သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တလုပ်မှာ အဖမ်းခံရပြီး အသက်မပြည့်သေးလို့ ပြန်လွတ်လာသူ


တလုပ်မြို့။ (ဓာတ်ပုံ - CJ)
တလုပ်မြို့။ (ဓာတ်ပုံ - CJ)

(Zawgyi/Unicode)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှာ ပြီးခဲ့တဲ့မေလ ၁၂ ရက်နေ့က တခြား လူငယ် ၅ ဦးနဲ့အတူ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရတဲ့ မငြိမ်းဆုဟန် (ခ) ကောင်းဝေယံကို ဖမ်းဆီး ထိန်းသိမ်းပြီး ၁၇ ရက်အကြာမှာ အသက်မပြည့်သေးတဲ့အတွက် ပြန်လွှတ် ပေးခဲ့ပါတယ်။ ဖမ်းဆီးခံရချိန်မှာ နှိပ်စက် ညှင်းပမ်းတာတွေရှိခဲ့သလို၊ ပြန်လွှတ်ပေးတယ်ဆိုပေမဲ့လဲ ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားလို့အမှုရင်ဆိုင်နေရတယ်လို့ ကောင်းဝေယံက ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်လောက်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ ကောင်းဝေယံကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာမခင်ဖြူထွေး က တင်ဆက်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်နဲ့ မေလ အစောပိုင်း ကာလတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အကြား အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့တင်းမာမှုတွေ ပြင်းထန်ခဲ့တဲ့ မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှာ မေလ ၁၁ ရက်နဲ့ ၁၂ရက်နေ့တွေမှာတော့ စစ်ကောင်စီ တပ်ဖွဲ့တွေက အင်အားအလုံးအရင်းသုံးပြီး ရွာကိုပိတ်ဆို့ ဝင်စီးခဲ့တာကြောင့် တရွားလုံးနီးပါး ထွက်ပြေးခဲ့ရသလို၊ လူငယ် ၆ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအထဲက တဦးကတော့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ နှိပ်စက်ညှင်းပမ်းမှုကြောင့် ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်းမှာပဲ သေဆုံးသွားခဲ့တာပါတယ်။ ဒီလူငယ်တွေဟာ ဆူပူအကြမ်းဖက်ရာမှာသုံးတဲ့ လက်နက်တွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီသတင်းမှာ ထုတ်ပြန်ခဲ့ပေမဲ့ တကယ်တမ်းက အဲ့ဒီလိုမဟုတ်ဘူးလို့ ဖမ်းဆီခံရတဲ့အထဲမှာပါဝင်ခဲ့ပြီး အသက်မပြည့်သေးတဲ့အတွက် ပြန်လွတ်လာတဲ့ လူငယ်အမျိုးသမီး မငြိမ်းဆုဟန် (ခ) ကောင်းဝေယံက ပြောပြပါတယ်။

“ဖောက်ခွဲရေးပစ္စည်း ဘာညာဆိုတာ သူတို့ရွာထဲမှာမိတဲ့ ပစ္စည်းတွေကို ကျနော်တို့နဲ့ တခါတည်း ဓာတ်ပုံတွဲပြီး ဖိုတိုအက်ဒစ် လုပ်ပစ်တာ။”

အဲ့တော့ ပြောချင်တာက တကယ်တမ်း ဖမ်းတဲ့အချိန်မှာ အပြင်မှာရှိတဲ့ လက်နက်တွေနဲ့ photoshop သုံးပြီး ပြန်လုပ်တာ။ တကယ်တမ်း သူတို့ပြောသလို ကိုယ့်ဆီမှာလက်နက်တွေ ရှိနေတာ မဟုတ်ဘူးပေါ့။ အဲ့ဒီလိုလား။

“ဟုတ်တယ်ဗျ။ ဟုတ်ကဲ့။”

