သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေရဲ့ သမိုင်းဝင်လအဖြစ် အမေရိကန်မှာ ဘာကြောင့် သတ်မှတ်ခဲ့တာလဲ?


ဒီလ မတ်လဟာ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးများ သမိုင်းဝင် “လ” လည်း ဖြစ်ပါတယ်။ ဒီနှစ်အတွက်ဆောင်ပုဒ်ကတော့ အမျိုးသမီးများပညာရေးထောက်ခံအားပေးဖို့နှင့် အမျိုးသမီးတို့ရဲ့ စွမ်းရည်မြင့်တင်ပေးဖို့ပါပဲ။ အမေရိကန်ပြည်ထောင်စုမှာ ခေတ်အဆက်ဆက်က အမျိုးသမီးတွေရဲ့ ကြိုးပမ်းမှုကြောင့်လဲ မျိုးဆက်သစ်အမျိုးသမီးတွေ တန်းတူအခွင့်ရေးခံစားခွင့်တွေ ရရှိလာတာလည်း ဖြစ်ပါတယ်။ အမေရိကန် အမျိုးသမီးသမိုင်းမှာ အမျိုးသမီးရှေ့ဆောင်တွေရဲ့ ကြိုးပမ်းချက်နဲ့ ပတ်သက်လို့ ဒီသတင်းပါတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ အခုဆိုရင် အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် ပိုများလာတာကို တွေ့နေရတာဟာလည်း မကြာသေးမီက ကျား-မ ပညာရေး ကွာဟချက်ကို ပြုပြင်ပြောင်းလဲလိုက်နိုင်တဲ့ ခြေလှမ်းတရပ်လို့ ဆိုရမှာပါ။

ဒါဟာလည်း ခေတ်အဆက်ဆက်က ဇွဲလုံ့လ မလျှော့ ကြိုးပမ်းခဲ့ကြတဲ့ အမေရိကန်အမျိုးသမီးကြီးတွေ ကို ကျေးဇူးတင်ရ မှာပါ။

အမေရိကန်ပြည်တွင်းစစ်ကြီးအပြီးမှာ ဒီမိုကရေစီအခြေခိုင်စေဖို့၊ ပညာရေးကို ထောက်ခံအားပေးဖို့ လိုအပ်တယ်ဆိုတဲ့ အသိတရားကြောင့်လည်း မိန်းကလေးငယ်တွေ ပညာသင်ကြားကြဖို့ အခွင့်အရေး တွေကို ဖန်တီးပေးလာခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးတွေ ပညာတတ်ခြင်းအားဖြင့် မိသားစု ပြုစုပျိုးထောင်ရာမှာ သားကောင်မိခင်တွေ ဖြစ်လာ ကြစေဖို့ ကနဦး ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒီအတွေးအခေါ်ကို အခြေခံပြီး အမေရိကန်ပြည်ထောင်စု မှာ အမျိုးသမီးများ ပညာသင်ခွင့် ရရှိစေဖို့ ကြိုးပမ်းမှုတွေ ပေါ်ပေါက်ခဲ့ရာမှာ Tital 9 လို့ ခေါ်တဲ့ ပညာရေးဥပဒေ အမှတ် ၉ အရ ဗဟိုအစိုးရ ထောက်ပံ့တဲ့ ပညာသင်ဌာနတွေ မှန်သမျှမှာ ကျား-မ တန်းတူအခွင့်အရေး ပေးကြရမှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း စစ်တက္ကသိုလ်တွေ အပါအ၀င် တချိန်က အမျိုးသမီးတွေ တက်ရောက်ခွင့်မရကြတဲ့ ကျောင်းတွေမှာ အခုဆို အမျိုးသမီးတွေ တက်ရောက်ခွင့်ရရှိတဲ့အတွက်ကြောင့်လည်း အခုနောက်ပိုင်း မျိုးဆက်သစ်ပညာတတ်တွေကြားမှာ အမျိုးသမီးဦးရေ တိုးလာတာလည်းဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးများ မဲပေးပိုင်ခွင့်ရှိရေးကအစပျိုး ကြိုးပမ်းခဲ့ကြတဲ့ မမေ့အပ် တဲ့ အမေရိကန်အမျိုးသမီးတွေက ဘယ်သူတွေပါလဲ။ မော်ဒီ မက်ဂရာဂါ ကတော့ NWHP လို့ အတိုကောက်ခေါ်တဲ့ အမျိုးသမီးများ သမိုင်းတွင်အဖွဲ့အစည်းကြီးကို ပူးတွဲမတည်သူအပြင် အမှုဆောင် ဒါရိုက်တာလည်းဖြစ်ပါတယ်။

“အမျိုးသမီများ အခွင့်အရေး လှုပ်ရှားမှုမှာ လူသိအများဆုံးပုဂ္ဂိုလ်ကတော့ Susan B. Anthony ဖြစ်ပါတယ်။ သူဟာ ဘ၀တလျှောက်လုံး အမျိုးသမီးတွေ မဲပေးပိုင်ခွင့် ရရှိဖို့အတွက် ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ ၁၈၀၄ ခုနှစ် နယူးယောက်ခ် စီနီကာဖောစ် ညီလာခံမှာ ပါဝင်ခဲ့သူ မဟုတ်ပေမဲ့လို့ အဲ့ဒီညီလာခံနောက်ပိုင်းမှာ သူ စတင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။”

ဆရာမတွေဟာ ဆရာတွေနဲ့ တန်းတူလစာရရှိရေးအတွက် ၁၈၃၇ ခုနှစ်က ထိုစဉ် ဆရာမလေး Susan B. Anthony ကနေ စတင်တောင်းဆိုခဲ့သလို အမျိုးသမီးများ မဲပေးပိုင်ခွင့်ရရှိရေးအဖွဲ့အစည်းကို ၁၈၆၉ ခုနှစ်မှာ Susan B. Anthony က Elizabeth Cady Stanton နဲ့ နယူးအင်္ဂလန်မှာ မတည်ခဲ့ကြတာဖြစ်ပါတယ်။ Elizabeth Cady Stanton ကတော့ ဘယ်သူပါလဲ။

မစ် မက်ဂရာဂါ က - “Seneca Falls အမျိုးသမီးများအခွင့်အရေးညီလာခံမှာ အဓိက စွမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ Elizabeth Cady Stanton ပါပဲ။ သူကတော့ Seneca Falls ကြေညာစာတမ်းကြီး ကို ရေးဆွဲခဲ့သူဖြစ်ပြီးတော့ အဲ့ဒီကြေညာစာတမ်းကြီးမှာ သူက အမေရိကန်ပြည်နယ်တွေအနေနဲ့ အင်္ဂလိပ်ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေးရရှိဖို့ ဆန္ဒရှိသလို အမျိုးသမီးများကလည်း လွတ်လပ်ရေးနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လိုတဲ့ ဆန္ဒရှိကြတာဖြစ်ပါတယ်လို့ အဲ့ဒီစာတမ်း ကြီးမှာ ထောက်ပြရေးသားထားပါတယ်ရှင်”

အခုလို ၁၈၄၈ ခုနှစ်ကစလို့ Susan B. Anthony နဲ့ Elizabeth Cady Stanton တို့လို အမျိုးသမီး အကျိုးဆောင်တွေရဲ့ ကျိုးပမ်းမှုကြောင့် ၁၈၉၀ ခုနှစ်မှာ ၀ါယိုးမင်းပြည်နယ်မှာ အမျိုးသမီးများ မဲပေးပိုင်ခွင့် ပထမဆုံး ရရှိခဲ့သလို ၁၉၁၈ ခုနှစ်မှာလည်း နောက်ထပ် ၁၄ ပြည်နယ်မှာ ရရှိခဲ့ပြီး သြဂုတ်လ ၂၆ ရက် ၁၉၂၀ ခုနှစ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် ၁၉ အရ အမေရိကန် တနိုင်လုံးအတိုင်းအတာနဲ့ အမျိုးသမီးများ မဲပေးပိုင်ခွင့် ရရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနေ့ကို Women Equality Day အမျိုးသမီးများ တန်းတူအခွင့်အရေးနေ့အဖြစ် အမေရိကန်ပြည်ထောင်စုမှာ သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ်ပွဲတွေ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးများ အခွင့်အရေးလှုပ်ရှားမှု သန္ဓေတည်ခဲ့တာ နယူးယောက်ခ် ပြည်နယ် Seneca Falls ဖြစ်ပြီး အဲ့ဒီမှာ တန်းတူအခွင့်အရေး ကြေညာစာတမ်းကြီးကို စီနေကာဖောစ် ကြေညာစာတမ်းကြီးရယ်လို့ အမေရိကန်သမိုင်းမှာ ၁၈၄၈ ခုနှစ်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကြေညာချက်ပါ တချို့ အချက်အလက်တွေကို တင်ပြလိုပါတယ်။

ဒီအမှန်တရားတွေဟာ လက်တွေ့ကျပါတယ်။ အမျိုးသား အမျိုးသမီးအားလုံးဟာ လူသားတွေဖြစ်ကြ ပါတယ်။ ဘုရားသခင်က ဖန်တီးပေးခဲ့တဲ့ မွေးရာပါ အခွင့်အရေးတွေ ရှိကြပါတယ်။ အဲ့ဒီအခွင့်အရေး တွေအနက် အသက်ရှင်နေထိုင်ခွင့် လွတ်လပ်စွာ နေထိုင်ခွင့်နဲ့ စိတ်ချမ်းသာမှုကို ရှာဖွေပိုင်ခွင့်တို့ ဖြစ်ကြပါတယ်လို့ Seneca Falls ကြေညာစာတမ်းကြီးကနေ ကောက်နှုတ်တင်ပြထားတာဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်က Seneca Falls ညီလာခံမှာ အမျိုးသား ၄၀ အပါအ၀င် လူ ၂၄၀ လောက် တက်ရောက် ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေး ကြေညာစာတမ်းကြီးပါ အချက်တွေကို အတော်လေး မှီငြမ်းပြုစုထားကာ အမျိုးသားရော၊ အမျိုးသမီးပါ လူသားတွေ တန်းတူဖြစ်ကြတယ်ဆိုတာ အလေးအနက်ပြု ရေးသားထားတာဖြစ်ပါတယ်။

၁၈ နဲ့ ၁၉ ရာစုက အမျိုးသမီးတွေ မဲပေးပိုင်ခွင့်မရှိတဲ့အခြေအနေမှာ အမျိုးသားတွေရဲ့ ကြီးစိုးမှုကို ထိထိမိမိ စကားအသုံးအနှုန်းနဲ့ ကြေညာစာတမ်းကြီးမှာ ဝေဖန်ထားပါတယ်။

အမျိုးသားတွေ ချမှတ်တဲ့ ဥပဒေတွေကို အမျိုးသမီးတွေက အကောင်းအဆိုး ပြောပိုင်ခွင့် မရှိကြဘဲ လက်ခံလိုက်နာကြရတယ်။ အမျိုးသမီးတွေရဲ့ ပြောရေးဆိုခွင့်တွေ၊ မြေယာပိုင်ဆိုင်ခွင့်တွေ၊ လစာ ဘယ်လောက် ခံစားပိုင်ခွင့်ရှိတယ်ဆိုတာကို အမျိုးသားတွေက ဆုံးဖြတ်ကြတာဖြစ်တယ်လို့ ထောက်ပြ ထားပါတယ်။ ဒါ့အပြင် အသက်မွေးဝမ်းကျောင်းနဲ့ နိုင်ငံရေးမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့ အခြေအနေ အကြောင်းကို အမြတ်အစွန်း ကြီးမားမယ့် အလားအလာရှိတဲ့ အလုပ်အကိုင်တွေ အားလုံးနီးပါးကို အမျိုးသားတွေက လက်ဝါးကြီး အုပ်ထားကြပါတယ်။ အမျိုးသမီးတွေ လုပ်ကိုင်ခွင့်ရှိတဲ့ ကျန်လုပ်ငန်း တွေကျတော့လည်း ရတဲ့လစာက မဆိုသလောက် ရှိတာကို တွေ့ရတယ်လို့ Seneca Falls ကြေညာ စာတမ်းကြီးမှာ ထောက်ပြထားပါတယ်။

ဒါကြောင့်မို့လည်း နိုင်ငံ လူဦးရေရဲ့ တ၀က်ရှိတဲ့ အမျိုးသမီးတရပ်လုံးက မကျေနပ်ကြဘူးလို့လည်း ကြေညာစာတမ်းကြီးမှာ ထောက်ပြထာါးပတယ်။

အခုလို မတရားတဲ့ ဥပဒေတွေ၊ ဘာသာရေးနဲ့ လူမှုရေး ဖိနှိပ်ခံဘ၀ကို မကျေနပ်ကြတဲ့ နိုင်ငံ့ရဲ့ လူဦးရေ တ၀က်ရှိတဲ့ အမျိုးသမီးတွေအနေနဲ့ မွေးရာပါ အခွင့်အရေး ငြင်းပယ်ခံကြရတယ်လို့ ယူဆကြ တဲ့အတွက် အမေရိကန်နိုင်ငံသားတွေအားလုံး ရပိုင်ခွင့်တွေ ခံစားခွင့်တွေကို ချက်ချင်းပေးကြဖို့ တောင်းဆိုတဲ့အကြောင်း စသဖြင့်တို့ Seneca Falls ကြေညာစာတမ်းကြီးမှာ ဖော်ပြထားပါတယ်။

အခုလို လွန်ခဲ့တဲ့ ရာစုနှစ်တွေက အမေရိကန်အမျိုးသမီးကြီးတွေ ကျိုးပမ်းမှုကြောင့် အခုဆို အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသဖြင့်ကဏ္ဍတွေမှာ အမျိုးသမီးတွေ တန်းတူရပိုင်ခွင့်တွေ ရရှိကြပြီး ဥပဒေအရလည်း ကာကွယ်စောင့်ရှောက်ပေးထားတာတွေ ရှိပေမဲ့ တန်းတူအခွင့်အရေး ရရှိဖို့တော့ ဆက်လက်ကျိုးပမ်းသွားကြမှာဖြစ်တယ်လို့ အမျိုးသမီး အကျိုးဆောင် တွေက ပြောကြပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

XS
SM
MD
LG