သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် လွှတ်တော်တာဝန်ရှိသူတွေနဲ့ဆွေးနွေး


Ms. Yanghee Lee ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းနဲ့တွေ့ဆုံ(Myanmar union Parliament FB)
Ms. Yanghee Lee ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းနဲ့တွေ့ဆုံ(Myanmar union Parliament FB)

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee ဟာ ဒီကနေ့မှာတော့ လွှတ်တော်တွင်းက အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင်၊ လွှတ်တော်ရဲ့ လုပ်ငန်းတွေကို ဆွေးနွေးကြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူရဲ့ ၁၂ ရက်ကြာ ခရီးစဉ် တစိတ်တပိုင်းအဖြစ် ဒီကနေ့ တွေ့ဆုံခဲ့သူတွေ ထဲမှာတော့ ပြည်တော်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း တို့အပြင် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့လည်း ပါဝင်ကြပါတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ စုံစမ်းစစ်ဆေးဖို့ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ နေပြည်တော်မှာပဲ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းနဲ့တွေ့ဆုံပြီး အခြား လွှတ်တော်အသီးသီး က ရေးရာကော်မတီတွေနဲ့ တွေ့ဆုံ ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက အခုလို ပြောပါတယ်။

“ဒီနေ့ကတော့ အဓိက နေပြည်တော်မှာပဲ လွတ်တော်ထဲမှာပဲပေါ့။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းတို့နဲ့လည်းတွေ့တယ်။ တွေ့ပြီးတော့ တခြားကော်မတီတွေပေါ့နော် အမျိုးသားလွှတ်တော်ရော ၊ ပြည်သူ့လွတ်တော်ရော အဲဒီက ဥပဒေပြုကော်မတီတွေနဲ့ တွေ့တယ်ဆိုတော့ ဒီနေ့အစည်းအဝေး ကတော့အကုန်လုံး လွှတ်တော်ထဲမှာပဲခင်ဗျ။”

ဒီကနေ့ မနက် ၉ နာရီလောက်မှာ နေပြည်တော်၊ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်မှာ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းနဲ့တွေ့ဆုံပြီး လွှတ်တော်တွင်း ကော်မတီတွေရဲ့ လုပ်ငန်းစဉ်တွေ အကြောင်းလည်း ဆွေးနွေးခဲ့တာပါ။

ဦးမန်းဝင်းခိုင်သန်းနဲ့ တွေ့ဆုံတဲ့အခါမှာ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေတွေ ပြင်ဆင်ဖို့ရှိမရှိ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ရှိမရှိ မေးမြန်း ခဲ့တယ်လို့ အမျိုးသားလွှတ်တော်ရုံးက တာဝန်ရှိသူ ဦးရဲမျိုးဝင်းက အခုလို ပြောပါတယ်။

“တချို့ဥပဒေတွေက ခေတ်စနစ်နဲ့ မညီတော့တဲ့ ဥပဒေတွေပြင်ဖို့ရှိသလားဆိုတော့ ဒီဘက်ကလည်း ဥက္ကဋ္ဌကြီးက ပြောသံကြားတာကတော့ ခေတ်စနစ်နဲ့ မညီတဲ့ ကိစ္စမျိုးတွေကို ပြန်လည်ပြုပြင်ပြောင်းလဲနေတာလည်းပဲ လက်ရှိကတော့ ဒီဘက်က လွှတ်တော်တွေမှာတော့ ဆောင်ရွက်တာလည်း ဒီဘက်မှာတော့ ၃ ခုလောက်တော့ ပြီးသွားပြီ။ ကျန်တာတွေကိုလည်းပဲ လိုအပ်တာတွေကိုတော့ ဆောင်ရွက်မယ် ဆိုပြီးတော့ ပြောသံကြားပါတယ်ခင်ဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း ပြင်တာဆင်တာတွေမေးတာပေါ့။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်းပဲ ကျနော်ကြားလိုက် တာကတော့ လောလောဆယ်ဆယ်ကတော့ ဒါလည်း အရင်ကတွေ့လိုက်တဲ့ အနေအထားဆိုတော့ ဒါလည်းအေးချမ်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက် လာတဲ့အနေအထား ဖြစ်တဲ့အချိန်ကျမှလည်း ဒါဟာလည်း ဆောင်ရွက် ရမယ်လို့ ပြောသံကြားပါတယ်။”

အဲ့ဒီနောက်မှာတော့ Ms. Yanghee Lee ဟာ သူရဦးရွှေမန်းဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စများ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မတီ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာအောင် ဆောင်ရွက်နေကြောင်း၊ တိုင်းရင်းသားတွေရဲ့ ထူးခြားတဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားနေရတာကြောင့် လက်တွေ့မှာ အဆင်မပြေမှုတွေ ကြုံတွေ့ရကြောင်း တင်ပြခဲ့တယ်လို့ သူရဦးရွှေမန်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Ms. Yanghee Lee ဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အားလုံးအပြီး ဇူလိုင်လ ၁ ရက်နေ့မှာ သတင်းမီဒီယာတွေနဲ့တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကျင်းပသွားမှာပါ။ ခရီးစဉ်အတွင်း တွေ့ရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စက်တင်ဘာလမှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တင်ပြသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG