သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဒေသဖွံ့ဖြိုးရေး ကမ္ဘာ့ဘဏ် အကူအညီ ဝေဖန်ဆန့်ကျင်ခံရ


ကရင်ပြည်နယ်မှာ မြန်မာတပ်မတော်ရဲ့ လမ်းဖောက်လုပ်မှုကို ကန့်ကွက်ဆန္ဒပြနေတဲ့ ကရင်ပြည်သူများ။ (ဓာတ်ပုံ - Karen Peace Support Network, အောက်တိုဘာ ၃၀၊ ၂၀၁၉)
ကရင်ပြည်နယ်မှာ မြန်မာတပ်မတော်ရဲ့ လမ်းဖောက်လုပ်မှုကို ကန့်ကွက်ဆန္ဒပြနေတဲ့ ကရင်ပြည်သူများ။ (ဓာတ်ပုံ - Karen Peace Support Network, အောက်တိုဘာ ၃၀၊ ၂၀၁၉)

(Zawgyi / Unicode)

ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ ကမ္ဘာ့ဘဏ်ရဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ဖွံ့ဖြိုးရေး စီမံကိန်းတွေဟာ လက်ရှိ နိုင်ငံရေးပြေလည်မှု မရှိသေးတဲ့ အခြေအနေကြောင့် ဒေသခံတိုင်းရင်းသားတွေကို တန်းတူအကျိုးခံစားခွင့် ရှိစေမှာ မဟုတ်တဲ့အတွက် ကန့်ကွက်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်အဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေ အထူးလိုအပ်နေချိန် ဒေသခံပြည်သူတွေက ဒီစီမံကိန်းတွေကို ဘာကြောင့် မယုံကြည်မှုနဲ့ စိုးရိမ်မှုတွေ ရှိနေသလဲ၊ ပညာရှင်တွေဘက်က ဘယ်လို ထောက်ပြမှုတွေ ရှိနေလဲ။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ အမြောက်အမြား လိုအပ်နေပေမယ့် ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ မှန်ကန်သင့်လျော်တဲ့အချိန် မရောက်သေးဘူးလို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်အဖွဲ့ရဲ့ မနေ့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ကရင်ပြည်နယ်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရသေးတဲ့အချိန်၊ မြန်မာစစ်တပ်အပေါ် ဒေသခံ ကရင်တွေက ကြောက်လန့်နေဆဲဖြစ်တဲ့ အခြေအနေမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေအပေါ် ပြည်သူတွေက ယုံကြည်မှုမရှိဘူးလို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် ပြောခွင့်ရ စလုံးဖန်းက ဗွီအိုအေကို ပြောပါတယ်။

“အခုလက်ရှိ ကရင်ပြည်နယ်မှာ စစ်တပ်တွေ အများကြီးရှိတာပေါ့နော်။ အဲဒါကြောင့် လူထုတွေက တအားကြောက်ရတယ်။ အဓိက ကရင်လူထုတွေ အရေးကြီးဆုံးက ဘာလိုချင်လဲဆိုတော့ စစ်တပ်တွေကို မြန်မြန်ပြန်ရုပ်သိမ်းဖို့ပေါ့နော်။ စစ်တပ်ကို ပြန်ရုပ်သိမ်းပြီးတော့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့ပေါ့။ ကရင်လူထုတွေက အဲဒီလို ဖြစ်စေချင်တာပေါ့နော်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့၊ နောက်ပြီးတော့ နိုင်ငံရေးတည်ငြိမ်မှုရှိမှ ဘတ်ဂျက်တွေ Development တွေလုပ်ဖို့ သူတို့က လိုချင်တာပေါ့။”

ကမ္ဘာ့ဘဏ်ရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး လူထုစီမံကိန်း PPCP ကို နေပြည်တော်က ဗဟိုအစိုးရနဲ့ပဲ ညှိနှိုင်းသဘောတူခဲ့တာဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပဲ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ဒေသခံပြည်နယ်တွေဘက်က အခုလို ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပါဝင်ဆုံးဖြတ်ခွင့် မရခဲ့ကြောင်းလည်း အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ရာ ဒေသတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ စီမံကိန်းတွေဟာ မြန်မာအစိုးရနဲ့ပဲ တဖက်သက်ရေးဆွဲ ထိန်းချုပ်တဲ့ပုံစံမျိုး ပြောင်းလဲသင့်တယ်လို့ စလုံးဖန်းက ဆိုပါတယ်။

“Development လုပ်ချင်လို့ရှိရင် အဓိကတော့ ဒေသခံလူတွေနဲ့ Consultation လုပ်ဖို့လည်း လိုတယ်။ နောက်ပြီးတော့ တဖက်သတ် Central အစိုးရနဲ့ လုပ်ဖို့တော့ မကောင်းဘူးပေါ့။ အားလုံးကို တိုင်ပင်ဖို့လိုတယ်။ နောက်ပြီးတော့ နိုင်ငံရေးတည်ငြိမ်မှုရှိမှ လုပ်စေချင်တာပေါ့။ ကျနော်တို့နိုင်ငံက နိုင်ငံရေးတည်ငြိမ်မှု မရှိသေးတဲ့အတွက်ကြောင့် မလုပ်သင့်ဘူးလို့ ကျနော်တော့ထင်တယ်။”

ကမ္ဘာ့ဘဏ်ရဲ့ PPCP စီမံကိန်းမှာ သုံးမယ့် ဒေါ်လာ သန်း ၂၀၀ ကျော်ဟာ မြန်မာအစိုးရက ကမ္ဘာ့ဘဏ်ကို ပြန်ပြီး ပေးဆပ်ရမယ့် ချေးငွေဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အကူအညီပေးနေတဲ့ ကမ္ဘာ့ဘဏ်အနေနဲ့ စီမံကိန်းချမှတ်မယ်ဆိုရင် အဘက်ဘက်က ထည့်သွင်းစဉ်းစားလေ့ရှိပေမယ့် အခု မြန်မာနိုင်ငံကိစ္စမှာ အခြေအနေတမျိုး ဖြစ်နေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့စီးပွားရေးပညာရှင် ဦးကံထွန်းက သုံးသပ်ပါတယ်။

“ကျနော့်အတွေ့အကြုံအရတော့ ကမ္ဘာ့ဘဏ်က အထပ်ထပ်အခါခါ စဉ်းစားပြီးမှ လုပ်တာပါ။ အခု ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံက ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ နှစ်ပိုင်းရှိတာပေါ့လေ။ ရှိတဲ့အခါမှာ ကျနော်သိရသလောက်တော့ ဗဟိုအစိုးရနဲ့ပဲ ညှိနှိုင်းတဲ့သဘော ရှိတယ်။ အဲဒါကတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။ ကမ္ဘာ့ဘဏ်က လုပ်တယ်ဆိုရင်လည်း ပြန်စဉ်းစားဖို့သင့်တယ်လို့ ကျနော်မြင်ပါတယ်။”

ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေဟာ နိုင်ငံအတွက် လိုအပ်ပေမယ့် စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အဓိက ဒေသခံတွေ ပူးပေါင်းပါဝင်မှသာ ထိရောက်အကျိုးရှိမှာ ဖြစ်တယ်လို့ ဦးကံထွန်းက ပြောပါတယ်။

“ကမ္ဘာ့ဘဏ်က ဝင်လာတယ်ဆိုတာကတော့ ကောင်းတာပေါ့လေ။ ရိုးရိုးချေးငွေထက်စာရင် ကမ္ဘာ့ဘဏ်ကတော့၊ ကျနော်တို့လုပ်တုန်းကလည်း ဦးစားပေးက ကမ္ဘာ့ဘဏ်နဲ့ပါပဲ။ စီးပွားရေးတိုးတက်မှု အတွက်ကတော့ အထောက်အကူ ဖြစ်မယ်။ အတိုးနှုန်းကလည်း အင်မတန်မှနည်းတယ်၊ မပြောပလောက်ဘူးလေ။ သို့သော် တဖက်မှာပြန်ကြည့်ရင် နိုင်ငံရဲ့ အခြေအနေပေါ့လေ၊ တိုင်းပြည်အခြေအနေက ရခိုင်တို့ ကရင်တို့ မွန်တို့မှာလည်း မတည်မငြိမ်ဖြစ်နေတာ တပိုင်း၊ နောက်တခုက လူထုရဲ့ ဆန့်ကျင်ဘက်တွေ ရှိနေတယ်ဆိုရင်တော့ ကျနော်ကတော့ လောလောဆယ် မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ နောက်တခုက ပွင့်လင်းမြင်သာမှုက သိပ်အရေးကြီးပါတယ်။ ဘာမဆို လူထုတွေနဲ့ချပြ၊ လူထုရဲ့ ပါဝင်ကူညီမှုက၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြည်နယ်မှာ လုပ်ရမှာဆိုတော့ လူထုက အားတက်သရော ယုံယုံကြည်ကြည်နဲ့ ပါဝင်ကူညီမှသာလျှင် ဒီစီမံကိန်းတွေက အောင်မြင်မှုရမယ်လို့ ကျနော် မြင်ပါတယ်။”

အလားတူ ကမ္ဘာ့ဘဏ်ကနေ ၂၀၁၉ ခုနှစ် မေလက စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွက် ဒေါ်လာ သန်း ၁၀၀ ဖွံ့ဖြိုးရေး အထောက်အကူပေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အဓိက ပဋိပက္ခဖြစ်စေတဲ့ လူ့အခွင့်အရေးပြဿနာ၊ တန်းတူညီမျှရေးနဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု စတာတွေကို ဖြေရှင်းပေးခြင်းမရှိဘဲ အဓိပ္ပာယ်ပြည့်ဝတဲ့ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက မေးခွန်းထုတ် ကန့်ကွက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာ အကောင်အထည်ဖော်တဲ့ ကမ္ဘာ့ဘဏ်စီမံကိန်းရဲ့ ရည်ရွယ်ချက်ဟာ ဒေသတွင်း အခြေခံအဆောက်အအုံတွေနဲ့ ဝန်ဆောင်မှုတွေမှာ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု နိမ့်ပါးခဲ့တာကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ဈေးကွက်အသားပေး လုပ်ငန်းတွေကို ကူညီထောက်ပံ့ဖို့ ဖြစ်တယ်လို့ စီမံကိန်းနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ် နေပြည်တော်မှာ ကမ္ဘာ့ဘဏ်နဲ့ မြန်မာအစိုးရတို့ ပူးတွဲပြုလုပ်တဲ့ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဆိုတဲ့ ဆွေးနွေးပွဲမှာ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ အစပျိုး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

-------------------------------

(Unicode)

















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG