖို့ပြောတဲ့အခါ ကျတော့ ညီမတို့က လုံးဝ ပြန်မလာဘူးလို့ ပြောလိုက်တယ်။ ညီမတို့ဆိုရင်တော့ အဲ့ဒီလောက်ပဲပြောတယ်။ ဘာလို့လဲဆိုတော့ ညီမတို့က နဂိုကတည်းက ပြန်မလာဘူးလို့ အပြတ်ပြောလိုက်တာ မျိုးပေါ့နော်။ စစ်တပ်အုပ်ချုပ်တဲ့ လက်အောက်မှာ ပညာရေးဝန်ထမ်းတယောက် အနေနဲ့ တာဝန် လုံး၀ မထမ်းဆောင်နိုင်ဘူးလို့ အပြတ်ပြောလိုက်တယ် ညီမကတော့။ အဲ့ဒီလို ပြောပြီးတဲ့နောက်ကစပြီး ပုံမှန် သူများတွေကို ဖုန်းဆက်တဲ့အခါကျရင်လည်း ညီမကို ဖုန်းမဆက်ဘဲနဲ့၊ အထွေအထူး ၂ ခါ ၃ ခါ သူများထက် ပိုဆက်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ တခြား ညီမ အသိ ဆရာဆရာမတွေကိုတော့ နီးစပ်ရာ ကိုယ်နဲ့ဌာနတူ CDM မလုပ်တဲ့ ဆရာဆရာမတွေကို ဆွယ်ခိုင်းတာမျိုး။ ဥပမာ မိသားစုထဲမှာ ဝန်ထမ်းရှိတယ်ဆိုရင် မိသားစုထဲက တခြားဝန်ထမ်းတွေပါ အမှုပတ်မယ်။ အဲ့ဒီလိုမျိုးပေါ့။ ကိုယ့်မှာ သားတွေသမီးတွေ ရှိသေးတယ်။ အဲ့ဒီလိုမျိုး ကိုယ်ရင်းနှီးတဲ့ သူတို့အကြောင်းကို ပိုသိတဲ့သူ အချင်းချင်းကို မိသားစုနဲ့ပတ်သက်ပြီးတော့ ပြောပြီးတော့ ဆွယ်ခိုင်းတာမျိုးတွေ ရှိတယ်ဆိုပြီးတော့ ညီမတို့အချင်းချင်းလည်း ပြန်သတင်းကြားရတာပေါ့နော်။ ညီမကို ဖုန်းဆက်ပြီးတော့ ပြန်ပြောပြကြတယ်။ အချင်းချင်း ရင်ဖွင့်ကြတယ်။ ကျန်တဲ့သူတွေကတော့။”

အဲ့ဒီတော့ အခု ကိုယ့်ကို အလုပ်လည်း ဖြုတ်လိုက်တယ်။ ဒီလိုတွေလည်း ပြောထားတယ်ဆိုတော့ ကိုယ့်အနေနဲ့ရော ဒီအခြေအနေအပေါ်မှာ ဘယ်လိုပြန်ပြီးတော့ တုံ့ပြန်ဖို့စဉ်စားထားလဲ။ ဘယ်လိုပုံစံ ရှေ့ဆက်သွားမလဲ။

“ညီမ ကတော့ CDM ကို ဆက်လုပ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ညီမ CDM လုပ်ရခြင်းအကြောင်းရင်းက အိမ်ကမိသားစုက လုပ်ပါလို့ ပြောလို့လဲ မဟုတ်ဘူး။ ညီမကိုယ်တိုင်ကိုယ်က ဒီစစ်တပ်ဆိုတာကို လုံးဝမကြိုက်ဘူး။ စစ်တပ်က တိုင်းပြည်မှာလာပြီးတော့ သမ္မတနေရာတို့ ဘာနေရာတို့ လာယူပြီး အုပ်ချုပ်တာကိုလည်း မကြိုက်ဘူး။ ညီမကိုယ်တိုင် မဲပေးပြီးရွေးထားတဲ့ အစိုးရ အုပ်ချုပ်တာမျိုးကိုပဲ ခံနိုင်တယ်။ အဲ့ဒီအတွက်ကြောင့်မိုလို့ ဒီအခြေအနေကို လုံးဝမကြိုက်တဲ့အခါ ကျတော့ - နောက်တခုကလဲ လူတိုင်းလည်းသိကြပါတယ်။ အခုက ဒီနိုင်ငံကို လက်လွှဲယူပြီးတော့ အာဏာသိမ်းလိုက်ရုံနဲ့ မဟုတ်ဘူးပေါ့။ လူတွေကိုလည်းသတ်၊ ပြည်သူတွေကိုလည်း သတ်။ ပြောရလို့ရှိရင် ညီမတို့နဲ့ သူတို့နဲ့ ဘာရန်ညှိုးရန်စ မှလဲမရှိဘူး။ အဲ့တော့ ဒီတိုင်းပြည်ကို ကိုယ့်မင်းကိုယ့်ချင်း အတင်းဆွဲစိ ပြီးတော့ အုပ်ချုပ်မယ်လို့ လုပ်ပြီးတော့ လူတွေကိုလည်း အတင်းကာရော သတ်ပစ်၊ သတ်ပြတာမျိုးတွေ လုပ်တာ။ အဲ့ဒီလိုအခြေအနေမှာ ဘယ်လိုမှ ညီမကတော့ ပြန်အလုပ်လုပ်ဖို့ စိတ်ကူးမရှိဘူး။ ညီမကို အလုပ် ဖြုတ်လိုက်လဲ အလုပ်ကတော့ အစ်မရယ် ကိုယ်ကြိုက်လို့ ကိုယ်သဘောကျလို့ လုပ်နေတဲ့ အလုပ်ကနေပြီးတော့ ထွက်လိုက်ရတယ်ဆိုတာတော့ လူတိုင်းကတော့ စိတ်မကောင်းဖြစ်တာပေါ့။ ညီမလည်း စိတ်မကောင်းဖြစ်တယ်။ ပြန်တွေးရင်ကို အခုတွေးရင် အခု စိတ်မကောင်းဖြစ်တယ်။ ကိုယ် တောက်လေ ျှာက်လုပ်လာတဲ့ အလုပ်ပေါ့နော်။ ညီမဆိုရင် တက္ကသိုလ် စတက်ကတည်းက ဆရာမ လုပ်ဖို့အတွက်ပဲ တက္ကသိုလ် တက်ခဲ့တယ်။ ကိုယ်တက္ကသိုလ် တက်ခဲ့ရတဲ့အချိန်တွေ ပြန်စဉ်းစားလိုက်လို့ရှိရင် အဲ့ဒီအချိန်တွေရော။ နောက်တခါ ဆရာမ စလုပ်တယ်။ ညီမတို့ဆိုရင် နယ်ကနေပြီးတော့ ရန်ကုန်တိုင်းဆိုရင်လဲ ဟိုးအစွန်အဖျားမှာ သွားပြီးတော့ ဒုက္ခခံပြီးတော့ ဆရာဆရာမ လုပ်ခဲ့ရတယ်။ ဒီလိုနေရာကို ပြန်ပြောင်းရဖို့အတွက်။ အဲ့တော့ ဒီလို ဒုက္ခခံခဲ့ရတာတွေက ဒီလိုမျိုး အဆုံးသတ်ဖို့လားပေါ့။ နောက်တခုက ကျတော့ တောက်လေ ျှာက် ညီမတို့က ဒီဘွဲ့ရပြီ ဆိုတာနဲ့ တောက်လေ ျှာက် အလုပ် လုပ်လာတဲ့အတွက် ရုတ်တရက်ကြီး အလုပ်မရှိတော့ဘူး ဆိုတာမျိုး။ ညီမတို့ ဝန်ထမ်းအလုပ်ဆိုတာက မသေမခြင်း မပြုတ်တဲ့ အလုပ်လို့ လူတွေက ပြောကြတယ်။ အဲ့လို အလုပ်ကြီးကနေ ရုတ်တရက်ကြီး တမနက်မှာ ချက်ချင်းကြီး ရပ်သွားတယ်ဆိုတာမျိုးကျတော့လေ စိတ်တော့ တော်တော်မကောင်းဘူး။ ဒါပေမဲ့ ညီမက အဲ့ဒီလိုဆိုလို့ ဒီအလုပ်ကို ပြန်လုပ်နိုင်လားဆိုတော့လဲ မလုပ်နိုင်ဘူး။ အဲ့ဒီအတွက်ကြောင့်မိုလို့ CDM ကတော့ ဆက်လုပ်မှာပဲ။ ဘယ်လိုဖိအားပေးတာမျိုးပဲဖြစ်ဖြစ် ညီမမှာ အလုပ်ပြန်ဝင်ဖို့ လုံးဝမရှိဘူး။ ညီမတို့အိမ်က မိသားစုတွေ ဆိုရင် CDM လုပ်တဲ့အတွက် တယောက်ယောက်များ အဖမ်းခံရရင် ဆိုတာလောက်အထိ တွေးထားတာဖြစ်တဲ့အတွက် လုံး၀ ညီမကတော့ CDM မလုပ်တော့ဘူး။ ငါ အလုပ်ပြန်ဝင်တော့မယ် ဆိုတဲ့ စိတ်ကူး လုံး၀ မရှိပါဘူး။”

ဆိုတော့ ကိုယ့်အတွက်က ကိုယ်မြတ်နိုးတဲ့အလုပ်တခုကိုတောင် စွန့်ပြီး CDM လုပ်တာပေါ့နော်။ တချိန်တည်းမှာလဲ စစ်အုပ်ချုပ်ရေးကောင်စီကတော့ ကျောင်းဆရာ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေ အလုပ်ခွင်ကို ပြန်လာကြဖို့ ပြောတဲ့အခါမှာ ဒီလို CDM လုပ်တဲ့အတွက် ကျောင်းသူကျောင်းသားတွေ၊ ကလေးငယ်တွေရဲ့ ပညာရေး ထိခိုက်ရတယ်လို့ ပြောပါတယ်။ ဆိုတော့ ကိုယ်အခု CDM လုပ်တဲ့အတွက် ပညာရေးကဏ္ဍမှာ ထိခိုက်နိုင်တယ်လို့ရော မထင်ဘူးလားရှင့်။

“ဒါက စစ်အစိုးရရဲ့ ယန္တရားကို ရပ်ပစ်ချင်လို့တော့ မှန်ပေမဲ့ ညီမတို့က ပညာရေး ဆက်ပြီးသွားနေတာကို ရပ်ပစ်ချင်လို့ မဟုတ်ဘူး။ အဲ့ဒီတော့ ညီမတို့မှာလဲ ကိုယ်လုပ်တတ်တာက စာသင်တာပဲရှိတယ်။ ကိုယ်သိနေတာက ဒီပညာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတပဲ ရှိတယ်။ ကျန်တာလည်း မလုပ်တတ်ဘူးပေါ့နော်။ အဲ့ဒီတော့ ဒီနိုင်ငံအတွက် စစ်အစိုးရကို အထောက်အပံ့ မပေးရင်တောင် ကျမတို့နိုင်ငံရဲ့ ပညာရေးအတွက် ဘယ်လို အထောက်အပံ့ ပေးမလဲလို့ စဉ်းစားလိုက်ရင် ညီမတို့လုပ်နိုင်တာ ဒီပညာရေးနယ်ပယ်ထဲကနေ လုပ်ကြရမယ်ပေါ့နော်။ ညီမတို့ကျောင်းမှာ သင်ခန်းစာတွေ သင်ပြီး စာသင်သလိုပဲ အခုကျောင်းတွေ တက္ကသိုလ်တွေ ကောလိပ်တွေကို ကြည့်လိုက်တဲ့အခါ ကျတော့ ပြန်ဖွင့်နေကြတယ်။ ဘာတွေသင်လဲဆိုတော့ ဒီစာတွေပဲသင်တယ်။ ဒါဆိုရင် ဒီစာတွေကို CDM လုပ်နေတဲ့ကလေးတွေလည်း ဟိုကလေးတွေ သိသလို၊ ဒီကလေးတွေလည်း သိရမယ်ပေါ့နော်။ ဘယ်သူမှ နောက်ကျန်ခဲ့ရတာမျိုး မရှိရအောင် ဆိုပြီးတော့ ညီမတို့ CDM လုပ်တာ မှန်ပေမဲ့ ညီမတို့ အပြင်ကနေပြီးတော့ ပညာရေး ရပ်မသွားအောင် လုပ်လို့ရတာ အကုန် လုပ်နေပါတယ်။ နောက်တခုက ဒီကျောင်းသင်ရိုးလို မဟုတ်ဘဲနဲ့ home schooling နဲ့ ပတ်သက်တာမျိုး ဆိုရင်လဲ ညီမတို့က ကိုယ် ဘယ်ကဏ္ဍကနေ အထောက်အပံ့ ဖြစ်နိုငမလဲ ဆိုတာကို စဉ်းစားကြည့်တာပေါ့နော်။ ဆိုတော့ ဒီအတိုင်းကြီး CDM လုပ်တယ်ဆိုပြီး အိမ်မှာထိုင်နေရင်လဲ မပြီးသေးဘူးပေါ့နော်။ ညီမတို့က စစ်အစိုးရ ယန္တရားကိုပဲ ရပ်ချင်တာကိုး။ ရှေ့မှာပြောခဲ့သလိုပဲ ပညာရေးရဲ့လမ်းကြောင်းကြီးကိုတော့ မရပ်ချင်ဘူးလေ။ အဲ့ဒီအတွက် ညီမတို့ ပညာပေးနိုင်သလောက် နယ်ပယ် ကျဉ်းကျဉ်းလေးပဲဖြစ်ဖြစ်ပေါ့။ အဲ့ဒီ ကျဉ်းကျဉ်းလေး ကျဉ်းကျဉ်းလေးကနေပြီးတော့ ပြန်ပြီး တဆင့် တဆင့် ဖြန့်သွားရင် ကျယ်သွားမှာကိုး။ အဲ့ဒီလိုပဲ တွေးပြီး ကျန်တဲ့ ညီမတို့ လုပ်နိုင်တဲ့အရာ အားလုံးကိုတော့ လုပ်နေပါတယ်။”

အခုပြောတဲ့အရဆိုရင် ပြင်ပကနေပြီးတော့လဲ ပညာရေးကို ဆက်သွားနိုင်တဲ့နည်းလမ်းတွေ ရှိတယ်ဆိုတာ ပြောချင်တယ်လို့နားလည်ပါတယ်။ ကျောင်းသွားနေဖို့ထက် ခုချိန် ခုကာလမှာတော့ ကျောင်းကိုမသွားရင်လဲ ပညာကို ဆက်ယူနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်လို့ ပြောနိုင်ပါသလား။

“ဟုတ်ကဲ့အစ်မ ပြောနိုင်ပါတယ်။ တခုတော့ရှိတာပေါ့နော်။ အဲ့ဒီပညာက ဘယ်လိုရမလဲ ဆိုတဲ့ နည်းလမ်းတော့ လိုတာပေါ့နော်။ ဒီအတိုင်းကြီးတော့ မိဘတွေလည်း ကလေးကို ပုံမှန် ကျောင်းလွှတ်လိုက်ရင် ပြီးသွားပြီဆိုတာမျိုး။ ကလေးကို ကျောင်းကိုလွှတ်လိုက်တယ်။ ကျောင်းမှာ စာသွားသင်တယ်။ သူ့ဆရာ ဆရာမနဲ့သင်။ အချိန်တန်ရင် အိမ်ပြန်ရောက်လာတယ်ပေါ့နော်။ အဲ့ဒီလိုမျိုးဆိုရင် ကိုယ်လည်း ကိုယ့်အလုပ်ကိုယ် လုပ်လို့ရတယ်ပေါ့။ အဲ့လိုဆို ပြီးသွားပေမဲ့ အခုကကျတော့ မိဘတွေလည်း ကလေးကို ကျောင်းမလွှတ်တော့ဘူး။ အိမ်မှာကိုယ်သင်မှ ရတော့မှာကိုး။ ဒါမှမဟုတ်လို့ ကိုယ်တတ်နိုင်ရင် ပြင်ပကနေ ဆရာ ခေါ်သင်ရင် ရတယ်ပေါ့နော်။ အဲ့တော့ အဲ့ဒီလိုမျိုး ကလေးအတွက် ပြင်ပနည်းလမ်းနဲ့ ပညာရဖို့ ကိုယ်တိုင်က လုပ်ပေးနိုင်တယ်ပေါ့။ အဲ့ဒီလိုလုပ်ပေးဖို့ ဗဟုသုတ တွေတော့ သိဖို့လိုတာပေါ့။ ကလေးရဲ့ပညာရေး ရပ်မနေအောင်။ အဲ့ဒီလိုဖြစ်အောင်လို့လည်း ညီမတို့မှမဟုတ်ပါဘူး။ CDM လုပ်နေတဲ့ ဆရာ ဆရာမတွေထဲမှာ အဲ့ဒီအတွက် ကြိုးပမ်းနေတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲ့တော့ အဲ့ဒီလို အခွင့်အလမ်းတွေ ကတော့ အများကြီး ရှိနေတယ်။ အခွင့်အလမ်း တခုခုကို ချိတ်မိရင်တော့ကိုယ့်အတွက် အဆင်ပြေတာပေါ့”

CDM လုပ်နေကြတဲ့ ပညာရေးဝန်ထမ်းတွေ အနေနဲ့ စစ်အုပ်ချုပ်ရေး ယန္တရားမှာ ပူးပေါင်းပါဝင်တာ မလုပ်ပေမဲ့လို့ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေး နောက်ကျ မကျရအောင် နည်းလမ်းပေါင်းစုံနဲ့ ဆက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့လည်း ဆရာမနွေက ပြောပါတယ်။ ဘယ်လိုနည်းလမ်းတွေပါလဲ။ ပညာရေး ကဏ္ဍ ရပ်တန့်မသွားရအောင် CDM လုပ်နေကြတဲ့ ဆရာဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေက ဘာတွေအဓိကထား ဆောင်ရွက်နေကြသလဲ ဆိုတာကိုတော့ နောက်သီတင်းပတ်မှာ စောင့်မေ ျှာ်နားဆင်နိုင်ပါတယ်။ ကျမ ခင်ဖြူထွေးပါရှင်။

တိုက်ရိုက် လင့်ခ်

===============================

[Unicode Version]

(အမြိုးသမီးကဏ်ဍ)















XS
SM
MD
LG