သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ


အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen နဲ့ တရုတ်ဝန်ကြီးချုပ် Li Quang တွေ့ဆုံ (ဇူလိုင် ၇ ၊ ၂၀၂၃)
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen နဲ့ တရုတ်ဝန်ကြီးချုပ် Li Quang တွေ့ဆုံ (ဇူလိုင် ၇ ၊ ၂၀၂၃)

တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ဟာ တရုတ်ဝန်ကြီးချုပ် Li Qiang အပါအဝင် တရုတ်ထိပ်တန်းအရာရှိတွေနဲ့ ဒီနေ့ သောကြာနေ့မှာ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး မပြေမလည်ဖြစ်နေချိန် ဒုတိယ‌မြောက် အမေရိကန်အစိုးရရဲ့ အဆင့်မြင့်အရာရှိအနေနဲ့ တရုတ်နိုင်ငံမှာ ဘဏ္ဍာရေးဝန်ကြီးရောက်နေတာပါ။ နှစ်ဘက်ကြား သဘောထားကွဲမှုတွေကို ဆွေးနွေးအဖြေရှာဖို့ အရေးကြီးတယ်လို့ တရုတ်ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ် ဝန်ကြီး Yellen ကပြောကြားခဲ့ပါတယ်။

တရုတ်ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာလည်း အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးတိုးတက်ရင် နှစ်နိုင်ငံစီးပွားရေးအတွက် အထောက်အကူဖြစ်တယ်ဆိုတာကို အလေးထားပြောကြားခဲ့ပါတယ်။ တရုတ်စီးပွားရေးမူဝါဒတွေအပေါ် အမေရိကန်စီးပွားရေးလုပ်ငန်းတွေ စိုးရိမ်နေတာကိုလည်း သူ့ဘက်က ပြောကြားခဲ့တယ်လို့ ပြောပါတယ်။

တရုတ်အစိုးရပိုင် လုပ်ငန်းတွေ၊ ပြည်တွင်းလုပ်ငန်းတွေကို ထောက်ပံ့ကြေးတွေ ပိုတိုးပေးတာလို ဈေးကွက်နဲ့ မပါတ်သက်တဲ့ဘက်ကနေ တဖက်လှည့်လုပ်နေတာတွေ၊ နိုင်ငံခြားလုပ်ငန်းတွေကို ဈေးကွက်ထဲ မဝင်နိုင်အောင် အတားအဆီးတွေ လုပ်နေတာတွေအပေါ် အမေရိကန်စီးပွားရေး အသိုင်းအဝိုင်းဖက်က စိုးရိမ်နေတဲ့ ကိစ္စတွေကို တရုတ်ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ သူထောက်ပြပြောခဲ့တယ်လို့ ဝန်ကြီး Yellen ကပြောကြားခဲ့တာဖြစ်ပါတယ်။

လတ်တလော လတွေအတွင်း အမေရိကန်ကုမ္ပဏီတွေအပေါ် အရေးယူတဲ့လုပ်ရပ်တွေ လုပ်နေတဲ့အပေါ် သူအနေနဲ့အတော်လေးစိုးရိမ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စ၊ ထိုင်ဝမ်းကျွန်းကိစ္စတွေကြောင့် ဆက်ဆံရေး အတော်လေးထိခိုက်နေတာပါ။ ဒါပေမဲ့နှစ်နိုင်ငံကြားမှာ ဆက်ဆံရေးလမ်းကြောင်းတွေ ပြန်လည် ပွင့်လာဖို့အတွက် အမေရိကန်အစိုးရက ကြိုးစားနေပါတယ်။

၅ နှစ်အတွင်း အမေရိကန်ဘက်က အဆင့်အမြင့်ဆုံး အရာရှိခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဇွန်လမှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက် အခု ဘဏ္ဍာရေးဝန်ကြီး Yellen တရုတ်မှာ ရောက်နေတာဖြစ်ပါတယ်။ နှစ်နိုင်ငံကြား တည်ငြိမ်တဲ့ဆက်ဆံရေးအတွက် တရုတ်နဲ့ အမေရိကန် သဘောတူညီခဲ့ပေမဲ့ နှစ်ဘက် စစ်တပ်ကြား ဆက်ဆံရေးတိုးတက်ဖို့ ကိစ္စပိုင်းမှာတော့ သဘောတူညီမှု မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG