သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yemen ဝမ်းရောဂါ လူ နှစ်သိန်း ကူးစက်


ဆော်ဒီအာရေဗျနိုင်ငံက Yemen နိုင်ငံမှာဖြစ်နေတဲ့ ကာလဝမ်းရောဂါကို တိုက်ဖျက်ဖို့အတွက် ကုလသမဂ္ဂကလေးသူငယ်များရံပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ကို အမေရိကန်ဒေါ်လာ ၆၆.၇ သန်း လှူဒါန်းခဲ့ပါတယ်။

Yemen နိုင်ငံမှာ ဝမ်းရောဂါဖြစ်ပွားနေတယ်လို့ သံသယရှိတဲ့သူူအရေအတွက်ဟာ အခုတပတ်အတွင်း ၂ သိန်းကျော်သွားခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Stephen O’Brien က ပြောပါတယ်။

"ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဝမ်းရောဂါဖြစ်ပွားမှုကို ကျနော်တို့ ရင်ဆိုင်နေရပြီး၊ တနေ့ကို ဝမ်းရောဂါ အသစ်ဖြစ်တဲ့ သူအရေအတွက်ဟာ ပျမ်းမျှအားဖြင့် ၅ ထောင်လောက်ရှိတယ်"လို့ UNICEF အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Anthony Lake နဲ့ WHO အကြီးအကဲ Margaret Chan တို့ကလည်း - စနေနေ့က ကြေညာချက်ထုတ်ပြီး ပြောကြားလိုက်ပါတယ်။

Yemenနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ ဆိုးရွားခဲ့ပြီး၊ လူ ၆.၈ သန်းလောက်ဟာ စားနှပ်ရိက္ခာငတ်မွတ်ခေါင်းပါမှုအန္တရာယ်ကျရောက်ဖို့ သီသီလေးပဲလိုတော့ကြောင်း၊ အခုလက်ရှိဖြစ်နေတဲ့ ဝမ်းရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၃၀၀ ရှိတယ်လို့ Stephen O’Brien က ပြောပါတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်နေတဲ့ ဝမ်းရောဂါဟာ ကာကွယ်နိုင်လောက်တဲ့ ဝမ်းရောဂါဖြစ်တယ်လို့လည်း သူကပြောပါတယ်။

Yemen နိုင်ငံမှာ ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေနဲ့ ၂ နှစ်ကျော်ကြာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်းမှာ အခုလို ဝမ်းရောဂါကပ်ဆိုးကြီးဖြစ်လာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG