သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲ သုံးသပ်ချက်


၂၀၁၈ ဇွန်လ ၂၆ ရက်နေ့ လူ့အခွင့်အရေး ကောင်စီအစည်းအဝေး

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကောင်စီမှာ ဒီကနေ့ဆွေးနွေးမှုတွေအရ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားတွေ တိုးလာနေတာ သိသိသာသာ တွေ့လာနေရတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဖြေရှင်းဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးလိုက်ကြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဒီကနေ့ ဆွေးနွေးရာမှာတော့ ရခိုင်ပြည်နယ်မှာ ကြုံခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂလို နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ အကူအညီနဲ့ ဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့ ဆွေးနွေးတဲ့ နိုင်ငံတော်တော်များများက တိုက်တွန်းခဲ့ကြတာပါ။ လူ့အခွင့်အရေးကောင်စီ ဆွေးနွေးမှုတွေအပေါ် အမြင်တွေကိုတော့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာရဲ့ အကူအညီနဲ့ စုံစမ်းဖော်ထုတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အပြင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဆွေးနွေးကြတဲ့ နိုင်ငံတွေကပါ တိုက်တွန်းခဲ့ကြတာပါ။ ဒေသတွင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေ အပါအ၀င် နိုင်ငံတကာကပါ ဖိအားပေး တိုက်တွန်းနေချိန်မှာ မြန်မာအစိုးရအနေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တုန့်ပြန်ဖို့ အရေးကြီးတဲ့အကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ လေ့လာသူအဖြစ် ကိုယ်တိုင်တက်ရောက်နေတဲ့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက VOA မြန်မာပိုင်းကို ပြောပါတယ်။

"တခုလုံးကို ခြုံပြီးတော့ သုံးသပ်ရင်တော့ မြန်မာနိုင်ငံအပေါ် ဖိအားတော့ တော်တော်များပါတယ်။ အထူးသဖြင့် ရခိုင်မှာ ဖြစ်တဲ့ကိစ္စကို နိုင်ငံတိုင်းဆွေးနွေးတယ်။ ဥပမာ ကျနော်တို့ ထိုင်းတို့လို အင်ဒိုနီးရှားနိုင်ငံမျိုးတွေရဲ့ ဆွေးနွေးချက်ထဲမှာတောင် ပါပါတယ်။ ပထမဦးဆုံးပြောတဲ့ကိစ္စကတော့ သူတို့အပေါ်မှာ ခွဲခြားမှုတွေရပ်တန့်ပေးဖို့၊ လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိသော ဒုက္ခသည်များ ပြန်လည်လုပ်ဆောင်ပေးဖို့ တိုက်တွန်းသွားတဲ့ကိစ္စရယ်၊ နောက်ပြီးတော့ အခြေခံအကြောင်းအရင်းတွေ အဖြေရှာပြီးတော့ လုပ်ဆောင်ပေးဖို့ ဒါတွေ တိုက်တွန်းသွားတာ တော်တော်များများတွေ့ရတယ်။ တချို့ဥရောပနိုင်ငံတွေဆိုရင် ICC အထိသွားဖို့ တောင်းဆိုတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကတော့ ပိုမိုပြီးတော့ နိုင်ငံတကာမှာ တင်ပြချက်တွေ တောင်းဆိုချက်တွေ ပိုပြီးတော့ တွေ့ရမယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်တဲ့အချိန်မှာ မြန်မာနိုင်ငံအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုကို စောင့်ကြည့်နေတာဖြစ်တဲ့အတွက် ဆက်ပြီးတော့ ဘယ်လောက်အထိ တွန်းအားတွေပေးမလဲ ၊ ဖိအားတွေပေးမလဲ ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတာ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေပေါ်မှာ အများကြီးမူတည်နေတာကို ကျနော်တွေ့ရပါတယ်။"

လူ့အခွင့်အရေးကောင်စီမှာ အထူးကိုယ်စားလှယ် Yanghee Lee ရဲ့ တင်ပြချက်မှာတော့ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ရှိခဲ့ပေမဲ့လည်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် ဖော်ထုတ်နိုင်တာ မရှိခဲ့တဲ့အတွက် နိုင်ငံတကာက ယုံကြည်စိတ်ချရမယ့် စုံစမ်းစစ်ဆေးမှုတွေ လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။ နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) က စုံစမ်းဖို့ ကြိုးပမ်းမှုတွေကိုလည်း ထောက်ခံကြောင်း ပြောဆိုခဲ့သလို၊ လူ့အခွင့်အရေး ကောင်စီ အနေနဲ့လည်း လုပ်ငန်းစဉ်တရပ် ချမှတ်ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာအစိုးရက ဖွဲ့စည်းခဲ့ပြီး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့အဖွဲ့ဝင်တဦးဖြစ်သူ ဦးအေးလွင် ကတော့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို သတိထားတုံ့ပြန်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။

"အစိုးရကတော့ လုပ်မယ်လို့ပြောတဲ့ ကိစ္စကတော့ လုပ်မှာပဲနော်။ အပြည်ပြည်ဆိုင်ရာ ကတော့ စိုးရိမ်စိတ်ရှိနေတယ်ဆိုတာကတော့ ကျနော်တို့အနေနဲ့ကတော့ အမြဲတမ်း သတိထားနေဖို့လိုအပ်ပါတယ်လေ။"

မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် လူ့အခွင့်အရေး ကောင်စီမှာ တက်ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ကတော့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Leeရဲ့ တင်ပြချက်တွေဟာ မျှတမှုမရှိသလို၊ လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေရှိနေတာကြောင့်၊ သူ့အစား တခြားသူတယောက်ယောက်ကို အစားထိုး တာဝန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း ကတော့ မြန်မာကိုယ်စားလှယ်ရဲ့ ဒီတောင်းဆိုချက်ဟာ လက်တွေ့မကျဘူးလို့ မြင်ပါတယ်။

"သူတို့ဘက်ကတော့ မစ္စYanghee Leeရဲ့ Report ကို သူတို့သဘောမကျတာ သေချာပါတယ်။နောက်တခါ မစ္စYanghee Leeရဲ့ ပြောကြားချက်တွေမှာ ဒီ ပုဂ္ဂလိကအစွဲတွေပါနေတာတွေ့ရတယ်။ အဲဒီတော့ အားလုံး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လုပ်မယ် အထူးသဖြင့် ကုလသမဂ္ဂ ရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မယ်မစ္စYanghee Lee ဆိုရင် လက်မခံချင်တဲ့သဘော ဒါတွေဖြစ်ပါတယ်။ အမှန်တော့ မစ္စYanghee Leeကလည်း ကုလသမဂ္ဂ ကနေ တာဝန်ပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအရာရှိပဲဖြစ်ပါတယ်။ အားလုံးကို ပူးပေါင်းဆောင်ရွက်မယ် သူကိုတော့ မလုပ်ဘူးဆိုတာက နည်းနည်းလေး ဓမ္မဓိဌာန်မကျပဲနဲ့ ပုဂ္ဂိုလ်စွဲဆန်တဲ့သဘောပေါ့။ ကျန်တဲ့ သူတို့တင်ပြသွားတဲ့ တခြားနိုင်ငံတွေရဲ့ ကိစ္စတွေမှာလည်း မစ္စYanghee Leeရဲ့ Report ကိုထောက်ခံပြီးတော့ ဒီ Report ထဲမှာ ပါတဲ့ ကိစ္စအတိုင်း လက်တွဲပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆက်ပြီးတော့ တိုက်တွန်းသွားတယ်။ အဲဒါကိုတော့ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့က ဘယ်လိုဆက်ပြီးတော့ ဆွေးနွေးမလဲ အဲဒါကတော့ စက်တင်ဘာမှာကျင်းပမယ့် နောက်ထပ် Section တခု မှာ ထပ်ပြီးတော့ စောင့်ကြည့်ရပါမယ်။"

မြန်မာအစိုးရကတော့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေကြောင်းနဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းဖို့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးသွားတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နဲ့ နဲ့ သဘောတူညီချက်တွေ ရရှိထားကြောင်းလည်း ပြောဆိုထားတာပါ။ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ မကြာသေးခင်တုန်းက ခရီးစဉ်မှာလည်း ရခိုင်ပြည်နယ်အပါအ၀င် ပဋိပက္ခဖြစ်ရာ ဒေသတွေကို သွားခွင့်ပြုခဲ့တာ၊ မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ဖို့ လက်ခံခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG