မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ ဆိုးဆိုးဝါးဝါး ကျူးလွန်သူတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ ဒါမှမဟုတ် ယုံကြည် စိတ်ချရတဲ့ ယန္တရားတခုနဲ့ စုံစမ်းစစ်ဆေး အရေးယူပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကိုယ်စားလှယ်က အကြံပြုတာကို ထောက်ခံကြောင်း Human Rights Watch လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးက ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က အပြည့်အစုံကို တင်ပြမှာပါ။
ဇွန်လ ၂၇ ရက်နေ့က ဂျနီဗာမှာကျင်းပတဲ့ ၃၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်ရေး ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖေါက်မှု ဆိုးဆိုးဝါးဝါး ကျူးလွန်သူတွေကို ICC နိုင်ငံတကာ ခုံရုံးတင်ဖို့ ပြောကြားခဲ့တာပါ။
“ နိုင်ငံတကာက လူ့အခွင့်ရေးဥပဒေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ချိုးဖေါက်မှုအတွက် တာဝန်ရှိတယ်လို့ အစွပ်စွဲခံရသူတွေကို ICC နိုင်ငံတကာခုံရုံးက ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ ယန္တရားတခုနဲ့ စုံစမ်း စစ်ဆေးပြီး အရေးယူပေးဖို့ ကျမ ခိုင်ခိုင်မာမာ အကြံပြုပါတယ်။ ”
လက်ရှိ မြန်မာအစိုးရလက်ထက်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်နဲ့ ကော်မတီပေါင်း ၆ ခုဖွဲ့စည်းပြီး စုံစမ်းခဲ့ပေမယ့် ဒါတွေဟာ ထိရောက်မှု မရှိဘူးလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု တွေအတွက် တာဝန်ရှိတဲ့ အစိုးရနဲ့ စစ်တပ် အာဏာပိုင်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက သေသေချာချာ အရေးမယူရင် ဒီချိုးဖေါက်မှုတွေကို ပြည်သူတွေ ဆက်ခံစားနေရဖို့ ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် ကပြောပါတယ်။ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ရိုဟင်ဂျာတွေ ထွက်ပြေး ခိုလှုံခဲ့တာဟာ ဆယ်လကျော်နေပြီဖြစ်ပေမယ့် အခုထိ အခြေနေဘာမှ မထူးသေးဘူးလို့လည်း ပြောပါတယ်။
“ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲမှုတွေ အများအပြားရှိနေသလို ကျူးလွန်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရ သူတွေရဲ့ ပြောကြားချက်တွေ မှတ်တမ်းတွေ ရှိနေတဲ့ကြားကပဲ မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာ လိုက်နာရမယ့် ဥပဒေကို အကြီးအကျယ် ချိုးဖေါက်တာနဲ့ ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေအတွက် တာဝန်ခံ တာဝန်ယူမှု ရှိလာအောင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းဝိုင်းက လုပ်မပေးနိုင်တဲ့ အခြေနေမျိုး နောက်တခါ ကြုံနေရတယ်ဆိုတာကို ကျမတို့ ဝန်ခံရမယ့်သဘော ရောက်နေပါပြီ။ ”
မြန်မာနိုင်ငံတွင်းဖြစ်ပွါးနေတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံ၊ တာဝန်ယူမှုရှိပြီး နိုင်ငံတကာက အသိမှတ်ပြု လက်ခံနိုင်မယ့် ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ ယန္တရားတခု ချမှတ် အကောင်ထည်ဖေါ်သင့်တယ်လို့ အထူးကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။ ဒီယန္တရားထဲမှာ လူ့အခွင့်ရေး အချိုးဖေါက်ခံရသူတွေကို မေးမြန်းစုံစမ်း ဖေါ်ထုတ်ဖို့၊ ဒီဖြစ်စဉ်တွေ ပေါ်ပေါက်ရတဲ့ အကြောင်းရင်းကို ဥပဒေပညာရှင်တွေနဲ့ လေ့လာဖို့အပြင် အချိုးဖေါက်ခံရသူတွေကို အကာကွယ်ပေးနိုင်ဖို့တွေ ပါဝင်ပါတယ်။
ဒီလို လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ ဆိုးဆိုးဝါးဝါး ကျူးလွန်သူတွေကို ICC နိုင်ငံတကာ ခုံရုံးကနေ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်ကို Human Rights Watch (HRW)အဖွဲ့ကြီးကထောက်ခံကြောင်းနဲ့ သူတို့အဖွဲ့ကလည်း ဒါကို အရင်ကတည်းက လုံခြုံရေးကောင်စီကို တောင်းဆိုနေတာလို့ HRW အဖွဲ့ပြောခွင့်ရ Brad Adams ကပြောပါတယ်။
“ နိုင်ငံတကာခုံရုံးကို တင်ဖို့ ကျွန်တော်တို့တောင်းဆိုနေတာလည်း ကြာပါပြီ။ ၂၀၁၇ သြဂုတ်လ နောက်ပိုင်း စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ကျူးလွန်တာတွေတင် မကပါဘူး။ အရင်တုန်းကလည်း စစ်တပ်က လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားရေးလုပ်တာ အတွက်ရော၊ ၂၀၁၂ ခုနှစ် မတိုင်ခင် ကတည်းကနဲ့ ဒီ့အရင်က၊ ကရင်တို့ ကချင်တို့ ရှမ်းတို့မှာ ဖြစ်ခဲ့တာတွေအတွက်ပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့တာပါ။ မြန်မာစစ်တပ်က အခုလို ဆက်ပြီး ကျူးလွန်နေတာဟာ နိုင်ငံတကာ ခုံရုံးကနေ အရေးမယူနိုင်တာကလည်း တကြောင်း ပါပါတယ်။ တကယ်လို့ အရေးယူခဲ့မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတွေက စပြီး စစ်သားတွေအဆုံး တရားမဲ့ သတ်ဖြတ်တာ၊ မုဒိန်းကျင့်တာတွေ ကျူးလွန်ရင် အဖမ်းခံရပြီး The Hague တရားရုံးမှာ တနေ့ကျရင် အမှု ရင်ဆိုင်ရမယ်ဆိုတာ သိစေချင်လို့ပါ။ ”
ကျူးလွန်သူတွေရဲ့ လုပ်ရပ်ကို စုံစမ်းဖေါ်ထုတ် မှတ်တမ်းတင် နိုင်ဖို့ IIIM (International, Impartial and Independent Mechanism) လို့ခေါ်တဲ့ နိုင်ငံတကာ ပါဝင်တဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိမယ့် ယန္တရားတခု ထူထောင်ဖို့ လူ့အခွင့်ရေးကောင်စီကို မစ္စ Yanghee Lee တောင်းဆိုတာကိုလည်း ထောက်ခံကြောင်း Brad Adams ကပြောပါတယ်။
“ IIIM လို့ခေါ်တဲ့ ယန္တရားကို ချမှတ်ပေးဖို့ ကျွန်တော်တို့လည်း တောင်းဆိုနေပါတယ်။ ဒါက အချက်အလက်တွေ စုဆောင်းတာပါ။ ဒါမှ သက်သေခံ အချက်လက်တွေ မပျောက်ပျက်ပဲ ရှိနေမှာပါ။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု အများအပြားအတွက် သက်သေခံ အချက်အလက်တွေ ပျောက်ဆုံးကုန်တာ တွေ့ရပါတယ်။ ဥပမာ မြန်မာစစ်တပ်က ရွာတွေမှာ ကျူးလွန်ခဲ့ပေမယ့် အလောင်းတွေ၊ သက်သေပစ္စည်းတွေ ခြေရာလက်ရာ ဖျောက်ပစ်တာ၊ သက်သေတွေ အသတ်ခံရတာ ပျောက်ဆုံးတာတွေ ရှိနေတာမျိုးပါ။ အမှုနဲ့ ပတ်သက်ပြီး အချိန်ကြာလာတာနဲ့အမျှ မေ့သွားတာတွေကြောင့် အချက်အလက်တွေ စုဆောင်းမှတ်တမ်းတင်နိုင်ဖို့ အရေးကြီးပါတယ်။ ”
အခုလို လူ့အခွင့်ရေးကောင်စီကနေ ယုံကြည်စိတ်ချရတဲ့ ယန္တရားတခု ထူထောင်ပြီး စုံစမ်းစစ်ဆေးမှု လုပ်တာဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကနေ ဒီကိစ္စကို ICC နိုင်ငံတကာခုံရုံး တင်ရေးအတွက် အစားထိုးဖို့ လုပ်ဆောင်တာမဟုတ်ပဲ ဒီယန္တရားကနေ ရလာတဲ့ အချက်အလက်တွေကို ICC တင်ဖို့ အထောက်အကူသာ ဖြစ်စေသင့်တယ်လို့လည်း HRW က ပြောပါတယ်။