သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရေးအစီအစဉ် ယန်ဟီးလီ မေးခွန်းထုတ်


ရိုဟင်ဂျာတွေ အပေါ် မတရား ဖိနှိပ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံ အနေနဲ့ ဆောင်ရွက်ဖို့ ဆန္ဒ မရှိသလို ဆောင်ရွက်နိုင်တဲ့ အနေအထားလည်း မရှိဘူးလို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုလိုက်ပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာ ခုံရုံးတင်ဖို့ တိုက်တွန်းမှုကို ထောက်ခံလိုက်ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ တွက် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ် အပေါ် ဆန့်ကျင်ကျူးလွန်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ မြန်မာ ထိပ်တန်း စစ်ဘက် တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က တောင်းဆိုထားတာပါ။ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုရော ကုလရဲ့ စွပ်စွဲချက်တွေ အားလုံးကိုပါ ငြင်းဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ဟာ တဖက်သတ်ဆန်တယ်လို့ ဆိုပြီး ဒီရာဇဝတ်မှု ဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရေး ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ ကတော့ မြန်မာ အနေနဲ့ ယုံကြည်ရလောက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ နောက် တရားစွဲဆိုမှုတွေကို တာဝန်ရှိတဲ့ အတိုင်း လုပ်ဖို့ ဆန္ဒ မရှိသလို လုပ်နိုင်စွမ်းလည်း မရှိဘူးလို့ ရေးသားထားတဲ့ ကုလကို တင်သွင်းတဲ့ အစီရင်ခံစာကို မနေ့ တနလာၤနေ့က တွစ်တာ လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။

မြန်မာဘက်က တာဝန်ခံဖို့ ပျက်ကွက်တာကြောင့် နိုင်ငံတကာ တရားရုံးတွေဘက်က တရားဥပဒေကြောင်း အရ စီရင်နိုင်ဖို့ တာဝန်ရှိသွားတယ်လို့ ယန်ဟီးလီက ထပ်လောင်း ပြောဆိုသွားပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က အရေးယူဖို့ တာဝန်ရှိတယ်၊ တရားဥပဒေကြောင်း အရ ဆောင်ရွက်ဖို့ နှောင့်နှေးနေမယ်ဆိုရင်တော့ မတရား ဖိနှိပ်မှုတွေ ပိုပြီး များလာတာသာ ရှိမယ်လို့လည်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG