(Zawgyi/Unicode)
ပြီးခဲ့တဲ့ ဩဂုတ်လထဲ တကမ္ဘာလုံးအတိုင်းအတာနဲ့ အစားအသောက်ဈေးနှုန်းတွေ မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ကြာသပတေးနေ့က ပြောပါတယ်။ ဩဂုတ်လမတိုင်ခင်က အစားအသောက်ဈေးနှုန်းတွေ နှစ်လဆက်တိုက် ကျဆင်းခဲ့ပြီးတဲ့နောက် အခုလို ပြန်ပြီး မြင့်တက်ခဲ့တာပါ။
ဈေးမြင့်တက်တဲ့ ကုန်ပစ္စည်းတွေထဲ သကြား၊ ဟင်းသီးဟင်းရွက်ဆီနဲ့ သီးနှံတချို့ ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ်အတွက် သီးနှံ ထုတ်လုပ်မှုက တန်ချိန် ၂.၇ ဘီလီယံ ရှိမှာဖြစ်ကြောင်းနဲ့ အရင်ခန့်မှန်းထားတဲ့ တန်ချိန် ၂.၈ ဘီလီယံထက်လျော့နည်းပေမယ့် မနှစ် ၂၀၂၀ ခုနှစ်ကထက် ပိုပြီး ထွက်ရှိမှာဖြစ်တယ်လို့လည်း FAO က ပြောပါတယ်။
FAO ကထုတ်ပြန်တဲ့ ဩဂုတ်လရဲ့ သီးနှံဈေးနှုန်း အညွှန်းကိန်းမှာ ဇူလိုင်လထက် ၃.၄% မြင့်တက်တယ်ဆိုတာ ပြနေပါတယ်။ သီးနှံထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေမှာ ထုတ်လုပ်မှု ကျဆင်းတာကြောင့် ဂျုံဈေးက ပြီးခဲ့တဲ့လကထက် ၈.၈% မြင့်တက်ခဲ့သလို ဘာလီဈေးက ၉% မြင့်တက်ခဲ့ပါတယ်။ တဘက်မှာတော့ ပြောင်းနဲ့ ဆန်ဈေး ကျဆင်းခဲ့တယ်လို့ FAO က ပြောပါတယ်။
အသားဈေးနှုန်းကတော့ တရုတ်နိုင်ငံရဲ့တင်သွင်းမှု မြင့်တက်ခဲ့တာကြောင့် ဈေးနှုန်း အနည်းငယ် တက်ခဲ့သလို ကြက်ဘဲဈေးကလည်း အရှေ့အာရှနဲ့ အရှေ့ လယ်ပိုင်းမှာ ဝယ်လိုအား မြင့်တက်ခဲ့တာကြောင့် ဈေးတက်ခဲ့တယ်လို့ FAO က ပြောပါတယ်။
......................................................................................
(Unicode)