သုံးရလွယ်ကူစေသည့် Link များ

ဒေသတွင်း ဘက်စုံ ရေစီမံခန့်ခွဲရေး စနစ်သစ်နဲ့ မြန်မာနိုင်ငံတွင်းက
ရေအရင်းအမြစ်တွေ ရေရှည် တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ် စောင့်ရှောက်ကြဖို့ အရေး ရေကျွမ်းကျင်ပညာရှင်တွေက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီက ဦးစီးပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ (World Water Day) ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားမှာ အဲ့ဒီလို ပြောဆိုလိုက်တာပါ။ ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ ပတ်သက်လို့ အပြည့်အစုံကို မဆုမွန် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ပထမဆုံးအကြိမ် ကျင်းပတဲ့ ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာတဝှမ်း ကျင်းပနေတဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်အတိုင်း ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင်း ရေစွမ်းအင် ထုတ်လုပ်နိုင်ဖို့ ရေကောင်း ရေသန့် ရရှိရေးနဲ့ ရေအရင်းအမြစ်တွေ ထိန်းသိမ်း စောင့်ရှောက်ရေး အပါအဝင် ဘက်စုံ ရေစီမံခန့်ခွဲခြင်း နည်းစနစ်သစ်ကို ဖော်ဆောင်သွားဖို့ မြန်မာ့ရေ ကျွမ်းကျင်ပညာရှင်တွေက ဆွေးနွေးခဲ့ကြတယ်လို့ ကျွမ်းကျင်ပညာရှင်များအဖွဲ့ အတွင်းရေးမှူးလည်းဖြစ် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဝင် ဒေါက်တာ ဒေါ်ခင်နီနီသိန်း က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကမ္ဘာ့ရေနေ့ဖြစ်တဲ့အတွက် ကမ္ဘာက ထုတ်ထားတဲ့ ဦးတည်ချက်အတိုင်းပဲ လုပ်ရပါတယ်။ နောက်တခုက အဲ့ဒီ ကမ္ဘာက ထုတ်တဲ့ ဦးတည်ချက်ကလည်း အရေးကြီးဆုံး ဦးတည်ချက်ဖြစ်ပါတယ်။ အဲ့ဒါက Water and Energy ပေါ့နော်။ သူက ရေနဲ့စွမ်းအင်ကိစ္စ၊ သူက ရေကိုထုတ်ဖို့ စွမ်းအင်လိုတယ်။ စွမ်းအင်ထုတ်ဖို့ ရေလိုတယ်။ ရေအားလျှပ်စစ်ဆိုတာက ရေကနေ စွမ်းအင်ထုတ်တာ၊ ဒါပေမဲ့ ရေတွင်းတူးတယ်၊ ရေတင်တယ်၊ ရေကို တနေရာကနေ တနေရာကိုပြောင်းတယ်၊ အဲ့ဒါမျိုးဆိုရင်တော့ သူက စွမ်းအင်ရှိမှ ရေရတယ်။ ဆိုတော့ အဲ့ဒီနှစ်ခုက ဆက်သွယ်တယ်၊ ပတ်သက်တယ်ဆိုတဲ့အကြောင်းကို ပြောပြတာရယ်။ နောက်ပြီးတော့မှ မြန်မာနိုင်ငံမှာရှိတဲ့ ရေအရင်းအမြစ်တွေအားလုံး အမြဲ အရှည် အစဉ် ရေရှည်တည်တံ့မှု အဲ့ဒါက ဦးတည်ချက်ပါ။ အဲတော့ တစ်က မြန်မာနိုင်ငံမှာရှိတဲ့ ရေအရင်းအမြစ်တွေ အကုန်လုံး ရေရှည်တည်တံ့ရမယ်။ နောက်ပြီးတော့မှ အဲ့ဒီ ရေအရင်းအမြစ်တွေကို ထုတ်ဖော်သုံးစွဲရတဲ့အခါမှာလည်း အားလုံး ပါဝင်ပြီးတော့ သေသေချာချာနဲ့ မျှမျှတတနဲ့ နောက်ပြီးတော့ စီးပွားရေး တွက်ချေကိုက်ရမယ်။ ပြီးတော့ ပတ်ဝန်းကျင် ထိခိုက်မှု နည်းနိုင်သမျှ နည်းရမယ်။ ပြီးတော့မှ အားလုံး ပါဝင်နိုင်မှု ရှိရမယ်။ အဲ့လိုမျိုး စနစ်တွေနဲ့ သွားမယ်ဆိုပြီးတော့ လုပ်တာဖြစ်ပါတယ်။”

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေညီလာခံကနေ ၁၉၉၃ခုနှစ်ကစလို့ မတ်လ ၂၂နေ့ကို ကမ္ဘာ့ရေနေ့ ( World Water Day) နေ့အဖြစ် စတင်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပလာခဲ့ကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာရေနေ့ကိုဂျပန်နိုင်ငံတိုကျိုမြို့မှာမတ်လ ၂၁ရက်နေ့မှာ ကျင်းပဖို့ရှိပြီးအာရှပစိဖိတ်ဆိုင်ရာကမ္ဘာ့ရေနေ့ကိုတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၄အတွက် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်ကိုပထမဆုံးအကြိမ် အမျိုးသားအဆင့် ရေကျွမ်းကျင်ပညာရှင်တွေကဦးစီးပြီးမတ်လ ၁၉ရက်နေ့မှာ ကြိုတင် ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒေါက်တာဒေါ်ခင်နီနီသိန်းကရှင်းပြပါတယ်။

“ဒီဟာကတော့ဖြင့် မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် အမြင့်ဆုံးပေါ့ APEC Body လို့ခေါ်တာပေါ့ သမီးရယ်၊ အမြင့်ဆုံး အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကနေ ဦးဆောင်ပြီးတော့ ကျန်တဲ့ စောစောကပြောတဲ့ အဖွဲ့ဝင်တွေပါပြီးတော့ တက်ရောက်တဲ့သူတွေကလည်း အရမ်းများ၊ စိတ်ဝင်စားဆိုတော့ ဒီလိုမျိုးဟာကတော့ ဒါ ပထမဆုံးအကြိမ်ပေါ့နော်။ အဲ့ဒီတော့ ဘယ်ကို ခြေလှမ်းတာလဲလို့ မေးလို့ရှိရင်တော့ Integrative Water Resources Management လို့ခေါ်တဲ့ ဘက်စုံ ရေစီမံခန့်ခွဲရေး စနစ်သစ်ကို ခြေလှမ်းတာ။ အဲ့ဒီစနစ်သစ်ကို သမ္မကြီးရဲ့ရုံးကလည်း ထောက်ခံတယ်။ ပြီးတော့ လုပ်ကြပါလို့ အားပေးတယ်။ ညွှန်ကြားတယ်။ IWRM သာ လုပ်မယ်ဆိုရင်ပေါ့လေ ဘက်စုံ ရေစီမံခန့်ခွဲရေးသာ လုပ်မယ်ဆိုရင် ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ လုပ်မယ်ဆိုရင် အားလုံးက ပါဝင်မှာပဲဆိုတဲ့ မျှော်လင့်ချက်ကတော့ ဒီနေ့ ပြည့်တယ်လို့ ပြောရမှာပဲ။”

မြန်မာနိုင်ငံတွင်းက ရေအရင်းအမြစ်တွေ မပျက်စီးရအောင် စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့အတွက် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဖွဲ့စည်းထားပြီး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ပံ့ပိုးပေးဖို့ ကျွမ်းကျင် ပညာရှင်များအဖွဲ့ကိုလည်း ရေကျွမ်းကျင်ပညာရှင် ၃၀ ကျော်နဲ့ ပါဝင်ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ ဒေသတွင်း သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေနဲ့ သယ်ယူပို့ဆောင်ရေး အပါအဝင် ရေစွမ်းအင် ထုတ်လုပ်နိုင်ဖို့အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်နေကြတယ်လို့ ဒေါက်တာ ဒေါ်ခင်နီနီသိန်း က ပြောပါတယ်။

“အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီက မနှစ်က ဇူလိုင်လ ၂၅ ရက်မှာ သမ္မတကြီးရုံးကနေ သမ္မတအမိန့်နဲ့ ထုတ်ထားတဲ့ အဖွဲ့ဝင်တွေပါတဲ့ ကော်မတီပေါ့နော်။ အဲ့ဒီအဖွဲ့ကြီးကို အထောက်အပံ့ပေးဖို့ ဆိုပြီးတော့ ကျွမ်းကျင်သူ ပညာရှင်များအဖွဲ့ဆိုတာ ဖွဲ့တယ်။ အဲတော့ အဲ့ဒီ ကျွမ်းကျင်သူ ပညာရှင်များအဖွဲ့မှာ ရေပညာရှင် ၃၃ ယောက်ပါပါတယ်။”

ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝင်းအတွင်း မြန်မာအင်ဂျင်နီယာအသင်းရုံးချုပ် Functions Hall မှာကျင်းပတဲ့ ကမ္ဘာ့ရေနေ့ အခမ်းအနားကို အစိုးရ တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း INGO/NGO တွေ၊ သဘာဝပတ်ဝန်းကျင် ရေအရင်းအမြစ် ထိန်းသိမ်း စောင့်ရှောက်ရေး အရပ်ဖက် အဖွဲ့အစည်းတွေ၊ ရေပညာရှင်တွေ၊ ရေအရင်းအမြစ်ဆိုင်ရာ လုပ်ငန်းကုမ္ပဏီတွေ၊ မြစ်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ စိတ်ဝင်စားသူ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG