သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ဂျာမနီ အကောင်းဆုံးအရှုံးသမား အခြေဆိုက်


တောင်ကိုရီးယားအသင်း ဂျာမနီကို အနိုင်ဂိုးသွင်းအပြီး...
တောင်ကိုရီးယားအသင်း ဂျာမနီကို အနိုင်ဂိုးသွင်းအပြီး...

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ရုရှားနိုင်ငံမှာ ဆက်လက်ကျင်းပနေရာမှာ ဗုဒ္ဓဟူးညပွဲစဉ်တွေမှာတော့ အုပ်စု F က မက္ကဆီကိုနဲ့ ဆွီဒင်ပွဲမှာ ဆွီဒင်က (၃ ဂိုး - ဂိုးမရှိနဲ့) မက္ကဆီကို အသင်းကို အနိုင်ရသွားပါတယ်။ အုပ်စု F ကပဲ ဂျာမနီနဲ့ တောင်ကိုရီးယားတို့ ပွဲမှာတော့ အများက မမျှော်လင့်ထားပဲ တောင်ကိုရီးယားက ဂျာမနီကို (၂ ဂိုး- ဂိုးမရှိ)နဲ့ အနိုင်ရလိုက်တာကြောင့် အုပ်စု F မှာ မက္ကဆီက အုပ်စု(ပထမ)နဲ့ ဆွီဒင်က အုပ်စု(ဒုတိယ)ဖြစ်ပြီး ၁၆ သင်း ပတ်လည်ပွဲကို တက်သွားပါတယ်။ ဂျာမနီ ရှုံးခဲ့ရတာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာနေတဲ့ မြန်မာ့ဘောလုံး လက်ရွေးစင်ဟောင်း ဦးရင်ထွေးကို VOA ကိုကျော်အောင်လွင် က ဆက်သွယ်မေးမြန်းထားပါတယ်။

VOA ကိုကျော်အောင်လွင်။ ။ မနေ့တုန်းက ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားပွဲ ၄ ပွဲမှာအဓိက ကျွန်တော်တို့ဆွေးနွေးချင်တာကတော့ ဂျာမဏီနဲ့တောင်ကိုရီးယားအသင်းပေါ့။ တောင်ကိုရီးယားက နိုင်ရင်လည်းထွက်မယ်၊ ရှုံးရင်လည်းထွက်မယ် ဆိုတဲ့အခြေအနေကနေပြီးတော့ နိုင်တယ်။ ထွက်သွားတယ်။ သူတင်မဟုတ်ဘူး၊ ဂျာမဏီကိုပါ ဆွဲခေါ်သွားတဲ့ သဘောရှိတယ်။ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမဏီ -တောင်ကိုရီးယားကို ရှုံးသွားတဲ့ ကိစ္စ ကိုယဉ်ထွေး ဒီပွဲအပေါ် ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဦးရင်ထွေး။ ။ ကျွန်တော် အကြိုက်ဆုံးအသင်းက ဂျာမဏီအသင်းပေါ့နော်။ ကစားကွက်ကော၊ ကစားသမားတွေရဲ့ ကစားပုံ ကစားနည်းကော၊ ဒေါသဖြစ်တာ၊ စိတ်လိုက်မာန်ပါကစားတာ မဟုတ်ဘူး။ ကစားကွက် တိတိကျကျ ကစားတာ။ ဒါပေမဲ့လည်း တောင်ကိုရီးယားက ကျွန်တော်တို့အာရှပေါ့ဗျာ။ နိုင်သွားတယ်ဆိုတော့ ဂုဏ်ယူရမယ့် အသင်းထဲမှာ ပါတာပေါ့။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ထွက်သွားပေမဲ့လည်း ဘောလုံးကို ဘောလုံးအတိုင်း ကောင်းကောင်းမွန်မွန် ကစားသွားတယ်။ ရှုံးမှာမို့လို့ဖြစ်သလို ကစားသွားတာမရှိပဲနဲ့ အနိုင်မခံ အရှုံးမပေးနဲ့ ကစားသွားတယ်။ ကစားတဲ့ပွဲ ကြည့်ရင်လည်း ဂျာမဏီက တဘက်သတ်ကြီး ဖိထားပေမယ့်လည်း ကိုရီးယားက ခံစစ်နဲ့ကစားတယ်။ ရတဲ့အချိန်မှာ counter attack လုပ်ပြီး ကစားသွားတဲ့အတွက် ကျွန်တော်တို့ injury time မှာ ၂ ဂိုးပြန်သွင်းခံလိုက်ရပြီးတော့ ကိုရီးယားက ဂျာမဏီကိုပြိုင်ပွဲက ဆွဲထုတ်သွားခဲ့တယ် ပေါ့ဗျာ။ အကောင်းဆုံး အရှုံးသမားလို့ပဲ ပြောရမယ်။

VOA မေး။ ။ ဂျာမဏီအသင်း လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံအသင်းတခုကနေ အခုလိုခပ်စောစော အရှုံးနဲ့ထွက်သွားရတာ အဓိက ဘာကြောင့်လို့ထင်ပါသလဲ ခင်ဗျာ။

ဦးရင်ထွေး။ ။ အဓိက ကတော့ အခုကျွန်တော် ကြည့်ခဲ့တဲ့ တောက်လျှောက်ပေါ့နော်၊ သူတို့က ရရင် ရသလောက် အခွင့်အရေးကို အသုံးချပေမယ့် ပိုင်မှနိုင်မှ သေချာပေါက်ဖြစ်မှ ဂိုးသွင်းချင်တဲ့ စိတ်ဓါတ်မျိုးလေးတွေ တွေ့ရတယ်ဗျ။ ဒါပေမဲ့ သူတို့ ကစားတာ ကစားကွက်ကလည်း အထက်စီးက ကစားတယ်၊ ရာခိုင်နှုန်းအနေနဲ့ ကြည့်ရင် ကိုရီးယားက ၃၀ လောက်ပဲရှိမယ်။ ဂျာမဏီက ၇၀ ရာခိုင်နှုန်းလောက်ကို ဖိထားတယ်။ ဒါပေမဲ့လည်း ကစားပုံ ကစားနည်းကြည့်ရတာ သူကသေချာမှ ဂိုးသွင်းချင်တယ်။ တခုကောင်းတာက တောင်ကိုရီးယားကလည်း နောက်တန်းက သေချာခံ ကစားတယ်။ ဂိုးသမားတွေက တော်တော်ကာကွယ်သွားတယ်။ ကျွန်တော်တွက်ထားတာ ဂျာမဏီက ကိုရီးယားကို ဂိုးပြတ်နဲ့နိုင်မယ်တွက်ထားပေမဲ့ ခုက ပြောင်းပြန်ဖြစ်သွားတာပေါ့ဗျာ။

VOA မေး။ ။ ဒီပွဲကတော့ မမျှော်လင့်ပဲနဲ့ ...

ဦးရင်ထွေး။ ။ မမျှော်လင့်ဘူး။ အားလုံး ဂျာမဏီနိုင်မယ်လို့တွက်ထားကြတာ။ မထင်မှတ်ပဲ ဖြစ်သွားတော့လည်း ပြောလို့မရဘူးပေါ့ဗျာ။

VOA မေး။ ။ နောက်တပွဲ ဆက်ရအောင်။ ဘရာဇီးနဲ့ ဆားဗီးယားပွဲ၊ အတိုချုပ်လေးပြောပြပါ။ ဘယ်လို ထင်ပါသလဲ။

ဦးရင်ထွေး။ ။ ဘရာဇီးက တောက်လျှောက်ဖိထားတယ်။ ဆားဗီးယားကလည်း ကစားကွက်တွေ ကောင်းပါတယ်။ ဒါပေမဲ့ ကစားကွက်ကောင်းပေမဲ့ အဆင့်မြင့် ဘောလုံးနဲ့ ပြောမယ်ဆိုရင် ဘရာဇီးက ကစားကွက်လေးတွေ ညက်တယ်။ မထင်မှတ်တဲ့ အချိန်ကနေ မထင်မှတ်သလို ဂိုးသွင်းသွားတာပေါ့။ ကျွန်တော် ဆားဗီးယားကိုလည်း မကောင်းဘူးလို့ပြောလို့မရဘူး။ ကောင်းပါတယ်။ World Cup တက်လာတဲ့ အသင်းတိုင်းကောင်းကြတယ်။ ဒါပေမဲ့ ကစားပုံကစားနည်း၊ အသင်းလိုက်ကစားပုံ၊ တယောက်ချင်းကစားပုံ ကွာခြားတဲ့ အနုစိတ်လေးတွေမှာတော့ ဘရာဇီးကပိုသာတယ်။ ဘရာဇီးက ကျွန်တော် ကြည့်နေတဲ့ အချိန်မှာ ၂ ဂိုး၊ ဂိုးမရှိနဲ့နိုင်တာတွေ့ရတယ်ဗျ။

VOA မေး။ ။ နောက်တပွဲပြောကြရအောင် မက္ကဆီကို နဲ့ ဆွီဒင်။ ဒီပွဲမှာ မက္ကဆီကို က ရှုံးတယ် ဆိုပေမယ့်လဲ သူက နောက်တဆင့် တက်မယ့်သဘောရှိပါတယ်။

ဦးရင်ထွေး။ ။ ဒါပေမယ့်လည်း ခုကံကောင်းတယ်လို့ပြောရမှာပါ။ ဂျာမဏီသာနိုင်ရင် Tie ဖြစ်ပြီး မက္ကဆီကို က ပြုတ်မယ့်သဘော ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဆွီဒင်က ၃-၀ နဲ့ ဆိုတော့ သူကသာတယ်။ ဂျာမဏီ ၂ ဂိုးနဲ့ တောင်ကိုးရီးယားကိုသာ နိုင်ခဲ့မယ်ဆိုရင် မက္ကဆီကိုက ထွက်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ဒါပေမယ့် ကံဆိုးတာက ဂျာမဏီက မနိုင်ဘဲနဲ့ ရှုံးသွားတော့ မက္ကဆီကိုက ဒုတိယနဲ့ တက်သွားတာပေါ့လေ။ ဒါပေမယ့် ဒီပွဲကကြည့်ကောင်းမှာပါ။ ဘာကြောင့်လဲဆိုတော့ မက္ကဆီကိုနဲ့ ဘရာဇီးကို ဒုတိယပတ်လည်မှာတွေ့ရမှာပေါ့ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG