သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပေါ်မှာဒုက္ခသည်အများဆုံးထွက်တဲ့ ၅ နိုင်ငံထဲ မြန်မာပါဝင်


World Refugee Day
World Refugee Day

စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ၂၀၁၇ ခုနှစ်အတွင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ ဒုက္ခသည် ပေါင်းက ၆၈ သန်းခွဲရှိလာတာမို့ ဒါဟာ အများဆုံး စံချိန်တင်သွားခဲ့တယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့ World Refugee Day အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ပြည်တွင်းကနေ ထွက်ခွါပြီး တခြားနိုင်ငံတွေမှာ ထွက်ပြေးခိုလှုံကြတဲ့ ဒုက္ခသည်က စုစုပေါင်း ၂၅.၄ သန်းရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခိုလှုံတဲ့ ရိုဟင်ဂျာဒုက္ခသည်က ၇ သိန်း လောက်ရှိနေပြီး ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူပေါင်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေအတွင်း တသိန်းလောက် ရှိနေတာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတလွှား အိုးအိမ်ရွေ့ပြောင်းမှုဆိုင်ရာ UNHCR ရဲ့ အစီရင်ခံစာ - Global Trends Report on Forced Displacement 2017 ထဲမှာ ဒုက္ခသည်အရေအတွက် မနှစ်က ၆၈ သန်းခွဲနဲ့ အများဆုံးစံချိန်တင်ခဲ့တယ်လို့ ဖေါ်ပြထားတာမို့ ဒါဟာ ၂၀၁၆ ခုနှစ်က ထက် ၃ သန်းကျော် ပိုများလာတာဖြစ်ပါတယ်။ တနှစ်အတွင်း ဒုက္ခသည်အရေအတွက် တိုးလာမှု အများဆုံးဖြစ်လာရတာဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းလောက်အပြင် တောင်ဆူဒန်နဲ့ ကွန်ဂိုနိုင်ငံတွေမှာ တိုက်ပွဲတွေ တိုးလာတာနဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အခြေနေတွေ ဖရိုဖရဲဖြစ်ခဲ့တာကြောင့်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကမ္ဘာတလွှားက ဒုက္ခသည်အားလုံးရဲ့ ၈၅ % ဟာ အများအားဖြင့် ဆင်းရဲတွင်းနက်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖြစ်ပြီး သူတို့ အစိုးရတွေ ကိုယ်တိုင်က ရုန်းကန်နေရတဲ့ အခြေနေမှာ ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ပြောပါတယ်။

"ကမ္ဘာတလွှား ချမ်းသာတဲ့ နိုင်ငံတွေမှာ ဒုက္ခသည်ပြဿနာနဲ့ ရင်ဆိုင်နေရတာဟာ ဒီဆင်းရဲတဲ့ နိုင်ငံတွေကြောင့်ဆိုတဲ့ အယူအဆကို နိုင်ငံအများအပြားက လက်ခံထားကြတာမို့ ဒီလို အမြင်မျိုးဟာ မထားသင့်တဲ့ အမြင်ပါ။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ ဆင်းရဲတဲ့ နိုင်ငံတွေမှာက ဒုက္ခသည်ပြဿနာကို အများဆုံး ဆက်ပြီးကြုံနေရတာပါ။ ဆင်းရဲတဲ့နိုင်ငံက လူတွေကလည်း နောက်ဆင်းရဲတဲ့ နိုင်ငံတွေကို ပြောင်းရွှေ့တာ ဒါမှမဟုတ် သူတို့ နိုင်ငံထဲမှာပဲ ပြောင်းရွှေ့တာတွေရှိနေပြီး ဒါဟာ ပြည်တွင်း အိုးအိမ်ပြောင်းရွှေ့ရတဲ့ အနေထားပါ။"

ဒုက္ခသည်တိုးလာမှုဟာ ၆ နှစ်ဆက်တိုက်ဖြစ်နေသလို မနှစ်က အိုးအိမ်တွေကနေ ပြောင်းရွှေ့ကြရတဲ့ ဒုက္ခသည် ၆၈ သန်းခွဲထဲမှာ ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်းရသူက သန်း ၄၀ လောက် ရှိနေတယ်လို့ UNHCR က ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ ဆယ်နှစ်ကထက် ရာနှုန်း ၅၀ ပိုများနေတာ ဖြစ်ပြီး ကမ္ဘာ့ ဒုက္ခသည်အားလုံးရဲ့ သုံးပုံ ၂ ပုံကျော်ဟာ မြန်မာအပါအဝင် နိုင်ငံ ၅ နိုင်ငံကနေ လာရောက်တာလို့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ အစီရင်ခံစာ တင်သွင်းသူ UNHCR ရဲ့ ဒါရိုက်တာ Ninette Kelley က ပြောပါတယ်။

