သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံစီးပွားရေး အလားအလာနဲ့ စိန်ခေါ်ချက် ကမ္ဘာ့ဘဏ် ထုတ်ပြန်


ကမ္ဘာတဝန်း စီးပွားရေး အခြေအနေတွေ မရေမရာ ဖြစ်နေပေမဲ့ မြန်မာနိုင်ငံကတော့ ရှေ့လာမယ့် နှစ်တွေမှာ အလားအလာတွေ ကောင်းနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်သစ်က ဖော်ပြလိုက်ပါတယ်။ ဒါပေမဲ့လည်း အခြေခံအဆောက်အအုံ လုပ်ငန်းတွေမှာ တိုးတက်ဖို့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့ လိုအပ်နေဆဲ ဖြစ်ကြောင်းလည်း လုပ်ငန်းရှင်တွေက သတိပေးနေကြတာပါ။ အပြည့်အစုံကိုတော့ ကမ္ဘာ့ဘဏ်က ဒီကနေ့ သုံးသပ်ချက် ထုတ်ပြန်တဲ့ ရန်ကုန်မြို့က အခမ်းအနားကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲ မတည်မငြိမ် အခြေအနေတွေ ကြုံခဲ့ရပေမဲ့ ဒီနှစ်မှာတော့ အရှိန်ပြန်ရလာနေပြီလို့ ကမ္ဘာ့ဘဏ်က ပြောဆိုလိုက်တာပါ။ ဒါပေမဲ့လည်း ကမ္ဘာ့စီးပွားရေးမှာ အားနည်းနေတာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ၊ လောင်စာဆီဈေး အတက်အကျနဲ့ ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး အထူးအခွင့်အရေး ရုတ်သိမ်းနိုင်တာတွေလို ပြင်ပက ရိုက်ခတ်မှုတွေ ကြုံရနိုင်တဲ့ အန္တရာယ်တွေကိုလည်း ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံက ရည်မှန်းထားတဲ့ ရေရှည်ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးမှုတွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် အစိုးရရော၊ ပုဂ္ဂလိကပါ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ် Gevorg Sargsyan က ပြောဆိုခဲ့တာပါ။

ကမ္ဘာ့ဘဏ် အစီရင်ခံစာ ထုတ်ပြန်တဲ့ အခန်းအနားမှာပဲ လုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတွေကလည်း မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုတွေကို သတိပေးခဲ့ကြတာပါ။ Yoma Strategic Holdings ရဲ့ အမှုဆောင်အရာရှိချုပ် Melvyan Pun ကတော့ လျှပ်စစ်ဓာတ်အားလို စီးပွားရေး လုပ်ငန်းတွေအတွက် အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အရေးကြီးတယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့လုပ်မယ့် လုပ်ငန်းရှင်တွေက အခြေခံအဆောက်အအုံတွေ အထူးသဖြင့်ပေါ့ လျှပ်စစ်နဲ့ လမ်းတွေ ကောင်းကောင်းရဖို့ မျှော်လင့်တာပေါ့။ စီမံကိန်းကြီးကြီးတွေဆိုရင် အစိုးရနဲ့ ဆက်နွယ်နေတော့ အစိုးရခွင့်ပြုချက်လိုတယ် လုပ်ငန်းကြီးတွေအတွက်ပေါ့။ လုပ်ငန်းသေးတွေပြီးတော့ လူတော်တော်များများ ကလျှပ်စစ်အတွက် စိုးရိမ်ကြတယ်။ ဒါကလျှပ်စစ်အတွက် ကုန်ကျစရိတ်ထက် လျှပ်စစ်ပုံမှန် ရဖို့အတွက်ပါ လာလိုက်ပျက်လိုက်။ ပြီးတော့ စက်ရုံက စက်တွေ နှိုးလိုက်၊ ရပ်လိုက်နဲ့ မီးစက်တွေ ဝယ်ရတယ်။ ဒါတွေက ကုန်ကျစရိတ်ကြီးတာပါ။”

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ၆.၅ ရာခိုင်နှုန်း ရှိမယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေး၊ အထည်ချုပ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဒီနှစ်ထဲ ပြန်အားကောင်း လာမယ်လို့လည်း မျှော်လင့်ထားတာပါ။ ဒီအခြေအနေတွေကို ထိန်းထားနိုင်ဖို့ကတော့ ပြုပြင် ပြောင်းလဲရေးတွေ ဆက်လုပ်သွားဖို့ လိုတယ်လို့လည်း ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ပါဝင်ဆွေးနွေးသူ တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

“အခုပြန်တက်တော့လည်း ၆.၅ ရာခိုင်နှုန်းပဲဆိုတော့ နည်းသေးတယ်ပေါ့ သူ့ရဲ့ (World Bank ရဲ့) ခေါင်းစဉ်က Building Reform Momentum ပေ့ါ ကျမတို့ တိုင်းပြည်မှာ စီးပွားရေး အဆောက်အအုံအရ ပြုပြင်ပြောင်းလဲစရာတွေ အများကြီး ရှိသေးတယ်။ အဲဒါကို အရှိန်အဟုန် ရအောင် လုပ်ရမယ်လို့ ဒါ World Bank က ကျမတို့ကို သတိပေးလိုက်တာပေါ့နော်။”

စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ထိန်းထားနိုင်ဖို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကိုလည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ထောက်ပြထားသလို၊ ပညာရေး၊ ကျန်းမာရေးနဲ့ လျှပ်စစ်ဓာတ်အား ဖူလုံရေး လိုအပ်ချက်တွေကိုလည်း ဖော်ထြားပါတယ်။ ဒီလိုအပ်ချက်တွေအတွက် ကမ္ဘာ့ဘဏ်က နည်းပညာနဲ့ ငွေကြေးအကူအညီတွေ ပေးအပ်သွားမှာ ဖြစ်ကြောင်းလည်း ကတိပြု ပြောဆိုခဲ့ပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG