သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ AIDS နေ့ နှင့် ရောဂါ ပျောက်ကင်းအောင် ကုသနိုင်မယ့် အလးအလာ


World Aids Day
World Aids Day

ကမ္ဘာ့ AIDS နေ့ နှင့် ရောဂါ ပျောက်ကင်းအောင် ကုသနိုင်မယ့် အလးအလာ

{{Zawgyi/Unicode}}

HIV ကူးစက်နေသူတွေနဲ့ AIDS နဲ့ ဆက်နွယ်တဲ့ ရောဂါတွေကြောင့် သေဆုံးသူတွေကို ထောက်ပံ့ အားပေးတဲ့အနေနဲ့ နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ AIDS နေ့အဖြစ် သတ်မှတ် ကျင်းပကြပါတယ်။ HIV ကို ကုသနိုင်ရေးအတွက် ကာလရှည်ကြာ ကြိုးစားနေကြပေမယ့် အခုချိန်ထိ ကုနိုင်တဲ့ဆေး ရှာမတွေ့သေးပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Laurel Bowman သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကမ္ဘာတဝန်း HIV ရောဂါပိုးကူးစက်နေသူ ၃၈ သန်းလောက် ရှိပါတယ်။ ဒီရောဂါပိုးကို စတင် စမ်းသပ်တွေ့ရှိတဲ့ ၁၉၈၄ ခုနှစ်ကစလို့ HIV ဒါမှမဟုတ် AIDS နဲ့ ဆက်နွယ်နဲ့ရောဂါတွေနဲ့ သေဆုံးခဲ့သူ ၃၆ သန်းအထိ ရှိလာခဲ့ပါပြီ။

နှစ်စဉ် ဒီဇင်ဘာ ၁ ရက်နေ့တိုင်းမှာ ကမ္ဘာ့ AIDS နေ့အဖြစ် သတ်မှတ်ပြီး သမိုင်းမှာ သေဆုံးမှုအများဆုံး ဒီ ကပ်ရောဂါကြီးကို တိုက်ဖျက်နိုင်ရေးအတွက် ဆင်ခြင် သုံးသပ်ကြလေ့ ရှိပါတယ်။

ဒေါက်တာ Chloe Orkin ဟာ လန်ဒန်မြို့၊ Queen Mary တက္ကသိုလ်က ပါမောက္ခတဦးဖြစ်ပြီး HIV ရောဂါအကြောင်း ကာလရှည်ကြာ လေ့လာနေသူတဦးဖြစ်ပါတယ်။

“လက်ရှိ ကမ္ဘာကြီးရဲ့ အခြေအနေက ရှိသူနဲ့ မရှိသူဆိုပြီး ကွဲပြားနေတာပါ။ ဒီရောဂါကို အခမဲ့ ကုသခွင့် မရဘူး၊ နည်းပညာကလည်း အရမ်း ဟောင်းနွမ်းနေသေးတယ်၊ ဘေးထွက်ဆိုးကျိုးတွေကလည်းများမယ်ဆိုတဲ့ နေရာတွေကလူတွေက အခြေအနေ သိပ်မကောင်းလှဘူး။ ကုသမှုမရရင် HIV ဟာ လူ့အသက်ကို သေစေနိုင်တဲ့ ရောဂါဖြစ်ပါတယ်။”

HIV ကူးစက်ခံထားရပေမယ့် ထိရောက်တဲ့ ကုသမှုရရှိသူတွေဟာ တခြားလူကို ရောဂါပိုး ပြန်မကူးစေနိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ကမ္ဘာတဝန်း HIV ကူးစက်ခံထားသူရဲ့ ၅၀% ကျော်ဟာ အမျိုးသမီးတွေဖြစ်ပြီး အဲဒီအထဲက ၁.၃ သန်းဟာ ကိုယ်ဝန် ရှိလာကြမယ်လို့ ဆိုပါတယ်။ ထိရောက်တဲ့ ကုသမှုကနေ မွေးလာမယ့်ရင်သွေးကို ရောဂါမကူးစက်အောင် တားဆီးနိုင်တယ်လို့ ဆိုပါတယ်။

ဒေါက်တာ Orkin ဟာ ကမ္ဘာလုံးဆိုင်ရာ HIV ရောဂါပိုးကို ရေရှည် ထိန်းထားနိုင်တဲ့ဆေးပေါ်လာရေး ဦးဆောင် ကြိုးပမ်းခဲ့သူတဦးဖြစ်ပြီး ၂ လ တကြိမ်ထိုးရတဲ့ဆေးတွေ ပေါ်နေပြီလို့ သူက ပြောပါတယ်။

“ကျမနေတဲ့နေရာမှာဆိုရင် HIV ကူးနေသူတဦးအနေနဲ့ တနှစ်ကို ၆ ကြိမ် ကုသရတာမျိုး ရှိနေပြီဖြစ်တာမို့ တနှစ်မှာ ၃၆၅ ရက် ကုသရတာနဲ့ အများကြီး ကွာခြားပါတယ်။ ဒါကြောင့် ဒါဟာ ထူးခြားပြောင်းလဲလာတဲ့ ကုသမှုမျိုး ဖြစ်ပါတယ်။”

အမေရိကန်က သုတေသီတွေကတော့ HIV ရောဂါသည်တွေအနေနဲ့ ဆေးသောက်စရာမလိုဘဲ ရောဂါပိုးကို ကိုယ်ခံအားသက်သက်နဲ့ ခုခံနိုင်တဲ့သူတွေကို လေ့လာပြီး ကုသနိုင်မယ့်နည်းလမ်းကို ရှိနေကြပါတယ်။

ဘော်စတွန်မြို့က ဒေါက်တာ Bruce Walker ဟာ HIV ဝေဒနာရှင်တွေကို နှစ်ပေါင်း ၄၀ လောက် လေ့လာနေတဲ့ သိပ္ပံပညာရှင် ဆရာဝန်တဦး ဖြစ်ပါတယ်။

“တချို့လူနာတွေက HIV ကို သူတို့ကိုယ်ခံအားနဲ့တင် တားဆီးထားနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် အဲဒီလို ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ဘက်ကို ဦးတည်ပြီး ကျနော်တို့ သုတေသနလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။”

Loreen Willenberg ဟာ အဲဒီလိုဖြစ်နေတဲ့ ဝေဒနာရှင်တဦးပါ။ ၁၉၉၂ ခုနှစ်မှာ သူမမှာ HIV ဖြစ်နေကြောင်း စမ်းသပ် တွေ့ရှိခဲ့ပေမယ့် ရောဂါလက္ခဏာ မပြခဲ့ပါဘူး။

“ရောဂါဖြစ်နေတဲ့ ၂၉ နှစ်တာကာလတလျှောက်လုံး ကျမ ဆေးလုံး၀ သောက်စရာ မလိုခဲ့ပါဘူး။ အဲဒီအတွက် ကျမ ဝမ်းသာရပါတယ်။”

ဒေါက်တာ Walker နဲ့ Lagon သုတေသနဌာနက သူတွေကတော့ တနေ့မှာ HIV ရောဂါကို ပျောက်ကင်းနိုင်အောင် ကုနိုင်တဲ့ ဆေးတွေ့လာမယ်လို့ မျှော်လင့်နေကြပါတယ်။

“ကျနော်တို့ မျှော်လင့်တာကတော့ HIV ကူးနေသူတွေအနေနဲ့ တချို့ ရောဂါသည်တွေမှာ တွေ့ရသလိုမျိုး သူတို့မှာဖြစ်နေတဲ့ ရောဂါပြင်းထန်မှု အင်မတန် လျော့နည်းပြီး တခြားလူတွေကို ကူးစက်နိုင်လောက်တဲ့ပမာဏကို မရှိတော့တဲ့အဆင့် ရောက်လာအောင် ဝေဒနာသည်တွေရဲ့ ကိုယ်ခံအားကို ထိန်းကျောင်း ပြုပြင်ပေးဖို့ ဖြစ်ပါတယ်။”

ဒါပေမယ့် ဒီလို ကမ္ဘာ့ AIDS နေ့ကျင်းပတဲ့အချိန်မှာ HIV ရောဂါဟာ ပျောက်ကွယ်မသွားသေးဘူးဆိုတာကို သတိပေးနေသလို ဖြစ်နေပါတယ်။ အများစုက ကိုဗစ်-၁၉ ကို အာရုံစိုက်နေကြတာကြောင့် HIV စစ်ဆေးမှုတွေ လျော့ကျလာပြီး စမ်းသပ်မှုတွေလည်း ရပ်တန့်ကုန်တာကြောင့် HIV အရေး ကျွမ်းကျင်သူတွေနဲ့ ဝေနာရှင်တွေအကြား စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

..............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}
















XS
SM
MD
LG