" ကမ္ဘာတလွှားမှာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် သုံးပုံ ၂ ပုံလောက်ရှိတဲ့ အများဆုံးထွက်ပြေးလာတဲ့ နိုင်ငံက ၅ နိုင်ငံရှိပါတယ်။ အဲဒါတွေကတော့ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်၊ မြန်မာနဲ့ ဆိုမာလီယာ နိုင်ငံတွေ ဖြစ်ပါတယ်။"

၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံတဲ့ ရိုဟင်ဂျာဒုက္ခသည်က ၆၅၅၅၀၀ ရှိနေတယ်လို့ UNHCR ရဲ့ ၂၀၁၇ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အများစုဟာ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ အများစုနေနေကြတာပါ။

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်တဲ့ ဒီဒုက္ခသည်တွေဟာ နိုင်ငံမဲ့ဖြစ်နေသလို ခိုကိုးရာမဲ့ဒုက္ခသည်တွေ ဖြစ်နေတဲ့ အတွက် နိုင်ငံတကာရဲ့ ကာကွယ်စောင့်ရှောက်မှုကို အဓိက လိုအပ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မူကတော့ အပြောင်းအလဲမရှိပဲ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချရဖို့ အဓိကထားတယ်လို့ ကုလသမငဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric ကအင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

" ဒုက္ခသည်တွေ နေရပ်ရင်းကို ကိုယ့်သဘောနဲ့ကိုယ် လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာ ရှိရှိပြန်နိုင်ဖို့ လိုအပ်ပါတယ်။ အခုလက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ဒီလိုအခြေနေလို့ ကျွန်တော်ကို မယုံကြည်ပါဘူး။ ဒါပေမယ့် တနေ့မှာတော့ ဒုက္ခသည်တွေ သူတို့ နေရပ်ကို သူတို့ ပြန်ချင်တယ် ဆိုရင် သူတို့သဘောပါ။" လို့ပြောသွားတာပါ။

မြန်မာနိုင်ငံကနေ ထွက်ခွါလာတဲ့ ဒုက္ခသည်ဟာ ၂၀၁၇ နှစ် ဒုတိယနှစ်ဝက်လောက်မှာ တဟုန်တိုးများလာတာဖြစ်ပြီး ဒုက္ခသည် အုပ်စုတွေထဲမှာ စတုတ္ထမြောက် အများဆုံးအုပ်စုဖြစ်တယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။ ဒီဒုက္ခသည်တွေထဲက အများစုဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြတာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ မြန်မာ ဒုက္ခသည် တသိန်းလောက် ရှိနေသလို မလေးရှားမှာ ၉၈၀၀၀ နဲ့ အိန္ဒိယမှာ ၁၈၁၀၀ ရှိနေပါတယ်။

မြန်မာနိုင်ငံတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် ၂၀၁၁ ကစပြီး အခုထိ ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်း နေရသူက တသိန်းလောက် ရှိနေတာပါ။ အများစုဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေ ထဲက တောတောင်နေမှာ သောင်တင်နေကြတာ ဖြစ်ပါတယ်။

၂၀၁၇ UNHCR အစီရင်ခံစာထဲမှာ ဆီးရီးယား၊ ကိုလံဘီယာ၊ ဒီမိုကရက်တစ် ကွန်ဂိုနဲ့ အာဖဂန်နစ်စတန်နိုင်ငံတွေကနေ တနေ့တနေ့ ထွက်ပြေးလာတဲ့ နှုန်းဟာ သိပ်ကို များပြီး တနေ့ကို လူပေါင်း ၄ သောင်း ၄ ထောင်လောက် ရှိနေတယ်လို့လည်း ပြောပါတယ်။ အိုးအိမ်စွန့်ခွါထွက်ပြေးသူတွေဟာ အများအားဖြင့် သူတို့နိုင်ငံကနေ ဝေးရာကို ထွက်ပြေးကြတာဖြစ်ပြီး ဒါတာ ၂ စက္ကန့် တိုင်းကို တယောက်နှုန်းဖြစ်နေပါတယ် လို့လည်း ဖေါ်ပြထားပါတယ်။ ဒီထဲမှာ တူရကီဟာ ဒုက္ခသည် ၃ သန်းခွဲရှိတာမို့ ကမ္ဘာတဝှမ်းမှာ ဒုက္ခသည် အများဆုံး လက်ခံထားတဲ့ နိုင်ငံဖြစ်ပြီး အဓိကက ဆီးရီးယားက လာရောက်တာ ဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG