မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံတချို့မှာ တွေ့ရှိထားတဲ့ ကိုဗစ်မျိုးရိုး ဗီဇပြောင်း XBB.1.16 (Arcturus) ရောဂါပိုးကို ပြည်တွင်းက ဓာတ်ခွဲအတည်ပြု လူနာတွေဆီမှာ တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာဦးရေ တစထက်တစ တိုးလာတာကနေ သင်္ကြန်ပြီးနောက်ပိုင်း ၂ပတ်တာ ကာလအတွင်း ၉၃၀ ကျော်အထိ ရှိထားပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ အိုမီခရွန်မျိုးရိုး ဗီဇပြောင်း XBB.1.16 (Arcturus) ရောဂါပိုး ကူးစက်ခံရသူ အတည်ပြုလူနာ ၈ ဦး တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂ ရက်နေ့တုန်းက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအတည်ပြုလူနာတွေထဲက ၇ ဦးဟာ ပြည်တွင်းကူးစက် ခံရသူတွေဖြစ်ပြီး၊ ကျန်တဲ့ ၁ ဦးကတော့ ပြည်ပကနေ ပြန်ရောက်လာသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ်မျိုးရိုး ဗီဇပြောင်း ရောဂါပိုး XBB.1.16 (Arcturus) ကို မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း အိန္ဒိယ၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှိနိုင်ငံတို့မှာလည်း တွေ့ရှိထားပါတယ်။
ပြည်တွင်းမှာ ကပ်ရောဂါ ကူးစက်ခံရသူဦးရေ သင်္ကြန်ပြီးနောက်ပိုင်းကစပြီး တစထက်တစ တိုးလာနေတာပါ။ သင်္ကြန်ကာလပြီး ရက်သတ္တပတ် ၂ ပတ်တာအတွင်း ဓာတ်ခွဲအတည်ပြုနိုင်တဲ့ လူနာဦးရေက ၉၃၀ ကျော်အထိ ရှိခဲ့ပါတယ်။ ပဲခူးတိုင်း၊ ပြည်မြို့က ကုတင် ၅၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတဦးလည်း ကိုဗစ်ကပ်ရောဂါနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆုံးပါးသွားတယ်လို့ ကူညီပို့ဆောင်ပေးခဲ့တဲ့ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။
"သူက ပြည်ကတော့ မဟုတ်ဘူးခင်ဗျ။ မြန်အောင်ဘက်ကနေ ပြည်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်းနဲ့ စစ်ဆေးကြည့်လိုက်တော့ ကိုဗစ်လက္ခဏာလည်းတွေ့တော့ ကိုဗစ်သီးသန့်ခွဲထားတဲ့ အဆောင်ရှိတယ်လေ။ အဲဒီမှာ သီးသန့်ခွဲထားရင်းနဲ့ ဆုံးပါးသွားတာပါ။"
သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ပို့ဆောင်တဲ့နေရာမှာ PPE ဝတ်စုံ၊ နှာခေါင်းစည်း Mask နဲ့ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ တခြားဒေသကနေ ဆေးရုံတက်ဖို့ရောက်လာရင်း အခုလို ကပ်ရောဂါကြောင့် နဂိုရောဂါအခံရှိသူတွေထဲ အသက်ဆုံးသွားသူလည်း ရှိခဲ့ပြီး၊ မြို့ပေါ်မှာ ရောဂါကူးစက်မှု အနေအထားတော့ မတွေ့ရသေးဘူးလို့ ဒေသခံပရဟိတအဖွဲ့က ပြောပါတယ်။
"ဖြစ်တာက မြို့ပေါ်မှာဖြစ်တာ မဟုတ်ဘူး။ နယ်ဘက်ကနေ ဆေးလာကုရင်းနဲ့ လက္ခဏာတွေ့ပြီး ဆုံးပါးသွားတာဆိုတော့ သူ့ရဲ့ အရင်လွန်ခဲ့တဲ့ ၅ လ ဝန်းကျင်လောက်က အဲလိုပဲတယောက် ဆုံးပါးသွားသေးတယ်။ သူလည်း ဆေးလာကုရင်း နဂိုရောဂါအခံရှိတာနဲ့ ဆုံးပါးသွားတာ။ ကျနော်တို့ မြို့ပေါ်အနေနဲ့ကတော့ ကူးစက်မှုအတိုင်းအတာက တွေ့တာမျိုး မရှိသေးပါဘူး။"
ကိုဗစ်မျိုးဗီဇပိုးသစ် Arcturus က အိုမီခရွန်မျိုးကွဲဖြစ်လို့ ကူးစက်မြန်ပြီး၊ ရောဂါလက္ခဏာတွေ အနေနဲ့ ဖျားနာတာ၊ နှာစေး၊ ချောင်းဆိုး၊ ခေါင်းကိုက်တာနဲ့ လည်ချောင်းနာတာတွေ ဖြစ်တတ်ပါတယ်။ ထူးခြားတဲ့ ရောဂါလက္ခဏာက မျက်စိနာတာဖြစ်ပြီး၊ ကပ်ရောဂါကာကွယ်ရေး နည်းလမ်းတွေအတိုင်း အခုဖြစ်ပွားနေတဲ့ ကူးစက်မြန်တဲ့ ကိုဗစ်ပိုးသစ်ကို ထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်။ ကူးစက်မြန်တဲ့ အခြေအနေကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမြန်ဆန်အောင် ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ရန်ကုန်တိုင်းထဲက ပရဟိတအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
"ကျနော်တို့ကတော့ အမြဲတမ်းပြင်ဆင်ထားပါတယ်။ အခုမှတော့ မဟုတ်ပါဘူး၊ ကူညီမှုကလုပ်နေရမှာပဲပေါ့နော်။ ကိုဗစ်က ဖြစ်တာနည်းတာနဲ့ များတာပဲကွာတယ်။ ပြီးခဲ့တဲ့ ကာလအပိုင်းအခြားမှာ ကိုဗစ်က ၁နှစ်လောက် မရှိသလောက် ဖြစ်သွားတာပေါ့။ အခုကလည်း နည်းနည်း ပြန်ဖြစ်လာတဲ့ အနေအထားရှိလာတယ်။ အဲဒီအပေါ် မူတည်ပြီးတော့ အကောင်းဆုံး တုန့်ပြန်မှုကတော့ လုပ်ရမှာပါ။ ကျနော်တို့တွေပဲ လုပ်လို့မပြီးပါဘူး။ ကဏ္ဍစုံက လုပ်ရတာဆိုတော့ ကျနော်တို့အနေနဲ့က ကျနော်တို့နိုင်တဲ့အားကို ပြင်ဆင်ထားပါတယ်ဗျ။"
ကပ်ရောဂါဖြစ်ပွား ကူးစက်တာ၊ ရောဂါလက္ခဏာ ပြင်းထန်တာနဲ့ သေဆုံးနှုန်းကို လျှော့ချနိုင်ဖို့အတွက် ကိုဗစ်ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။ အသက် ၅နှစ်အထက် ရှိသူတိုင်း ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံဖို့နဲ့ တတ်နိုင်သမျှ လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်တာ၊ နှာခေါင်းစည်း Mask တပ်ဖို့ အပါအဝင် လက်ကို ဆပ်ပြာနဲ့ စနစ်တကျဆေးကြောတာ ဒီလို ကပ်ရောဂါကာကွယ်ရေး အခြေခံနည်းလမ်းတွေကို ဆက်ပြီး ကျင့်သုံးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။