ဖမ်းခံရတာ ၆ ယောက်လို့ ပြောတယ်။ တပြိုင်တည်း တနေရာတည်းမှာ အဖမ်းခံရတာလား။

“မဟုတ်ဘူးဗျ။ တပြိုင်တည်း မဟုတ်ဘူး။ ကျနော်ရယ်။ ခြေထောက်ထိတဲ့ ကျော်ဇင်ဦးရယ်။ အငယ် ရယ် သုံးယောက်။ ၃ ယောက်ကို အရင်မိတာ။ ပြီးတော့မှ လက်မောင်းထိပြီး သေသွားတဲ့ တယောက် (ကိုဇင်ကိုထွန်း) ရယ်။ ကိုစိုးရာဇာထွန်း ရယ်။ အောင်ကိုကိုရယ်။ သူတို့ ၃ ယောက်က တခါ မိတယ်။ မိတော့ ကျနော်တို့ရှိတဲ့နေရာကို ခေါ်လာတာ။”

အဲ့ဒီနေ့က ဖမ်းသွားတဲ့သူတွေထဲမှာ ကောင်းဝေယံတယောက်ပဲ ပြန်လွတ်တယ်လို့ သိရတယ်။ အဲ့ဒါ ဟုတ်ပါသလား။

“အဲ့ဒါက ပြန်လွတ်တယ် ဆိုတာတော့ မဟုတ်သေးဘူးဗျ။ ကျနော့်ကိုက လောလောဆယ် အသက်မပြည့်သေးလို့ အာမခံနဲ့ မိဘအုပ်ထိန်းမှုအောက် ပြန်အပ်ပေးလိုက်တာ။ အမှုက ၄ မှု ကျန်သေးတယ်ဗျ။ ကျန်သေးတယ် ကျနော်က။”

အမှု ၄ မှုနဲ့ တရားစွဲထားတယ်လို့ပြောတာလား။

“ဟုတ်တယ်ဗျ။ ဟုတ်တယ်။”

ဘာအမှုတွေနဲ့ စွဲထားတာလဲ။

“၅၀၅ (မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု) ရယ်။ ၄၃၅ (မီးရှို့ဖျက်ဆီးမှု) ရယ်။ ပေါက်ကွဲသုံး ၁၉(စ)(လက်နက်ကိုင်အက်ဥပဒေပုဒ်မ)။”

ခုလို အဖမ်းခံရပြီး တရားစွဲဆိုခံရတဲ့ အပေါ်မှာရော ဘယ်လိုများ ထင်ပါသလဲ။

“ဒီ ပေါက်ကွဲသုံး တို့၊ ၁၉ (စ) တို့ ဆိုတာက ကျနော်တို့ထဲမှာ ပစ္စည်းမပါဘူးဗျ။ ဖောက်ခွဲရေးသုံးပစ္စည်း မပါဘူးဗျာ။ အဲ့ဒါကိုသူတို့က ရွာထဲပိုင်းမှာ အဲ့ဒီပစ္စည်းတွေကို လုပ်တဲ့သူတွေ ရှိတယ်ဗျာ။ အဲ့ဒီပစ္စည်းတွေကို သူတို့မိတဲ့ဟာကို ကျနော်တို့နဲ့ တခါတည်းတွဲပြီးတော့ အမှုတွဲဖွင့်လိုက်တာပဲ။''

အဲ့ဒီတော့ ကိုယ်မလုပ်တဲ့ဟာတွေကိုပါ စုပေါင်းပြီး မတရားသဖြင့် ကိုယ့်အပေါ်မှာ စွပ်စွဲတယ်လို့ပြောချင်တာလား။

“ဟုတ်တယ်ဗျ။”

အခု ကောင်းဝေယံ ပြောတဲ့အတိုင်းဆိုရင် အခုက ကိုယ့်ကို လုံးလုံးပြန်လွှတ်ပေးတာမျိုး မဟုတ်ဘဲနဲ့ တရားစွဲထားပြီးတော့မှ တရားစွဲထားတဲ့ ကြားကာလမှာ ခနလွှတ်ပေးထားပြီး မိဘဆီမှာ ပြန်နေ ဆိုတဲ့သဘောမျိုး။ အချိန်မရွေး ပြန် အဖမ်းခံရနိုင်တဲ့အခြေအနေမျိုး ဖြစ်နေတာလား။

“ဟုတ်တယ်ဗျ။ ဟုတ်။”

အဲ့ဒီတော့ ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။

“လောလောဆယ်တော့ ကျနော်က အမှုတွေကို ဆက်လက်ရင်ဆိုင်ရဦးမှာပဲ။”

ဘယ်လိုပုံစံနဲ့ ရင်ဆိုင်မယ် စဉ်းစားထားလဲ။ ရှေ့နေငှားမှာလား။

“ရှေ့နေတွေက ရှိတယ်ဗျ။ ဟုတ်ကဲ့။ ကျနော်တို့ ၅ယောက်လုံး အတွက်ပေါ့။”

နည်းနည်းလောက် ရှင်းပြပေးပါလား။ အခုကိုယ့်ကိုစွဲထားတဲ့ အမှုတွေနဲ့ပတ်သက်ပြီး ဘယ်လို ရင်ဆိုင်ဖို့ရှိတယ် ဆိုတာ။

“သူတို့ပြောထားတဲ့အထဲမှာ တချို့အမှုတွေက ကျနော်တို့ မလုပ်ဘဲနဲ့ပါတဲ့ အမှုတွေ ရှိတယ်ဗျာ။ ဥပမာဆိုရင် ပုဒ်မ ၄၃၅။ ၄၃၅ ဆိုတာက မီးရှို့တာပေါ့။ မြင်းခြံမှာဖြစ်သွားတဲ့ တာရာမီးရှို့တာတို့ ဘာတို့ ဆိုတာတွေကို ကျနော်တို့ မလုပ်ဘဲနဲ့ ကျနော်တို့ကို စွဲတယ်ဗျာ။ အဲ့ဒီအမှုမှာ။”

အဲ့ဒီတော့ ဒီလိုမျိုး အဖမ်းခံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုနားလည်ထားသလဲ။

“ကျနော်က ဖေဖော်ဝါရီလထဲမှာ သပိတ်တွေ စလာကတည်းက သပိတ်ထဲမှာလည်း ပါတယ်ဗျာ။ မြင်းခြံမှာဖြစ်တဲ့ သပိတ်ထဲမှာလည်း ပါတယ်။ တလုပ်မှာလည်း ပါတယ်။ ကာကွယ်ရေး အဖွဲ့ဝင်ထဲ ကပေါ့။ ဘာကြောင့် ခုလို ကာကွယ်ရသလဲ ဆိုရင်တော့ သူတို့ အာဏာသိမ်းတာကိုလည်း မခံချင်ဘူးဗျာ။ မတရားသဖြင့် သိမ်းယူတာကိုပေါ့။ နောက်ပြီးတော့ အရင် ၈၈ တုန်းကလိုလည်းပြန်မဖြစ်ချင်ဘူး။ ၈၈ ကိုတော့ ကျနော် ကြားတာပေါ့ဗျာ။ ကြုံတာတော့ မကြုံခဲ့ဖူးဘူးပေါ့။ ၈၈ တုန်းက သူတို့ အိမ်တအိမ်ကို အချိန်မရွေး ဝင်ချင်ဝင်လာနိုင်တယ်။ လူတယောက်ကို အချိန်မရွေး ဖမ်းသွားနိုင်တယ်။ အဲ့ဒီလိုပုံစံမျိုးတွေ။ ပြီးတော့ မတရားသဖြင့် သတ်ဖြတ်နေတာတွေကိုလည်း မကြည့်ချင်တော့ဘူး။ မတရားသဖြင့် ဖမ်းဆီးတာတွေ၊ မတရားသဖြင့် သတ်ဖြတ်နေတာတွေကို သဘောမကျလို့လဲ ကျနော် ပါဝင်လှုပ်ရှားခဲ့တာပါ။”

အဲ့တော့ အထဲမှာ ဘယ်နှစ်ရက်လောက် ဖမ်းဆီး ချုပ်နှောင်ခံလိုက်ရလဲ။

“၁၇ ရက်လောက် နေလိုက်ရတယ်။ စစ်တပ်ထဲမှာကို ၁၅ ရက်။ အချုပ်ခန်းထဲမှာ ၁ ရက်နဲ့ တပိုင်းပေါ့။”

ဖမ်းထားတဲ့သူတွေ အတူတူ အားလုံးထားတာလား။ ဒါမှမဟုတ် တယောက်ချင်းစီ ခွဲထားတာလား။

“ယောကျ်ားလေးတွေ ကတော့ ၂ ယောက်တခန်း အိပ်ရတယ်။ ကျနော်ကတော့ တယောက်တည်းပဲ။”

ဖမ်းဆီးခံထားရတဲ့အချိန်မှာရော နှိပ်စက်ညှင်းပမ်းတာ၊ စစ်ဆေးမေးမြန်းတာ ဘာတွေကြုံခဲ့ရသေးလဲ။

“၁၂ ရက်နေ့ အဖမ်းခံရတဲ့နေ့ကတော့ တော်တော်လေး အရိုက်ခံရတယ်။ ကျနော် လက်မှာလဲ ဒဏ်ရာတွေဘာတွေ ရှိတယ်။ လက်ပြန် ကြိုးတုတ်ပြီးတော့ နေပူထဲမှာဗျာ၂ နာရီနီးပါးလောက် ထိုင်ခိုင်းတယ်ဗျာ။ ထိုင်ခိုင်းထားပြီးတော့ အဲ့မှာ စစ်ဖိနပ်နဲ့ကန်တာတို့။ ဦးထုပ်နဲ့ ခေါင်းကို ရိုက်တာတို့။ လှေလှော်တဲ့တက်နဲ့ နောက်ကျောကို ရိုက်တာတို့ အဲ့လိုမျိုးတွေ ရှိတယ်။”

အစားအသောက်တွေကိုရော သေချာ ကျွေးမွေးတာရှိလား။ ဒီ ၁၇ ရက်ကာလအတွင်းမှာ ဘယ်လိုကြုံခဲ့ရလဲ။

“၁၇ ရက် ကာလအတွင်းမှာတော့ အစားအသောက်ကတော့ သူတို့စစ်တပ်က ကျွေးတာပဲ စားရတာပဲ။”

အဲ့ဒီအချိန်မှာရော ကိုယ်ဘယ်လိုခံစားရလဲ။

“ကျနော် ကြောက်တာတော့မကြောက်ပါဘူး။ ကျနော့် အစ်ကိုတွေ ကျနော့်အစ်မတွေကို (မောင်နှမအရင်းတွေကို ဆိုလိုတာမဟုတ်) သွားပြီး သတိရမိတယ်။ ကျနော် တာဝန်မကျေသူလိုပဲ ခံစားရတယ်။”

၁၂ ရက်နေ့က အဖမ်းခံရပြီး ၁၇ ရက်ကြာပြီးမှ ပြန်လွတ်လာတာဆိုတော့ ခုဆိုရင် ပြန်လွတ်တာ ၁ ပတကျော်လောက်ပဲ ရှိဦးမယ်နော်။

“ပြန်လွတ်တာ တပတ်လောက်ပဲ ရှိဦးမယ်။ ဟုတ်။”

အခုရောကိုယ့်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုပေမဲ့ စောစောကပြောသလို အမှုတွေကစွဲထားတယ်ဆိုတော့ ကိုယ့်နောက်မှာ စောင့်ကြည့်နေတာမျိုးတို့၊ ခြိမ်းခြောက်တာမျိုးပဲဖြစ်ဖြစ် ကြုံရတာရောရှိလား။

“ခြိမ်းခြောက်တာမျိုးတော့ မရှိဘူး။ဒါပေမဲ့ စောင့်ကြည့်နေတဲ့သူကတော့ ရှိနေမှာပဲ ကျနော့်ကို။”

တလုပ်မှာ ပြီးခဲ့တဲ့ မေလထဲမှာဆိုရင် တော်တော်လေးကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခံရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်တွေမှာရော ကောင်းဝေယံက တလုပ်မှာပဲ ရှိနေခဲ့တာလား။

“ကျနော် တလုပ်မှာပဲဗျ။”

အဲ့ဒီမှာ တကယ့်ကို စစ်တပ်အင်အား၊လုံခြုံရေးအင်အား အလုံးအရင်းသုံးပြီးတော့မှ နှိမ်နှင်းလို့ ရွာလုံးကျွတ်ထွက်ပြေးရတယ်လို့ ကျမတို့ ကြားရတယ်လေ။ ဆိုတော့ အဲ့ဒီတုန်းက တလုပ်ကအခြေအနေပေါ့။ စစ်တပ်က ဘယ်လိုအလုံးအရင်းနဲ့ ဝင်လာခဲ့တာလဲ။ ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတာ ကိုယ်ကြုံတွေ့ခဲ့ရတာကို နည်းနည်းလောက် ရှင်းပြပါလား။

“ ၁၁ (မေလ)ရက်နေ့ နေ့လည်ပိုင်းလောက်မှာ သူတို့ဘက်က ၄ ယောက် ထိတယ်ဗျာ။ ၄ ယောက်ထိထားတဲ့ဟာကို သူတို့ဘက်က အစကတော့ သူတို့ပြောတာက လမ်းလာရှင်းတာလို့ပဲ ပြောတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူတို့ဘက်က စောင့်ပြီးတော့ ရာဘာကျည်တွေနဲ့၊ ကျည်တွေနဲ့ ထုတယ်ဗျာ။ အဲ့ဒါကိုမှ ရွာသားတွေက မကျေနပ်တော့ လေးခွတွေနဲ့ ပြန်ထုတယ်။ တူမီးတွေနဲ့ ပြန်ပစ်တယ်ဗျာ။ အဲ့ဒါကိုမှ နောက်တော့ ၁၁ ရက်နေ့ ညပိုင်းလောက်ကစပြီး မန္တလေးတို့၊ ပခုက္ကူတို့၊ မိတ္ထီလာ၊ ပြင်ဦးလွင် တို့က တပ်ကူတွေ ဆင်းလာတယ်။ အင်အားတော့ အတော်များတယ်။ အလုံးအရင်းပဲ။ ၅၀၀ နီးပါးလောက် ရှိမယ်ထင်တယ်။ အင်အားအတော်များတယ်။ သူတို့လက်ထဲမှာလဲ အာပီဂျီ တွေ အကုန်ပါတယ်။ ခံတပ် ပေါက်တယ်ဆိုတာလဲ အဲ့ဘက်ကို သူတို့က အရင်ဆုံး အာပီဂျီ နဲ့ထုလိုက်လို့ခံတပ်က ပြိုသွားတဲ့အချိန်မှာ ဘယ်သူမှ မနိုင်တော့ဘူး။ အကုန် ရွာလုံးကျွတ်က ထွက်ပြေးရတာ။ ၁၁ ရက်နေ့ကတည်းက ထွက်ပြေးရတာ။ ဒါပေမဲ့ မနက်ခင်းပိုင်းကျတော့ သူတို့က အင်အားအများကြီးပေမဲ့ ဖြန့်ပြီး ဝင်လာတာ။ တစုတစည်းတည်း ဝင်လာတာ မဟုတ်ဘူး။ ရွာနောက်ဘက်ကနေ ဝင်လာတာရှိတယ်။ ရွာအရှေ့ပေါက် ကနေ ပတ်ဝင်လာတာရှိတယ်။ တောင်ပေါက်ဘက်ကနေ ဝင်လာတာရှိတယ်။ အနောက်ဘက်ကနေဝင်လာတာ ရှိတယ်။ ရွာပတ်ပတ်လည်ကနေ ဝင်လာတယ်။ အဲ့ဒီမှာ လမ်းပြတဲ့သူကလည်း ပါတော့ သူတို့က အနောက်လမ်းတွေ ဘာတွေကအစ သူတို့အကုန်သိပြီးတော့ ဝင်လာတာ။”

အခုရော တလုပ်မှာ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားသလား။ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ တလုပ်က သိပ် အသံမကြားရတော့ဘူးလေ။ အစောပိုင်းမှာတော့ ရွာတွေဒုက္ခရောက်ကြတယ်။ စားနပ်ရိက္ခာလိုအပ်တာ၊ ပြေးကြလွှားကြရတာတွေ ကြားရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ သိပ်မကြားရတော့ဘူး။ အခုချိန်မှာ တလုပ်က အခြေအနေ ပြန်တည်ငြိမ်သွားတဲ့ သဘောမျိုးလား။ ဒါမှမဟုတ် လူတွေက အခက်အခဲတွေ ဆက်ပြီးတော့ ရင်ဆိုင်နေရတုန်းပဲလား။ လုံခြုံရေးအရပဲဖြစ်ဖြစ်၊ စားဝတ်နေရေးအရပဲ ဖြစ်ဖြစ် လက်ရှိမှာ ဘယ်လိုအခြေအနေရှိနေပါလဲ။

“တလုပ်မှာတော့ လူမရှိဘူးလို့ ပြောတယ် အစ်မ။ ရှောင်နေရတယ်ဆိုတဲ့ အခြေအနေတွေ ဆိုတာတော့ကြားရတယ်။ ကျနော်က အခုလောလောဆယ် အိမ်က ဘယ်သူငယ်ချင်းနဲ့မှလည်း အဆက်အသွယ်မလုပ်ခိုင်းဘူး။”

အဲ့ဒီတော့ ကောင်းဝေယံအတွက် လုံခြုံရေးကရော အခုချိန်မှာ စိတ်ချရရဲ့လား။ သူတို့က အချိန်မရွေးလာဖမ်းနိုင်တယ်ဆိုတော့ ရှောင်နေတာမျိုးရော မလုပ်ဘူးလား။

“ရှောင်နေတာမျိုးတော့ မလုပ်ဘူး။ အမှုကလည်း လောလောဆယ် မပြီးသေးဘူးလေ။ အမှုပြီးတဲ့အထိ ရင်ဆိုင်ရဦးမှာပဲ။ သူတို့ဖမ်းတာကတော့ ပြောလို့မရသေးဘူးပေါ့ဗျာ။”

ဖမ်းသွားတဲ့ ၆ ယောက်ထဲမှာမှ ကိုယ့်ကို ဘာလို့ပြန်လွှတ်ပေးတယ်လို့ရော သူတို့ပြောလဲ။ ပြန်လွှတ်ပေးတယ် ဆိုပေမဲ့ စောစောကပြောတဲ့ အမှုတွေကတော့ ရှိနေတာပေါ့လေ။ ဒါပေမဲ့ ဖမ်းချုပ်မထားဘူးပေါ့။

“ကျနော်က အသက်မပြည့်သေးဘူးဗျ။”

ကျန်ခဲ့တဲ့သူတွေနဲ့ပတ်သက်လို့ရော ဘယ်လိုဖြစ်စေချင်လဲ။ စိတ်ပူမိလား။ သူတို့ကရော သူငယ်ချင်းတွေပဲလား။

“သူတို့ကိုတော့ စိတ်ပူမိတယ်။ သူတို့ကို ဒီတော်လှန်ရေးမှာပဲ သိပြီး ခင်ခဲ့တာပေါ့။ ဒါပေမဲ့ တယောက်ကတော့ ငယ်ငယ်လေးကတည်းကခင်တာပါ။ ကျနော်ကတော့ တရားမ ျှတမှုကို လိုချင်တာပေါ့။ ကျနော်တို့ မလုပ်တဲ့ ကိစ္စတွေနဲ့ စွပ်စွဲခံရတာမျိုးက အဆင်မပြေဘူးလေ။”

အဲ့ဒီတော့ ဘယ်လို ဖြစ်စေချင်သလဲ။

“ဖမ်းဆီးခံထားရတဲ့သူတွေ၊ မတရားသဖြင့် ဖမ်းဆီးခံထားရတာမို့ သူတို့ကိုလည်း ပြန်လွတ်မြောက်စေချင်တယ်။ ကျနော်နဲ့အတူတူ အဖမ်းခံရတဲ့ ကျနော့်အစ်ကိုတွေကိုလည်း ပြန်လွတ်မြောက်စေချင်တယ်။ မြန်မာနိုင်ငံအတွက်ဆိုရင်တော့ အရင်လိုမျိုးပဲ ပြန်ပြီးတော့ ဖြစ်စေချင်တယ်။ အခုပုံစံကြီးကိုတော့ သဘောမကျဘူး။ ဒီမိုကရေစီပဲ ပြန်ပြီးတော့ ရစေချင်တယ်ဗျာ အဓိကကတော့။ အရင်လို ပွင့်လင်း လွတ်လပ်စေချင်တယ်ဗျာ။ တရားမ ျှတမှုလည်း လိုအပ်တယ်ဗျာ။ အခုအချိန်မှာကျတော့ ကျနော်တို့ဖြစ်နေတာက တရားမ ျှတမှု မရှိတဲ့နေရာ။ နိုင့်ထက်စီးနင်း လုပ်နေတာ။ တရားမ ျှတမှု အဓိက လိုအပ်တာပါပဲ။”

တိုက်ရိုက် လင့်ခ်

===================================

[Unicode Version]

























































XS
SM
MD
LG