သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေနဲ့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်တွေ့ဆုံ


 လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee
လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee ဟာ ဒီနေ့မှာတော့ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး စခန်းတွင်းက အခြေအနေတွေ၊ နေရပ်ပြန်ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းခဲ့ကြောင်း ကိုယ်တိုင်တွေ့ခဲ့ကြတဲ့ ဒုက္ခသည်တချို့က ပြောပါတယ်။ ဒုက္ခသည်တွေကတော့ ရခိုင်ပြည်နယ်မှာ လတ်တလော ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ နေရပ်ပြန်ရေး အစီအစဉ်အပေါ် စိုးရိမ်မှုတွေကို ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြားက Zero Zone ကြားခံနယ်မြေမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံပြီး နောက်တနေ့မှာပဲ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee ဟာ Cox’s Bazar မှာရှိတဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တချို့ကို တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ နေရပ်ပြန်မယ့် အစီအစဉ်အပေါ် ဒုက္ခသည်တွေရဲ့ သဘောထားတွေကို မေးမြန်းခဲ့တာပါ။

ကုတူပလောင်ဒုက္ခသည်စခန်းမှာ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တာဝန်ရှိသူ တဦးလည်းဖြစ်၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျောင်းဆရာ တဦးလည်းဖြစ်တဲ့ ဦးမာမွတ်အာလီကတော့ ဒုက္ခသည်တွေ နေရပ်ပြန်လိုပေမဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ လက်ရှိအစီအစဉ်အပေါ် စိုးရိမ်မှုတွေကို လူ့အခွင့်အရေး ကိုယ်စားလှယ်ထံ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

"ပထမဆုံးတော့ အခုလက်ရှိ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့အခြေအနေကို မေးခဲ့တယ် ၊ ဒုတိယကတော့ ကျနော်တို့ အခြေအနေကို မေးခဲ့တယ်။ တတိယက ပြန်သွားနိုင်မယ့်အခြေအနေကို ဘယ်လိုထင်သလဲဆိုတာ မေးခဲ့တာပေါ့။ ရခိုင်ပြည်နယ်မှာ နယ်စပ်မှာ တိုက်ပွဲတွေ စပြီးဖြစ်နေတယ်ဆိုတော့ အဲဒါ ပြန်သွားမယ့် ကျနော်တို့အစီအစဉ်ကို နှောင်းလိမ့်မယ်လို့ ယူဆပါတယ်ဆိုပြီးတင်ပြခဲ့တယ်။ နောက်တခုကတော့ UNHCR နဲ့ ထိုးထားတဲ့ MOU နဲ့ ကျနော်တို့ကို ပြန်ခေါ်ဖို့ ကြိုးစားနေတယ်ဆိုတာလည်း ကျနော်တို့ အဲဒီအမြင်ကိုလည်း လက်မခံဘူး ကျနော်တို့ လိုလားချက်တွေ ၊ တောင်းဆိုချက်တွေ အားလုံးကလည်း ပါတာမဟုတ်ဘူး အဲဒီတော့ လက်မခံနိုင်ဘူးလို့ပြောထားပြီးသားပဲ အဲဒါကို ကျနော်တို့ ဝိုင်းပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်ဆိုတာ ကျနော်တို့အတွက် မကောင်းဘူး ကျနော်တို့အတွက် စိုးရိမ်ရတယ်ဆိုတာကို သူ့ကို တင်ပြခဲ့ပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ သြဂုတ်လတုန်းက ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက နောက်ဆက်တွဲ ဆိုသလို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင်အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ ကတိပြုထားပြီး၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နားလည်မှု စာချွန်လွှာတွေကိုလည်း သီးခြားစီ လက်မှတ်ရေးထိုးထားပါတယ်။

ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေထဲက ပထမအသုတ်အဖြစ် ၁၅၀ လောက်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာပဲ မြန်မာနိုင်ငံဘက် စတင်ပို့ဆောင်ဖို့ စီစဉ်ခဲ့ပေမဲ့ ဒုက္ခသည်တွေ မပြန်ချင်ကြတဲ့အတွက် အစီအစဉ် အထမမြောက်ပဲ ဖြစ်ခဲ့ရတာပါ။ ဒုက္ခသည်တွေကတော့ လက်ရှိ စခန်းတွင်းမှာ နေထိုင်နေရတဲ့ အခက်အခဲတွေအပြင်၊ နေရပ်ပြန်ရေးအတွက် နိုင်ငံသားအခွင့်အရေး အပါအဝင် အခြေခံရပိုင်ခွင့်တွေ အာမခံချက်ရဖို့ လိုလားကြောင်း တင်ပြခဲ့ကြတယ်လို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဦးအီစလံ က ပြောပါတယ်။

"သူ့ဘက်ကတော့ ကျနော်တို့ရဲ့ ဆွေးနွေးချက် တင်ပြချက်တွေကို ယူပြီးတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြသွားမယ်ဆိုပြီးတော့ ၊ နိုင်ငံတကာ အဖွဲ့အစည်းကိုလည်း တင်ပြသွားမယ်ဆိုပြီးတော့ ကျနော်တို့ကို ပြောတယ်။ ကျနော်တို့ နေရပ်အမြန်ပြန်နိုင်ရေးအတွက် လုပ်ဆောင်သွားမယ်၊ ကြိုးစားသွားမယ်ဆိုပြီးတော့ ပြောဆိုသွားတာရှိပါတယ်ခင်ဗျ။"

မြန်မာအစိုးရကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံ တင်ပြချက်တွေဟာ မျှတမှုမရှိဘူးဆိုပြီး မြန်မာနိုင်ငံ ဝင်ရောက်ခွင့်ပေးဖို့ ငြင်းဆန်ထားပါတယ်။ ဒီအတွက်လည်း အထူးကိုယ်စားလှယ်ဟာ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံ စတဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေကို သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေတာပါ။

ဇန်နဝါရီလ ၁၄ရက်နေ့က စတင်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံ ၁၁ ရက်ကြာ ခရီးစဉ်အဆုံး ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ ဒါကာ မြို့တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။ အခု ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကိုတော့ ကုလ အထူးကိုယ်စားလှယ်က လာမယ့် မတ်လ လူ့အခွင့်အရေး ကောင်စီရဲ့ အကြိမ် ၄၀ မြောက် ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG